DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့နေဟု CDM ဆရာဝန်များ ဝေဖန်
DVB
·
July 10, 2021
ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့နေဟု CDM ဆရာဝန်များ ဝေဖန်
Donate to DVB

ကိုဗစ်-၁၉ ကူးစက်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ပိုဆိုးအောင် စစ်ကောင်စီက တွန်းပို့နေတယ်လို့ CDM လှုပ်ရှားမှုကိုထောက်ခံတဲ့ ဆရာဝန်တွေက ဝေဖန်လိုက်ပါတယ်။ 

စစ်ကောင်စီထုတ်ပြန်တဲ့ ကိုဗစ်ပိုးစစ်ဆေးမှုနဲ့ တွေ့ရှိတဲ့နှုန်း ပမာဏအရ မြန်မာနိုင်ငံမှာ လူငါးယောက်မှာ တစ်ယောက်နှုန်းကူးစက်ခံရတဲ့အထိ ကူးစက်နှုန်းမြင့်တက်နေတယ်လို့ CDM လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆရာဝန်တစ်ယောက်က  သုံးသပ်ပါတယ်။ 

ရောဂါကူးစက်မှု မြင့်တက်နေပေမယ့် စစ်ကောင်စီက တာဝန်ယူဖြေရှင်းမှု မရှိတဲ့အခြေအနေဟာလည်း NLD အစိုးရလက်ထက်က ပေးခဲ့တဲ့ ဝန်ဆောင်မှုတွေနဲ့ နှိုင်းယှဉ်ရင် အများပြည်သူ မြင်သာတဲ့ကိစ္စ ဖြစ်တယ်လို့လည်းဆိုပါတယ်။ 

ဆရာဝန်တွေက ဆေးမကုချင်တာ မဟုတ်ဘဲ စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ချင်တာဖြစ်တဲ့အတွက် စစ်ကောင်စီ ဆင်းပေးတာနဲ့  ကိုဗစ်အတွက် ဆေးကုသပေးဖို့ ဆရာဝန်အားလုံးက အသင့်ရှိတယ်လို့လည်း ဒေါက်တာစိမ့်စမ်းဖြူ (စာရေးဆရာ၊ ဆရာဝန်) က ပြောပါတယ်။

“ပရဟိတဆေးခန်းတွေ ဖွင့်တယ်လေ။ အဲဒါကို စစ်ကောင်စီက အစောင့်တွေလာချတယ်။ ဆရာဝန်တွေကို ပစ်တယ်၊ ဖမ်းတယ်။ ဆရာဝန်တွေကို အပြင်မှာလည်း ဆေးကုလို့မရအောင် အနေအထားမျိုး လုပ်နေတယ်။ CDM ဝင်ထားတဲ့ ဆရာဝန်တွေက အပြင်မှာ ပေါ်ပေါ်ထင်ထင် ကုပေးပါမယ်ဆိုတာမျိုးလည်း လုပ်လို့မရဘူးလေ။ ဖမ်းတာတွေ ဆက်တိုက်လုပ်နေတော့ ဆေးကုပေးနေတဲ့ ဆရာဝန်တွေ နည်းသထက်နည်းသွားအောင် စစ်ကောင်စီက တွန်းပို့နေသလိုပဲ။”

ကိုဗစ်အရေးကူညီနေတဲ့ ပရဟိတအဖွဲ့တွေကတော့ မြေပြင်မှာ ပိုးကူးစက်နှုန်း အရမ်းမြင့်နေပြီး ပိုးတွေ့လူနာတွေအတွက် အောက်စီဂျင်အိုးတွေ အလုံအလောက်မရတာဟာ အဓိကပြဿနာဖြစ်နေတယ်လို့ ဆိုကြပါတယ်။ 

အောက်ဆီဂျင်မရသလို ဆေးရုံမှာ ထားစရာနေရာမရှိတဲ့အတွက် ပိုးတွေ့လူနာတွေကို  အိမ်မှာပဲ ထားနေရတယ်လို့ ရန်ကုန်၊ စမ်းချောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမိမိခိုင်က ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေအပေါ် ထေက်ပံ့မှုအားနည်းတာကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။

“ပိုးတွေ့လူနာတွေကို စင်တာတွေ ဒါမှမဟုတ် အောက်စီဂျင်နှုန်းထားကျလာရင် ဆေးရုံကို ပို့ပေးရမှာလေ။ ဒါပေမဲ့ ခုတင်နေရာမရှိတဲ့အတွက် အိမ်မှာပဲ ကိုယ့်အောက်ဆီဂျင်ကိုယ်ရှူပြီးတော့ ထားနေရတဲ့ လူနာတွေလည်း ရှိနေတယ်။ အောက်ဆီဂျင်နှုန်းထားကျနေတဲ့သူတွေ ဆေးရုံတက်ဖို့အတွက်က တော်တော်အဆင်မပြေဘူး။ အိမ်မှာပဲနေပြီးတော့ အောက်ဆီဂျင်ကို အဆင်ပြေသလိုရှာကြံပြီးတော့ ရှူနေရတဲ့ အနေအထားဖြစ်နေတယ်။ ကျမတို့ စမ်းချောင်းကပဲ လူနာတစ်ယောက် အောက်ဆီဂျင်နှုန်းထားကျလို့ ရန်ကုန်ဆေးရုံကြီးရှေ့မှာ ဆုံးသွားတယ်။ ဆေးရုံတွေမှာ Concern ဖြစ်နေတာ။  အဲ့လိုမျိုး ဝန်ဆောင်မှုတွေကတော့ ကျမတို့လို ဒေသန္တရတွေထက် ဆေးရုံတွေက ပိုပြောနိုင်မယ်ထင်တယ်။”

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ ဇူလိုင် ၉ ရက်နေ့ တစ်ရက်တည်းမှာ ပိုးတွေ့လူနာ ၄၃၀၀ ကျော်ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း ၁၈၄,၀၀၀ ကျော်ရှိလာပါတယ်။ ဇူလိုင် ၉ရက်နေ့ တစ်ရက်တည်း လူနာ ၆၄ ယောက် ထပ်မံသေဆုံးခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၃,၆၈၅ ယောက်အထိ ရှိလာပါတယ်။ မြေပြင်အခြေအနေတွေအရ သေဆုံးနှုန်းဟာ စစ်ကောင်စီထုတ်ပြန်တာထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က ခန့်မှန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013