DVB Logo
Home
မြန်မာသတင်း
ဦးဝင်းထိန်ကို စွဲချက်တင်မတင် ဇူလိုင် ၁၆ရက်နေ့ အမိန့်ချမည်
DVB
·
July 9, 2021
ဦးဝင်းထိန်ကို စွဲချက်တင်မတင် ဇူလိုင် ၁၆ရက်နေ့ အမိန့်ချမည်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်) သဘာပတိအဖွဲ့ဝင်   ဦးဝင်းထိန်အမှုရုံးချိန်းကို ဇူလိုင် ၉ ရက် ဒီကနေ့  နေပြည်တော်မှာ ခေါ်ယူခဲ့ပြီး စွဲချက်တင်သင့်မသင့် နှစ်ဖက်လျှောက်လဲချက် တင်ခဲ့ကြပါတယ်။

ဦးဝင်းထိန်အမှုကို စွဲချက်တင်မတင်ကိုတော့ ဇူလိုင် ၁၆ ရက်နေ့ အမိန့်ချမယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဦးဝင်းထိန်ကို စွဲချက်မတင်သင့်ကြောင်း ရှေ့နေဒေါ်မင်းမင်းစိုးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အပါအဝင် စီရင်ထုံး အချက်အလက် ၄ ခုနဲ့ လျှောက်လဲချက်တင်ခဲ့ပါတယ်။

"ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အရ  နိုင်ငံတော်သမ္မတအမိန့်အရဖြစ်စေ နိုင်ငံတော်သမ္မတထံမှ အခွင့်အမိန့်အရဖြစ်စေ နိုင်ငံတော်သမ္မတက အာဏာအပ်နှင်းထားတဲ့အရာရှိကဖြစ်စေ တိုင်တန်းချက်မပြုဘဲနဲ့ မည်သည့်တရားရုံးကမျှ အရေးမယူရလို့ ဖော်ပြထားတာဖြစ်တဲ့အတွက် စစ်ကောင်စီတိုင်တန်းချက် အမိန့်စာတိုင်တန်းချက်မှာ လက်မှတ်ရေးထိုးထားတဲ့ပုဂ္ဂိုလ်ဟာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ နဲ့ ကိုက်ညီမှုမရှိတာထင်ရှားကြောင်း ကျမတို့က လျှောက်လဲချက်တင်ထားပါတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်ကို စေတနာနဲ့ဝေဖန်ဖို့ နိုင်ငံရေးသမား၊ သတင်းစာဆရာနဲ့ စာရေးဆရာတွေက ဝေဖန်ဖို့လိုတယ်ဆိုတာကို ကျမတို့က စီရင်ထုံးတွေကိုးကားပြီး လျှောက်လဲချက်တင်ထားပါတယ်။ အခုအမှုမှာ တရားစွဲဆိုခံရသူဟာ NLD ရဲ့နာယကဖြစ်တဲ့အတွက်ကြောင့် သတင်းစာရှင်းလင်းပွဲမှာပြောကြားချက်တွေဟာ စေတနာနဲ့ဝေဖန်ခွင့်ရှိတဲ့ နိုင်ငံရေးသမားရဲ့ဝေဖန်ချက်ဖြစ်တဲ့အတွက်ကြောင့် စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ချမှတ်ပေးဖို့ လျှောက်လဲချက်တင်ခဲ့ပါတယ်" လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

တရားရုံး ဥပဒေအရာရှိကတော့ ဦးဝင်းထိန်ကို စွဲချက်တင်သင့်တယ်လို့ လျှောက်လဲချက်တင်ခဲ့ပါတယ်။

ဦးဝင်းထိန်အမှုနဲ့ပတ်သက်ပြီး တရားလိုတင်သွင်းတဲ့သက်သေတွေကိုလည်း ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးကလက်ခံခဲ့တဲ့ အတွက် ဝေဖန်တာတွေရှိခဲ့ပါတယ်။

"ဥပဒေအရာရှိကတော့ တရားလို၊ လိုပြသက်သေနဲ့ သက်သေခံစာရွက်စာတမ်းတွေအရ စွပ်စွဲခံရသူဟာ အစိုးရကိုမုန်းထားအောင် မလေးစားအောင် မေတ္တာပျက်အောင် အားထုတ်ခြင်း ပြောဆိုခြင်းတို့နဲ့ ငြိစွန်းနေတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) အရ စွဲချက်တင်ဖြေရှင်းစေသင့်ကြောင်းဆိုပြီးတော့ လျှောက်လဲချက်ပေးပါတယ်" လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

ဦးဝင်းထိန်ကို နေပြည်တော် ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက် နေ့က တရားစွဲဆိုခဲ့တာပါ။

တရားလိုရဲ့စွပ်စွဲချက်မှာတော့ ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်အောင်ပြောဆိုပြီး သူ့ရဲ့ပြည်သူတွေဆီကိုပေးတဲ့ ပန်ကြားစာအရ တရားစွဲတာလို့ ဖော်ပြပါတယ်။

ဦးဝင်းထိန်ကို စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013