DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်၏ဇနီး အပါအဝင် ၂၂ ဦး ကို အမေရိကန်က ဒဏ်ခတ်အရေးယူ
DVB
·
July 3, 2021
အကြမ်းဖက်စစ်ခေါင်းဆောင်၏ဇနီး အပါအဝင် ၂၂ ဦး ကို အမေရိကန်က ဒဏ်ခတ်အရေးယူ
Donate to DVB

မြန်မာစစ်တပ် အာဏာသိမ်းမှုကိုတုံ့ပြန်တဲ့အနေနဲ့  စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ ၊  အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေနဲ့ စီးပွားရေးလုပ်ငန်း  ၄ ခုကို အမေရိကန်ပြည်ထောင်စုက ဇူလိုင် ၂ ရက်မှာ ထပ်မံ ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က “စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ နောက်ထပ် အရေးယူဆောင်ရွက်တာတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်းနဲ့ သူတို့ နောက်ပြန်လှည့်ပြီး ဒီမိုကရေစီကို ပြန်ဖော်ဆောင်ပေးတဲ့အထိ ဖိအားဆက်ပေးသွားမယ်ဆိုတာ ဒီနေ့အရေးယူမှုက ခပ်ရှင်းရှင်းပြလိုက်တာပဲ” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေအပေါ် သေစေနိုင်တဲ့ အင်အားသုံးစွဲခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ အဓိက တာဝန်ရှိပုဂ္ဂိုလ် နောက်ထပ် ၇ ဦးကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားပါတယ်။

ပစ်မှတ်ထား အရေးယူခံရသူတွေထဲမှာ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်၊  ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင်၊ အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပစီးပွားဆက်ဆံရေးဝန်ကြီး ဦးအောင်နိုင်ဦး၊ စစ်ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးဗညားအောင်မိုးနဲ့ ဒေါ်အေးနုစိန်တို့ ၇ ဦး ပါဝင်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ် ကြူကြူလှ၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ဇနီး ဒေါ်သန်းသန်းနွယ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးရဲ့ ဇနီး ဒေါ်သက်သက်အောင်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းရဲ့ဇနီး ဒေါ်သန်းသန်းအေး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ ဇနီး ဒေါ်အောင်မာမြင့်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ ဇနီး ဒေါ် ခိုင်ပပချစ်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အရွယ်ရောက်ပြီး သားသမီးတွေဖြစ်တဲ့ မိုးထက်ထက်ထွန်း၊ ခိုင်မိုးမြင့်၊ ရတနာမိုးမြင့်၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ဇနီး ဒေါ်နီလာ၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့သမီး သက်သင်ဇာရဲ၊ အောင်လင်းဒွေးရဲ့ ဇနီး ဒေါ်ဥမ္မာမြင့်၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ သားသမီးတွေဖြစ်တဲ့ ရွှေရဲဖြူအောင်၊ လှိုင်ဘွားအောင် နဲ့ ဖြိုးအာကာအောင်တို့   စုစုပေါင်း ၁၅ ဦးလည်း ပါဝင်ပါတယ်။

အမေရိကန်က ခုတကြိမ် ကုန်သွယ်ရေးကန့်သတ်ပိတ်ဆို့မှုတွေလုပ်လိုက်တဲ့  စီးပွားရေးလုပ်ငန်းတွေထဲမှာ  မြန်မာနိုင်ငံမှာ  ကြေးနီတူးဖော်တာနဲ့ ဂြိုဟ်တု၀န်ဆောင်မှုလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံ လုပ်နေတဲ့ တရုတ် ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။

အဲဒါတွေကတော့ ဝမ်ပေါင် သတ္တုတူးဖော်ရေးလီမိတက်နဲ့ သူ့လက်အောက်ခံ ၂ ခု ဖြစ်တဲ့ Myanmar Wanbao Mining Copper, Ltd. နဲ့ Myanmar Yang Tse Copper, Ltd., တို့အပြင် King Royal Technologies Co. , Ltd. တို့ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကြေးနီသတ္တုတူးဖော်ရေးနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီသုံးခုဟာ စစ်တပ်က အာဏာသိမ်းမှုမှာ အဓိက တာ၀န်ရှိတဲ့ ကာကွယ်ရေး၀န်ကြီးဌာနအတွက် ဘဏ္ဍာရေးထောက်ပံ့ပေးတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့  အကျိုးအမြတ် ဝင်ငွေခွဲဝေ  သဘောတူညီချက်တွေရှိထားတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

စစ်တပ်အတွက် ဂြိုဟ်တုဆက်သွယ်ရေး၀န်ဆောင်မှုတွေကို အထောက်အပံ့ပေးတဲ့ King Royal Technologies ဆက်သွယ်ရေးကုမ္ပဏီကိုလည်း ပိတ်ဆို့ဒဏ်ခတ် စာရင်းထဲထည့်သွင်းထား ပါတယ်။

ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနရဲ့ ကုန်သွယ်ရေးနာမည်ပျက်စာရင်းထဲမှာ ရှိတဲ့ ကုမ္ပဏီတွေဆီ အမေရိကန်ပြည်ထောင်စုကနေ တင်ပို့မှုကိုလည်း တားမြစ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013