DVB Logo
Home
မြန်မာသတင်း
ကျေးသီးတွင် ရှမ်းလက်နက်ကိုင်၂ ဖွဲ့တိုက်ပွဲဖြစ်၊ ရွာသား ၇၀၀ ခန့်ထွက်ပြေး
DVB
·
July 1, 2021
ကျေးသီးတွင် ရှမ်းလက်နက်ကိုင်၂ ဖွဲ့တိုက်ပွဲဖြစ်၊ ရွာသား ၇၀၀ ခန့်ထွက်ပြေး
1 / 5
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ SSPP/SSA တို့ကြား ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းက ပစ်ခတ်မှုတွေရှိခဲ့ပြီး တစ်ပတ်ကြာရပ်နားနေရာက  ဇွန်လ ၃၀ ရက်မှာ တိုက်ပွဲပြန်ဖြစ်လို့ ရွာသားပေါင်း ၇၀၀ လောက် ကျေးသီးမြို့ပေါ်ကို ထပ်မံထွက်ပြေးလာခဲ့ကြပါတယ်။

 မိုင်းနောင်နဲ့ကျေးသီးမြို့နယ်ကြားရှိ လွိုင်ဟွန်းတောင်ခြေတကြောမှာ တိုက်ပွဲ ပြန်ဖြစ်နေ  နေတာလို့ ဒေသခံ ရွာသားတစ်ယောက်က ပြောပါတယ်။ 

“မနေ့မနက်စောစောကတည်းက လွိုင်ယေးတောင်ဘက်ကနေ ပစ်ခတ်သံကြားရတယ်။ SSPP ဘက်က အင်အားများတော့ RCSS ဘက်က ဆုတ်သွားတယ်၊ ဒါပေမဲ့ နေ့ခင်းဘက်ရော၊ ညနေ ၆ နာရီလောက်မှာရော သေနတ်သံတွေထပ်ကြားရတယ်၊ ဝမ်အစ်ရွာဘက်မှာတော့ လက်နက်ကျည်တွေက ဘုန်းကြီးကျောင်းဝင်းထဲကိုလည်းကျတယ်၊ ရွာထဲလည်းကျတယ်။ ကျနော်တို့က စစ်ဘေးရှောင်နေတာ အရင်ပတ်ကတိုက်ပွဲငြိမ်သွားလို့ အခြေအနေကောင်းတုန်း လယ်ယာလုပ်ငန်း ပြန်စမလို့ဟာ မနေ့က အဲလိုဖြစ်တော့ ပြန်ပြေးရတာပေါ့။ ဆွန်မွမ်းနဲ့ ဝမ့်မော့ရွာဘက်မှာ SSPP ဘက်က အများကြီးရောက်လာတယ်၊ လေးငါးရာလောက်ရှိမယ်ထင်တယ်၊ ရှမ်းစစ်သားချည်း မဟုတ်ဘူး “ဝ” လိုပြောတာရော ဗမာလိုပြောနေတာရောကြားတယ်။ သူတို့ကရွာသားတွေကို ဘာမှမလုပ်ပါဘူး။ ဒါပေမဲ့ ကြောက်တော့ထွက်ပြေးကြတာပေါ့။”

လတ်တလောရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ SSPP/SSA ရော RCSS/ SSA နဲ့ PSLF/TNLA တပ်ဖွဲ့တွေပါ ပစ်ခတ်မှုတွေရှိနေပါတယ်။ 

ကျေးသီးဘက် တိုက်ပွဲပြန်ဖြစ်တဲ့အပေါ် RCSS/ SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ဒီဗွီဘီကို ခုလိုပြောပါတယ်။ 

“လွိုင်ဟွန်းတိုက်ပွဲက ပြီးခဲ့တဲ့ဇွန်လ ၁ ရက်ကနေ ဒီနေ့ထိ ဖြစ်နေတာပါ။ မနေ့ ဇွန် ၃၀ နဲ့ ဒီကနေ့ ဇူလိုင် ၁ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ RCSS အနေနဲ့ ထိုးစစ်ဆင်တာမဟုတ်ပါဘူး၊ SSPP က ကျနော်တို့ရှိနေတဲ့ လွိုင်ဟွန်းစခန်းကို လာတိုက်နေလို့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ခံစစ်လုပ်နေတာဖြစ်တယ်၊  ဒါကြောင့် စစ်ရေးအရ နောက်ဆုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တိုက်ပွဲအရှိန်လျော့လာမယ့် အရိပ်အယောင်လည်း မတွေ့သေးဘူး”။            

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ဒီဗွီဘီက SSPP ဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ရှမ်းသံတော်ဆင့်သတင်းမှာတော့ SSPP ပြောခွင့်ရ ဗိုလ်မှူးဖုန်းဟန်က လွိုင်ဟွန်းဟာ သူတို့ရဲ့ စခန်းဟောင်းဖြစ်ပြီး RCSS က သိမ်းပိုက်ထားလို့ ပြန်ရယူဖို့ကြိုးစားနေတာလို့ ဖြေကြားထားပါတယ်။ 

မနေ့က စစ်ဘေးရှောင်တွေဟာ မိုင်းကောဝ်၊ နောင်ဆွမ်း၊ မတ်ဟု၊ မိုင့်ဟုန်းလိုင်၊ မိုင့်ဟုန်းချို၊ ဝမ့်မော့၊ ဆွန်မွှမ်း၊ မတ်ဝေါင်း၊ နားဖတ်ဟ၊ ဝမ့်လတ်း၊ နမ့်အုပ်း စတဲ့ရွာတွေကဖြစ်ပြီး သူတို့ဟာ ကျေးသီးမြို့ပေါ် ကျောင်းခမ်း၊ ကျောင်းဝိန်း၊ ကျောင်းဟော်ခမ်းနဲ့ ပေါင်အုတ် ကျောင်းတိုက်တွေမှာ လာရောက်ခိုလှုံနေရတယ်လို့  စစ်ဘေးရှောင်တွေကူညီနေတဲ့ ဆရာတော်တစ်ပါးက ဒီဗွီဘီကို မိန့်ပါတယ်။

“ဝမ်အစ်ရွာက စစ်ဘေးရှောင်တွေကတော့ နောင်ဝိုးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံတယ်လို့ ကြားတယ်၊ ဦးဇင်းတို့ကျေးသီးမှာတော့ ကျောင်းတိုင်းလိုဘဲ စစ်ဘေးရှောင်တွေနဲ့ပြည့်နေတယ်။ ကျောင်းလုံနဲ့ကျောင်းဝိန်းမှာ အရင်တခေါက်တိုက်ပွဲကတည်းက ရောက်နေတဲ့ရွာသား ၃၀၀ ကျော်ရှိသေးတယ်။ မနေ့က ထပ်ရောက်လာတာ ၇၀၀ လောက်ဆိုတော့ စုစုပေါင်း ၁၀၀၀ ကျော်ရှိလိမ့်မယ်၊ စားနပ်ရိက္ခာက အရင်တခေါက်အလှူရှင်တွေပို့ထားတာ နည်းနည်းဘဲကျန်တယ်။ ထပ်ရောက်လာတော့ လောက်တော့မှာမဟုတ်ဘူး၊ အဝတ်အစားအိပ်ရာတွေလည်း ထပ်လိုတယ်။”  

ကျေးသီးရောက် စစ်ဘေးရှောင်တွေကို သက်ဆိုင်ရာလူမှုကူညီရေး ပရဟိတအဖွဲ့တွေကနေ သော်လည်းကောင်း၊ ကျောင်းခမ်းဆရာတော် ဖုန်းနံပါတ် ၀၉ ၄၅၀၀ ၃၀၂၂၃ ကိုလည်း ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။ 

နှစ်ဘက်တိုက်ပွဲတွေအတွင်း  ရွာသားတွေအနေနဲ့ သတင်းပေးတယ်ဆိုပြီး နှစ်ဘက်တပ်တွေရဲ့ စွပ်စွဲဖမ်းဆီးခံထားရတာတွေလည်း ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013