DVB Logo
Home
မြန်မာသတင်း
မိုးနဲ၊ ကျေးသီးနှင့် သီပေါတွင် ကျားဖြူပါတီ အနိုင်ရ 
DVB
·
January 26, 2026
မိုးနဲ၊ ကျေးသီးနှင့် သီပေါတွင် ကျားဖြူပါတီ အနိုင်ရ 
Donate to DVB

ဇန်နဝါရီ ၂၅  ရက်က ကျင်းပပြီးစီးသွားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) က ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲနဲ့ ကျေးသီး၊ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွေမှာ အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်မဲရလဒ်တွေ ထွက်မလာသေးပေမဲ့ မနေ့ည ၁၁ နာရီခွဲထိ မဲရေတွက်မှု အခြေအနေအရ မိုးနဲမှာရော ကျေးသီးမှာပါ ကျားဖြူပါတီက ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီထက် အားသာနေတယ်လို့ ရှမ်းပြည်နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ ၂ စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က DVB ကို ပြောပါတယ်။

“ခုချိန်ထိ သိရသလောက်တော့ မိုးနဲနဲ့ သီပေါမှာ ကျားဖြူ အခြေအနေကောင်းနေပါတယ်ခင်ဗျ။ ပြိုင်ဘက်ပါတီဘက်က ကြိုတင်မဲတွေလည်း ပေါင်းပြီးပြီ။ ကျနော်တို့ပါတီက အားသာနေပါတယ်။ အခု မြို့နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုချက် စောင့်နေတယ်။ သီပေါလည်း ပြည်သူ့လွှတ်တော် အနိုင်ရထားပြီ၊ ပြည်နယ်လွှတ်တော်က မဲရေလို့မပြီးသေးဘူး။ ပြည်သူနိုင်ရင် ပြည်နယ်ပါ နိုင်တတ်ပါတယ်။ ညောင်ရွှေမှာတော့ ကျနော်တို့ ရှုံးတယ်၊ မိုင်းရှူးဘက်က အခြေအနေ မသိရသေးဘူး။”

ကျောက်မဲကတော့ ရှမ်းလူမျိုးတွေ အများစုနေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၈၁ စုမှာ လုံခြုံရေး အခြေအနေကြောင့် ၅ အုပ်စုသာ မဲထည့်ရလို့ ကြံ့ခိုင်ရေးပါတီကို မယှဉ်နိုင်ဘူး။ သီပေါမှာတော့ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ၃ ရပ်စလုံး အနိုင်ရတယ်လို့  မဲအောင်နိုင်ရေးက ပြောပါတယ်။

မိုးနဲက ပါတီအောင်နိုင်ရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့ မိုးနဲက ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးစိုင်းထွန်းလင်းကတော့ သူ့ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲစည်းကမ်းနဲ့ မညီလို့ ဖြုတ်ချခံထားရလို့ ပြိုင်စရာမလိုတော့ဘဲ အနိုင်ရထားပြီးသား ဖြစ်တယ်။ မနေ့က ပြည်နယ်လွှတ်တော်အဆင့်မှာ ကြံ့ခိုင်ရေးပါတီထက် ၁,၆၂၁ မဲနဲ့ အပြတ်နိုင်ခဲ့ပါတယ်။ ဦးစိုင်းကျော်ဝင်းပါ၊  အမျိုးသားလွှတ်တော် နန်းခမ်းယဉ်အောင်ကတော့ ၃၈ မဲနဲ့ ကပ်ရှုံးတယ်။ အဲဒီမဲက နည်းနည်းထည့်ရခက်လို့ ရွာက သက်ကြီးရွယ်အိုတွေက မထည့်တတ်တော့ အမှားအယွင်းရှိတယ်လို့ ပြောပါတယ်။ နန်းခမ်းယဉ်အောင်က ရှမ်းပြည်နယ်  မြို့နယ်ပေါင်း ၃၀ က ၇ ပါတီနဲ့ ထပ်ပြိုင်ရဦးမှာပါ” လို့ ပြောပါတယ်။

ကျေးသီးမှာတော့ ပြည်သူ့လွှတ်တော်နေရာမှာ ကျားဖြူပါတီက ၁၁,၀၂၈ မဲ၊ ကြံ့ခိုင်ရေးပါတီက ၉,၁၈၀ မဲရပြီး ပြည်နယ်လွှတ်တော်မှာ ကျားဖြူက ၁၁,၂၇၈ မဲ၊ ကြံ့ခိုင်ရေးက ၈,၉၃၁ မဲ ရတာကြောင့် ကျားဖြူအနိုင်ရခဲ့တယ်လို့ ပါတီဝင်တယောက်က ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ ရှမ်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၃၀ က ၇ ပါတီ ရလဒ်တွေနဲ့ ထပ်ယှဉ်ရမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ မှာ ကျားဖြူပါတီအနေနဲ့  ကျောက်မဲ၊ သီပေါ၊ မိုင်းရှူး၊ ကျေးသီး၊ ညောင်ရွှေ၊ မိုးနဲ စတဲ့ ၆ မြို့နယ်မှာပဲ ဝင်ပြိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ SNDP က လင်းခေး၊ မိုင်းကိုင်နဲ့ ကွန်ဟိန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၆ နေရာ၊ အချိုးကျ PR စနစ်မှာ ၃ နေရာနဲ့ စုစုပေါင်း ၁၀ နေရာ ရရှိထားပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရှမ်းပြည်နယ်အတွင်း စုစုပေါင်း ၉ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပပြီး ပင်လောင်းမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ပါနေတာကြောင့် ကျားဖြူပါတီအနေနဲ့ ဝင်မပြိုင်ခဲ့ပါဘူး။

ညောင်ရွှေမြို့နယ်မှာတော့ အင်းအမျိုးသားအဖွဲ့ချုပ်က အနိုင်ရပါတယ်။ မက်မန်းနဲ့ ဖယ်ခုံမြို့နယ်မှာတော့ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တခုတည်းသာရှိတာမို့ ပြိုင်ဘက်မရှိ အနိုင်ရထားပြီးသား ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013