
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇွန်လ ၁၆ ရက်က စစ်ကောင်စီ သတင်းပေးဒလန်အဖြစ် လူသိများတဲ့ PPP ပါတီဝင် အမျိုးသားတစ်ဦးရဲ့ အလောင်းကို ဓားဒဏ်ရာ ၁၃ ချက်နဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးသွားတဲ့ ကိုဖုန်းကျော်ဟာ ပခုက္ကူမြို့ ဆင်ပေါက်လှရပ်ကွက် အောင်သပြေ(၈)လမ်းမှာ နေထိုင်တာဖြစ်ပါတယ်။ သူနေအိမ်ကနေ ပျောက်သွာတာ ၅ ရက်လောက်ရှိပြီးနောက် ဇွန်လ ၁၆ ရက်နေ့မှာ ကိုဖုန်းကျော်ရဲ့ ပုတ်ပွနေတဲ့အလောင်းကို ဆိတ်ကျောင်းသားလေး တစ်ယောက်က တွေ့ရှိခဲ့တာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
အခုလို အသတ်ခံရတာဟာ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
သေဆုံးသူ ကိုဖုန်းကျော်ဟာ ပခုက္ကူမြို့နယ် PPP ပါတီမှာ အတွင်းရေးမှူးတာဝန် ယူထားပြီးတော့ ၊စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အဆက်သွယ်ရှိတဲ့အပြင် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့လည်း အချိတ်ဆက်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထွက်တဲ့ အချိန်မှာလည်း အတူပါလာတတ်ပြီး ပျူစောထီးအဖွဲ့တွေကို ထောက်ပံ့ပေးတဲ့ ဒလန်အဖြစ် မြို့ခံတွေရဲ့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။