DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီများကို NUGနှင့် ဆက်နွှယ်မှုရှိ မရှိ စစ်ကောင်စီ စစ်ဆေးနေ
DVB
·
June 13, 2021
နိုင်ငံရေးပါတီများကို NUGနှင့် ဆက်နွှယ်မှုရှိ မရှိ  စစ်ကောင်စီ စစ်ဆေးနေ
Donate to DVB

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နဲ့ ပတ်သက်ဆက်နွှယ်မှုရှိမရှိ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ဝင်ရောက်စစ်ဆေးနေပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရုံးကို ဇွန် ၉ ရက်မှာ စစ်ကောင်စီက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်စာရင်းနဲ့ ကိုယ်ရေးရာဇဝင်တွေကို တောင်းယူခဲ့ ပါတယ်။

SNLD ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ CEC နောက်ဆုံးစာရင်းတို့ မှတ်ပုံတင်မိတ္တူတို့ တောင်းပါတယ်။ ကျနော်ထင်တာတော့ NUG တို့ CRPH တို့နဲ့ ဆက်စပ်မှုရှိမရှိဆိုတာက ပိုအဓိကကျမယ်ထင်ပါတယ်။ စွပ်စွဲတာတော့မဟုတ်ပါဘူး။ ပတ်သက်လား။ မပတ်သက်လား။ မပတ်သက်ဘူး။ ပြီးပြီပေါ့။ လောလောဆယ်ကတော့ ပါတီနိုင်ငံရေးလည်း ဘာမှလုပ်လို့မရဘူး။ ဒီလိုပဲ ထိုင်ကြည့်နေရမှာပဲ။ ထိုင်ကြည့်နေလို့လည်း ဆဲခံနေရတာ။ ဆဲမခံချင်လို့လုပ်မယ်ဆိုလည်း ဘာလုပ်လို့ရမလဲ။ အခုက ရှုပ်ယှက်ခတ်နေတဲ့အချိန်ဆိုတော့ ဘာမှလုပ်လို့မရဘူး။ ထွက်ပေါက်ကတော့ ရှာနေတုန်းပဲ။ တနေ့တနေ့အဲ့ဒါကိုပဲသုံးသပ်နေတယ်။ မြန်မာပြည်ကတော့ ဝမ်းနည်းစရာကောင်းတာပေါ့။  တဖက်နဲ့တဖက် ဘယ်လိုမှ ခွင့်မလွှတ်နိုင်ကြဘဲ သတ်တဲ့ဖြတ်တဲ့အထိဖြစ်လာကြတာပေါ့။ ဒီအခြေအနေက တစ်ချိန်တော့လွတ်မြောက်မှာပါ။ လွတ်မြောက်အောင်လည်း ကျနော်တို့ ကြိုးစားရမှာပေါ့။”လို့ ပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ ဗဟိုအလုပ်အမှုဆောင်စာရင်းကောက်ယူတာဟာ ရှေ့ကကော်မရှင်တွေ ဆောင်ရွက်သလို လုပ်ရိုးလုပ်စဉ်ပဲဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူက သုံးသပ် ပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ စစ်ကောင်စီကပြောဆိုထားတဲ့ ရွေးကောက်ပွဲလမ်းကြောင်းဟာ ဖြစ် နိုင်ခြေရှိတယ်လို့ သုံးသပ်တယ်လို့  မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ပြောပါတယ်။

“CEC စာရင်းတောင်းတယ်၊ ကိုယ်ရေးရာဇဝင်ယူတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ CRPH ၊ NUG နဲ့ကင်းရှင်းလားမကင်းရှင်းလားမေးတယ်။ အဲ့ဒီနှစ်ပိုင်းပေါ့နော်။ ကျနော်တို့ပါတီမှာက ရွေးကောက်ပွဲလမ်းကြောင်းအတိုင်းသွားဖို့ အစီအစဉ်ရှိတယ်။ စစ်ကောင်စီက ၂နှစ်ကြာရင် ရွေးကောက်ပွဲကျင်းပမယ်ဆိုတာကလည်း ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားတယ်”။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေအများအပြားကိုပြင်ဆင်ခဲ့တာ၊ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်ဖွဲ့ထားပေမဲ့  စစ်ကောင်စီရဲ့ဥပဒေတွေအပေါ်  ပြည်သူတွေက ယုံကြည်မှုမရှိဖြစ်နေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဥပဒေဟာ တည်ရှိနေဆဲဖြစ်တဲ့အတွက် ဥပဒေ အတိုင်းပဲ ဆက်သွားမယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် “ ပါတီကတော့ ဥပဒေဘောင်ထဲကပဲ ဆက်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ တည်ဆဲဥပဒေအတိုင်းပဲသွားမယ်။ ပါတီကဖွဲ့ထားကတည်းက ဥပဒေအတိုင်းပဲဖွဲ့ထားတော့ ဥပဒေနဲ့အညီပဲဆက်သွားမှာ။ NLD ကိုလည်း မဖျက်သိမ်းသေးဘူးလေ။ လက်ရှိဥပဒေကလည်းရှိနေတယ်လေ။ ဘယ်သူကိုမှ မဖျက်သိမ်းသေးတာက ဥပဒေကရှိနေတယ်လေ။” လို့ပြောပါတယ်။

စစ်ကောင်စီက အသစ်ပြန်ဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့စီစဉ်နေပြီး နိုင်ငံရေးပါတီတွေထံကလည်း အကြံဉာဏ်တောင်းနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီက နေရာအများစုမှာ အနိုင်ရခဲ့ပေမယ့် လွှတ်တော်ခေါ်မယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်မှာပဲ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းတာကို ခံခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013