DVB Logo
Home
မြန်မာသတင်း
ကယားတွင် လူ ၁ သိန်းခန့် နေရပ်စွန့်ခွာ၊ ဆိုးရွားသည့် လုံခြုံရေးအခြေအနေအပေါ် ကုလစိုးရိမ်
DVB
·
June 9, 2021
ကယားတွင် လူ ၁ သိန်းခန့် နေရပ်စွန့်ခွာ၊ ဆိုးရွားသည့် လုံခြုံရေးအခြေအနေအပေါ် ကုလစိုးရိမ်
Donate to DVB

ကယားပြည်နယ်မှာ လူဦးရေ ၁ သိန်းလောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး ဆိုးရွားလာတဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေအပေါ် စိုးရိမ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အိုးအိမ်စွန့်ခွာရသူ အများစုဟာ ကယားပြည်နယ်နဲ့ ထိစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းက ဘေးကင်းလုံခြုံရာနယ်ခံတွေနဲ့ သစ်တောတွေထဲမှာ ခိုလှုံနေထိုင်နေကြရတာပါ။

ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူတွေနဲ့ တိုက်ပွဲ ဒဏ်ခံ ဒေသတွေမှာ ကျန်ရှိနေသူတွေမှာ စားနပ်ရိက္ခာ၊ ရေ၊ နေစရာ၊ လောင်စာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ ကူညီမှုတွေ ချက်ချင်းလက်ငင်း လုပ်ဆောင်နိုင်ကြပေမယ့် လိုအပ်ချက်အားလုံး အထူးသဖြင့် ဝေးလံတဲ့နေရာတွေမှာ ရောက်ရှိနေသူတွေဆီ ရောက်ရှိဖို့တော့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ကူညီဆောင်ရွက်မှု တွေကို ပံ့ပိုးဖြည့်ဆည်းပေးဖို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေမှာ စားနပ်ရိက္ခာ၊ အိုးအိမ်ဆိုင်ရာပစ္စည်းတွေနဲ့ တခြားအခြေခံ ကယ်ဆယ်ရေးပစ္စည်းတွေအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အဆင်သင့်ရှိနေကြောင်းနဲ့  ဆက်လက်ပေါ်ပေါက်နေတဲ့ လုံခြုံရေး အခြေအနေ၊ လုံခြုံရေးတပ်ဖွဲ့တွေက ချမှတ်ထားတဲ့ အသွားအလာကန့်သတ်ချက်တွေနဲ့ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုမရှိတာတွေကြောင့် ဒီအကူအညီတွေကိုပေးဝေဖို့ ကြန့်ကြာနေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ သွားရောက်ကူညီသူတွေ ကို ဘေးကင်းစွာသွားလာခွင့်ပြုဖို့နဲ့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ကယားပြည်နယ် အပါအဝင် နိုင်ငံအတွင်း တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဆီ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ တိုက်ရိုက်သွားရောက်ပေးခွင့်ပြုဖို့လည်း လုံခြုံရေးတပ်ဖွဲ့ တွေကို ကုလသမဂ္ဂအဖွဲ့က တောင်းဆိုထားတာပါ။

လတ်တလော ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားတွေနဲ့ သက်ဆိုင်တဲ့ အခြေခံအဆောက်အဦတွေ၊ အထူးသဖြင့် ဆေးကုတဲ့ နေရာတွေ၊ ဆေးဝန်ထမ်းတွေ အစရှိတဲ့ အကာအကွယ်ပေးရမယ့် အရာတွေကို အကာအကွယ်ပေးဖို့အတွက် လိုအပ်တဲ့ အစီအမံနဲ့ ကြိုတင်ကာကွယ်မှုတွေကို  အရေးတကြီး လုပ်ဆောင်ဖို့၊ တိုက်ခိုက်သူနဲ့ အရပ်သားတွေအကြားပစ်မှတ်ခွဲခြားတာ၊ လိုအပ်မှသာ ပစ်ခတ်တာ၊ အင်အားအလွန်အကျွံ အသုံးမပြုတာ၊ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်တာ အစရှိတဲ့ အခြေခံမူတွေကို လိုက်နာကြဖို့လည်း ကုလသမဂ္ဂက တိုက်တွန်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကာလဟာ ၄ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၆၀ နီးပါး ရှိလာခဲ့ပြီဖြစ်ကာ မတရာဖမ်းဆီးထောင်ချခံရသူတွေ၊ ဖမ်းဝရမ်းထုတ်ခံရသူတွေ၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013