DVB Logo
Home
Lead Story
စစ်အာဏာရှင်စနစ်နှင့် ငွေကြေးဖောင်းပွမှု
DVB
·
June 7, 2021
စစ်အာဏာရှင်စနစ်နှင့် ငွေကြေးဖောင်းပွမှု
1 / 3
Donate to DVB

ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းတလျှောက်  ပြန်ကြည့်လိုက်လျှင် စစ်အာဏာရှင်စနစ်နှင့် ငွေကြေးဖောင်းပွမှုမှာ ဖွားဘက်တော်ပင် ဖြစ်ပါသည်။

အခုပဲကြည့်ပါ ပြည်သူတွေက စစ်သူပုန်လုပ်ပုံတွေကို အယုံအကြည်မရှိလို့ ဘဏ်အပ်ငွေများကို ဒလဟော ပြန်ထုတ်ယူနေသည်။ ပြည်သူအပ်ထားသော ဘဏ်အပ်ငွေ၏  ထက်ဝက်လောက်မှာ လုပ်ငန်းရှင်များကို ထုတ်ချေးထားခဲ့သည်။ ကိုဗစ်ကြောင့် အလုပ်ရုံတွေ ပိတ်သိမ်းလိုက်ရသည့်အတွက် အဆိုပါချေးငွေများ ပြန်ဆပ်အားက မရှိတော့ပါ။ ပုဂ္ဂလိဘဏ်အပ်ငွေများ၏ ၁၀ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ်၏ မီးခံသေတ္တာထဲ အပ်နှံထားရပြီး၊ ဘဏ်လက်ကျန်ငွေများကို ပြည်သူများက ပြန်ထုတ်နေသောကြောင့် ငွေသားမလုံလောက်ဘဲ (Illiquid)၊ ဘဏ်အကျပ်အတည်း (Banking Crisis) ကြုံနေရလို့ ဗဟိုဘဏ်အပ်ငွေကို လူထုဘဏ်အပ်ငွေ၏ ၃ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်ရသည်။

အဲဒါမှ မလုံလောက်လျှင် မတည်အရင်းပစ္စည်းများ (အိမ်ခြံမြေပိုင်ဆိုင်ပစ္စည်း) ကို ရောင်းချပြီး စာရင်းရှင်းလျှင်ရှင်း၊ ဒါနဲ့မှမရလျှင် ထုတ်ချေးငွေပြန်ပေါ်အရင်းနှင့် ထပ်ရှင်းလို့ ၄င်းအရင်းငွေနှင့် အကြွေးဆုံးလက်ကျန်အားအချိုး (capital/(Risk-Weighted Assets) သည် ၃ ရာခိုင်နှုန်းသို့ ထိုးဆင်းလာလျှင် စာရင်းမရှင်းနိုင်တော့ဘဲ  ဘဏ္ဍာငွေကြေးကပ် (Financial Crisis) ဆိုက်ပါတော့သည်။ ဘဏ္ဍာငွေကြေးကပ်ဆိုက်လျှင် စီးပွားရေးကပ်ပါ ဆိုက်ပါလေမည်။

စစ်အာဏာရှင်တို့အတွက် ငွေရပေါက်ရလမ်းများကို နိုင်ငံတကာကလည်း ပိတ်ဆို့၊ တပ်နှင့် ၄င်းတို့၏ဘက်တော်သား ခရိုနီတို့၏ စီးပွားကုမ္ပဏီပစ္စည်းများကို လူထုက ဘွိုင်းကောက်လုပ်၊ ယခင်ထဲက အခွန်ရငွေက မဖြစ်စလောက်  တိုင်းပြည်ဝင်ငွေ၏ ၅ ရာခိုင်နှုန်းသာသာ ရှိခဲ့တာကြောင့်၊ ယခု လည်ပတ်ရန်ငွေ မရှိဖြစ်နေပါသည်။ နအဖစစ်အစိုးရလက်ထက်ကအတိုင်း ငွေစက္ကူတွေရိုက်ထုတ်လိုက်တော့ ငွေဖောင်းပွမှုက ထိုးတက်သွားပြန်ပြီ။

ပြန်ကြည့်ရင် ရှစ်လေးလေးလုံး အာဏာသိမ်းပြီးနောက် ၁၉၈၈ မှစပြီး ကိုးနှစ်အတွင်း ကျပ်ငွေလည်ပတ်မှု အဆ ၂၀  တိုးသွားခဲ့သည်။ စစ်တပ်ဘတ်ဂျက်က ထိပ်ဆုံးက ၄၀ ရာခိုင်နှုန်းထိ သုံးခဲ့သည်။ မာခရိုစီးပွားရေးဘောင် အကွပ်မဲ့နေသော နိုင်ငံ့စီးပွားရေးသည် ပဲ့ထိန်းမဲ့ မျောနေရသည်။ ဘိန်းမှရငွေများ စီးပွားရေးထဲ ငွေဖြူအဖြစ် လျှော်ဖွတ် ဝင်ရောက်လွှမ်းမိုးလာသည့်နောက်၊ ၁၉၉၄ မှစပြီး ဦးအိုက်ထွန်း၏ အာရှဓနဘဏ်၊ ဦးပိုင်၏ မြဝတီဘဏ်၊ ဆရာကျောင်း၏ KBZ ဘဏ်၊ တေဇ၏  AGD ဘဏ် စသည်များ အလျှိုအလျှိုပေါ်လာခဲ့သည်။ ကျန်စီးပွားရေးစျေးကွက်တွင်လည်း ငွေမည်းများခဝါချ ခရိုနီများနှင့် ဖက်စပ်လုပ်ကိုင်ကြရာ ကုန်လုပ်ဆက်ဆံရေး (production relationship) ဖြစ်မလာဘဲ၊ ကျေးဇူးခံ-ကျေးဇူးစားဆက်ဆံရေး(patron-client relationship) ခေါ် မာဖီးယား ဆက်ဆံရေးအသွင် ပါမစ်လက်ပြောင်းလက်လွှဲဖြင့် နေ့ချင်း ဘီလျံနာကြီးများ ဖြစ်လာခဲ့ကြသည်။

တကယ်တော့ ဘဏ်များသည် စီးပွားရေး၏ အသက်သွေးကြော ယန္တရားဖြစ်ပါသည်။ ထိရောက်သော ဘဏ်ဥပဒေ မရှိပါက လူထုစုဆောင်းမှုအားနည်းပြီး၊ ငွေရင်းများလေလွင့် ပြုန်းတီးနိုင်ပါသည်။ ထိရောက်အားကောင်းသော ဥပဒေရှိသည့်နိုင်ငံများသည် ဘဏ်စနစ်ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်စီးပွားထွန်းကားပါသည်။ တရားဥပဒေ အားအကောင်ဆုံးနိုင်ငံများသည် ပြည်သူများ၏ဘဏ်အပ်ငွေကို ထိထိရောက်ရောက် အသုံးပြုပြီး၊ ပုဂ္ဂလိကကဏ္ဍသို့ တဆင့်ပြန်ထုတ်ချေးခြင်းဖြင့် တိုင်းပြည်ဝင်ငွေ၏ နှစ်ဆခွဲကျော် ရရှိသည်ကို တွေ့ရှိရသည်။ ၄င်းတိုင်းပြည်များ၏ စီးပွားရေးတိုးတက်နှုန်းသည်လည်း ၉ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်ပါသည်။

စစ်အာဏာရှင်တို့တွင်တော့ ဥပဒေမရှိပါ။ ဥပဒေအာဏာကဲ့သို့တည်သော အမိန့်သာရှိပါသည်။ ဗဟိုဘဏ်သည် ငွေကြေးမဖောင်းပွစေရန် ငွေကြေးပေါ်လစီတာဝန်ခံမှု (Monetary Authority) အနေဖြင့် ၎င်းလုပ်နိုင်သော ကိရိယာလက်နက်များ (Tools& Instruments) ဖြင့် တိုင်းပြည်စီးပွားရေးကို ထိန်းသိမ်းစီမံရသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ္ဍာရေးပေါ်လစီတာဝန်ခံမှု (Fiscal Authority) ဖြင့် တိုင်းပြည်အုပ်ချုပ် လည်ပတ်နိုင်ရန် ငွေလိုအပ်ချက်ကို အခွန်ရငွေမှလည်းကောင်း၊ ပြည်တွင်းပြည်ပချေးငွေမှလည်းကောင်း ရှာကြံဖြည့်ဆည်း ကျခံပြီး၊ တိုင်းပြည်စီးပွားရေးအခြေအနေအရ ချေးငွေပြန်ဆပ်နိုင်အားအချိုးကို စစ်ဆေးတွက်ချက် မာခရိုစီးပွားရေးဘောင်အတွင်း (macroeconomic framework) မှ စီမံခန့်ခွဲ ဆောင်ရွက်ရပါသည်။ ဈေးကွက်စီးပွားရေးကို တဖက်သတ်အမိန့်အာဏာဖြင့် စီမံခန့်ခွဲ၍ မရစကောင်းပါ။

စစ်တပ်အမိန့်အာဏာနှင့် ဈေးကွက်စီပွားရေးမှာ ပြဒါးတလမ်းသံတလမ်း တခြားစီဖြစ်သည်။ အာဏာရှင်တပ်က တိုင်းပြည်သယံဇာတကို စျေးပေါပေါဖြင့် ရောင်းစားဖို့သာ စဉ်းစားကြသည်။ နိုင်ငံ့ပရောဂျက်လုပ်ငန်း စီမံကိန်းများဆိုသည်က အကျိုးအမြတ်ပြန်ပေါ်နှုန်းသာမက၊ လူမှုရေးအကျိုးဆက် ဂေဟအကျိုးဆက် သက်ရောက်မှုများ (social impact assessment and environmental impact assessment) ကို အစကတည်းက တွက်ချက်ဆောင်ရွက်ရသည်။ လာဘ်ထိုးငွေ အိပ်ထဲထည့်ရသည်နှင့် စီမံကိန်းများ ခွင့်ပြုဆောင်ရွက်ရသည်မဟုတ်။ လာယ်ယူပြီး ဝယ်လာတဲ့ မီးရထားအဟောင်းတွေက သံလမ်းနှင့်မကိုက်။ မီးရထားသံလမ်းဖောက်၊ ဘူတာရုံဆောက်၊ မီးရထားသွားတာက မရှိ။ မြစ်ဆုံပရောဂျက်ကို လက်မှတ်ထိုး၊ နိုင်ငံတော်မှရမည့် အကျိုးအမြတ် ငွေပြန်ပေါ်နှုန်းနှင့် ချေးငွေပြန်ဆပ်နိုင်အားကို မကြည့်။ လူမှုရေးအကျိုးဆက်နှင့် ဂေဟအကျိုးဆက်သက်ရောက်မှု (SEIA and EIA) ကို မစိစစ်။ နိုင်ငံတော်လုံခြုံရေး အကျိုးဆက်ကို မကြည့်။ ပွဲစားခရရုံ လာဘ်ရရုံဖြင့် တိုင်းပြည်ကို ရောင်းစားကြသည်။ အစိုးရဘက်က ယင်းသို့ လုပ်ဆောင်ကြပြီး၊ ဘဏ်တွေဘက်ကလည်း ငွေမည်းတွေကို ငွေဖြူလျှော်ဖွတ်ရာနေရာကြီးအဖြစ် လည်ပတ်ကြသည်။ ဗဟိုဘဏ်ကလည်း ကောင်းမွန်စွာစီမံမခန့်ခွဲတတ်။ စစ်အာဏာရှင်တို့ကလည်း အမိန့်ပေးပြီး လူထုလက်ထဲမှငွေကို သိမ်း၊ အမိန့်ပေး ငွေစက္ကူရိုပ်ထုတ်၊ နောက်ဆုံး ငွေကြေးဖောင်းပွမှုတွေ အဆမတန် မြင့်တက်တော့သည်။  ယူဂန္ဒာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ  စစ်အာဏာရှင် အီဒီအာမင်ကို ပြောသလို တိုင်းပြည်ငွေများမှာ အိမ်သာသုံးစက္ကူလောက်မှ တန်ဖိုးမရှိတော့သည့် အဖြစ်မျိုးပင်။

အခု အကြမ်းဖက်စစ်သူပုန်လက်ထက်တွင်လည်း ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ်ပြီး ဒေါ်လာတွေ စျေးကြီးပေးဝယ်လိုက်သည်။ ကျပ်ငွေသားရှားပါးမှုကြောင့် တိုင်းပြည်လည်ပတ်ရန် ဒေါ်လာငွေမာ ၆ သန်းကိုလည်း ထုတ်ရောင်းလိုရောင်းရ၊ အချိန်နှင့်အခါနှင့် စနစ်တကျ မလုပ်တတ်။ ကုန်သည်တွေကို သွင်းကုန်ပေးချေဖို့ မိမိစာရင်းအကောင့်မှာရှိနေသည့် ဒေါ်လာဖြင့် ပေးချေ၍မရ၊ ဗဟိုဘဏ်မှ ဝယ်ယူပေးချေနေရ။ ငွေကြေးစျေးကွက်လည်း ကမောက်ကမ၊ ပြည်တွင်းကျပ်လည်း ပူလောင်လာပြီး တန်ဖိုးပွန်းပဲ့ ငွေဖောင်းပွမှုဖြစ်။ ရွှေဈေး ၁၃၃၀၀၀ ကနေယခု ၁၅၀၀၀၀ ကျော်၊ ဒေါ်လာဈေး ၁၄၃၀ ကနေ၁၆၀၀ ကျော်ထိုးတက်သွား။ စီးပွားရေးကို သိပ္ပံနည်းကျမလုပ်တတ်။ စီးပွားရေးကို တပ်သဘာဝအတိုင်း အမိန့်ပေးလုပ်ကိုင်၍မရ။ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုတာ အချိုးညီချိန်ခွင်လျှာညှိလည်ပတ်ရခြင်း ဖြစ်သည်။

အဝယ်လိုက်ပစ္စည်း ကုဋေ၁၀၀ ဖိုးကို ကျပ်ငွေ ၁၁၀ ကုဋေအပြင် လည်ပတ်အရှိန် ၃ ဆကနေ ၄ ဆဖြစ်လာလျှင် စျေးတက်လာသည် ဟုခေါ်သည်။ ဖစ်ရှာသီဝရီအရ ငွေစျေးကွက်မှာ ဒေါ်လာတန်ဖိုးကို အောက်ပါအတိုင်း ခန့်မှန်းလို့ရသည်။

မြန်မာနိုင်ငံတွင် ငွေဖောင်းပွနှုန်းမြင့်တက်လာပြီး အမေရိကမှာ ငွေဖောင်းပွမှုက တည်ငြိမ်နေသမျှ ဒေါ်လာစျေးက အလိုလို တက်နေရုံမက ကျပ်ပူနေသဖြင့် (Kyat Flight) ရွှေနှင့်ဒေါ်လာ အဝယ်လိုက်လာလျှင် အတက်ကြမ်းပေမည်။ တဖက်မှာ ဘဏ်အကျပ်အတည်းကြောင့် ငွေကြေးအကျပ်အတည်းဖြစ်၍ တိုင်းပြည်ငွေတန်ဖိုး ကျလာသည်နှင့်ပေါင်းပြီး စီးပွားရေးကပ်ဆိုက်လာပေမည်။

အထက်ပါဇယားတွင် စစ်မှန်ထိရောက်သော ငွေလဲလှယ်နှုန်း (Real Effective Exchange Rate-REER) ဆိုသည်မှာ မူလလဲလှယ်နှုန်းကို နှစ်နိုင်ငံကုန်သွယ်ဖက် ငွေဖောင်းပွနှုန်းနှင့် ညှိထားခြင်းဖြစ်သည်။ နှစ်နိုင်ငံ၏ အမှန်ထိရောက်သော ငွေလဲလှယ်နှုန်းထား REER သည် နှစ်နိုင်ငံကုန်သွယ်မှုပမာဏနှင့် ဆက်စပ်နေပါသည်။ စစ်မှန်ထိရောက်သောငွေ လဲလှယ်နှုန်းကို မူတည်၍ ငွေလဲလှယ်နှုန်းပေါက်စျေးကို ခန့်မှန်းနိုင်ပါသည်။ 

ဥပမာ- ဒီမိုကရေစီအစိုးရလက်ထက် မူလမြန်မာကျပ်/ဒေါ်လာလဲလှယ်နှုန်းသည် ၁၃၅၀ ဖြစ်ခဲ့၍၊ စစ်တပ်ကအာဏာသိမ်းပြီး မြန်မာကျပ်ဖောင်းပွနှုန်းသည် ၂၀ ရာခိုင်နှုန်းဖြစ်လာပြီး အမေရိကန်ငွေဖောင်းပွနှုန်းသည် ၂ ရာခိုင်နှုန်းဖြစ်လျှင် မြန်မာကျပ်/ဒေါ်လာလဲလှယ်နှုန်းသည် ၁၃၅၀ x (၁+၂၀%)/(၁+၂%)= ၁၅၈၈.၂၄ ကျပ်အထိ တက်လာပါမည်။အကယ်၍ မြန်မာကျပ်ဖောင်းပွနှုန်းသည် ၂၇ ရာခိုင်နှုန်းအထိ တက်လာလျှင် မြန်မာကျပ်/ဒေါ်လာလဲလှယ်နှုန်းသည် ၁၆၈၀,၈၈ ကျပ်ဖြစ်ပေမည်။

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ကုန်သွယ်မှုကျဆင်းမှုမှတဆင့် ရောင်းကုန်များ စျေးကွက်အတွင်း ရှားပါးမှုနှင့်ဆက်စပ်ကာ စီပွားရေးကျဆင်းပြီး ငွေကြးဖောင်းပွမှု ပိုကြီးမားလာလျှင် မြန်မာကျပ်ငွေတန်ဖိုးတ ဖြေးဖြေးပွန်းပဲ့ကျဆင်းသွားဖို့သာ ရှိမည်။

၁၉၈၅ ခုနှစ်က မိမိ နိုင်ငံပြင်ပထွက်ပြီး အလုပ်လုပ်စဉ် နိုင်ငံတခုကိုဝင်တိုင်း မြန်မာနိုင်ငံကူးလက်မှတ်သည် အလွန်မျက်နှာငယ်ခဲ့ရသည်။ စစ်အစိုးရလက်ထက်မှာ ပညာတတ်အမြောက်အများ ထွက်သွား၍ ဦးနှောက်ယိုစီးမှု ဖြစ်ခဲ့ရသည်။ လက်လုပ်လက်စားမပြောနှင့် ဘွဲ့ရသူများပင် သူများနိုင်ငံတွင် ကျွန်ခံအနှိမ်ခံ မျက်နှာငယ်ခဲ့ကြရသည်။ ကမ္ဘာ့မြေပုံပေါ်မှာ မြန်မာ့မြေပုံ ဝိုးတဝါးဖြစ်ခဲ့ရာမှ NLD ပြည်သူ့အစိုးရလက်ထက်တွင် ပြန်သိက္ခာရှိခါစရှိသေး စစ်တပ်၏မဆင်မခြင်မှုကြောင့် တိုင်းပြည်ချောက်ထဲ ပြန်ဆင်းရမည့်အဖြစ်ကို မည်သူမျှမလိုလား။ အထူးသဖြင့် လူငယ်ထု (G-Z) တို့က သူတို့၏အနာဂတ် အပျောက်မခံနိုင်ကြတာကို အားလုံး နားလည် စာနာသင့်သည်။

ဆိုရလျှင် ဖယ်ဒရယ်ဒီမိုကရေစီအစိုးရ တက်လာမှသာလျှင် နိုင်ငံတကာက ဝိုင်းပြီးကူညီကြတော့မှာ အမှန်ပင် ဖြစ်သည်။ နိုင်ငံသားများကလည်း အစိုးရအပေါ် အယုံအကြည်ရှိလာမှ ဘဏ်တွေလည်း ပုံမှန်လည်ပတ်နိုင်မည်။ တိုင်းပြည်ကို အချိန်ယူ ပြန်လည်ထူထောင် တည်ဆောက်ကြရလိမ့်မည်။ တိုင်းပြည်ချွတ်ခြုံကျအောင် ဖျက်ဆီးနှိပ်စက်နေသည့် စစ်သူပုန်တို့ကို အမြန်ဖျက်သိမ်းပြီး၊ တိုင်းပြည်ပြန်လည်ထူထောင်ရာ၌ သင့်မြတ်သော ကုန်သွယ်မှုတန်ဖိုးနှင့် အမှန်တကယ် ထိရောက်သောငွေကြေးလဲလှယ်နှုန်းထား ဆက်စပ်မှုတို့ မှန်ကန်စွာ ဖော်ဆောင်နိုင်မည် ဖြစ်သည်။

မျိုးညွန့် (မာခရိုစီးပွါးရေးပါရဂူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013