DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ကမ်းတလျှောက် စစ်ရှောင်ကရင်ဒုက္ခသည်ထောင်သောင်းချီ အကူအညီ လိုအပ်နေ
DVB
·
May 31, 2021
သံလွင်မြစ်ကမ်းတလျှောက် စစ်ရှောင်ကရင်ဒုက္ခသည်ထောင်သောင်းချီ အကူအညီ လိုအပ်နေ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်း တလျှောက်မှာ စစ်ဘေးရှောင် ကရင်ဒုက္ခသည်တွေ ထောင်သောင်းချီ ရောက်ရှိနေပြီး အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့  ထိုင်းစစ်တပ်ကို တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၃ လတာကာလအတွင်း ဒေသတွင်း တိုက်ပွဲတွေကြောင့် လူပေါင်း ၇၀၀၀၀ လောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (ကေအက်စ်ပီအန်) က ဆိုပါတယ်။

ကေအက်စ်ပီအန်က ပြောရေးဆိုခွင့်ရ တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ နော်ဝါးခူရှီက လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်တပ်ရဲ့ အပြင်းအထန် ပစ်ခတ်မှုတွေကြောင့် နယ်စပ်တလျှောက် ကျေးရွာ ၄၃ ရွာက အနည်းဆုံးပြည်သူ ၇၆၀၀ လောက် နေ ရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အများစုဟာ တောထဲမှာ ပုန်းအောင်းနေထိုင်ကြရပြီး လူပေါင်း ၅၅၀၀ နီးပါးကတော့ ဘေးကင်းလုံခြုံမှု ရှာဖွေဖို့ ထိုင်းနိုင်ငံဘက်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားနေကြတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ထိုင်းကင်းလှည့်တပ်တွေက မြန်မာနိုင်ငံဘက်ကို အန္တရာယ်နဲ့ ရင်ဆိုင်ဖို့ တွန်းပို့ခဲ့ကြတယ်လို့ ဒုက္ခသည်အများစုက ပြောပါတယ်။

ထိုင်းစစ်တပ်ဟာ ဒုက္ခသည်တွေအပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့  ဝါးခူရှီက ပြောပါတယ်။

“ဒုက္ခသည်တွေ အများစုက ကိုယ်၀န်ဆောင်အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပြီး တချို့ဆို တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိ ထားကြပါတယ်။ အစားအစာ၊ ဆေးဝါး၊ အမိုးအကာ၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ ရေစတဲ့ အရာတွေ အရေးတကြီး လိုအပ်နေပါတယ်။ ရွာသားတွေအနေနဲ့ ဒီရာသီမှာ စပါးမစိုက် နိုင်တော့ဘူးဆိုရင် အခြေအနေ တွေက ပိုပြီးတော့ ဆိုးဝါးလာပါလိမ့်မယ်”

ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့အပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေခွင့်ပြုဖို့ တောင်းဆိုခဲ့ပါ တယ်။

မြန်မာနိုင်ငံအပေါ်လက်နက်တင်ပို့မှုပိတ်ပင်ထားဖို့နဲ့ စစ်အစိုးရအတွက် စီးပွားရေးပံ့ပိုးမှုပုံစံအားလုံးကို ဖြတ်တောက်ကြဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆို ထားပါတယ်။

The Border Consortium အဖွဲ့ရဲ့ အမှူဆောင် ညွှန်ကြားရေးမှူး ဆယ်လီသွန်ပ်ဆင်ကတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေရဲ့ ပြဿနာဟာ ပြည်တွင်းရေးသက်သက်သာ မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဒေသတွင်း ပြဿနာတခုအနေနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက (မြန်မာဘက်က)လူပေါင်း ၄၀၀၀ လောက် ထိုင်း နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်ခဲ့တာကို ကျမတို့ တွေ့ရှိခဲ့ကြပါတယ်။ သူတို့ကို (ထိုင်း) စစ်တပ်က ဖမ်းဆီးပြီး မြန်မာဘက်ကို ပြန်ပို့ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လေကြောင်း တိုက်ခိုက်မှုတွေ စတင်ပြီး မကြာခင်မှာပဲ သူတို့ ဒီဘက်ကို ပြန်ကူးလာခဲ့ကြပြန် တာပါပဲ။ ဒါက ပင်ပေါင်ကစားနည်းတခုလိုပဲ ဖြစ်နေတယ်”

အရေးပေါ် အကူအညီတွေ လိုအပ်နေတာနဲ့အမျှ ထိုင်းစစ်တပ်အနေနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့နဲ့ ဒုက္ခသည်တွေဆီ စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပို့ဆောင်ပေးမှုတွေကို ခွင့်ပြုပေးသင့်တယ်လို့ သူက အကြံပြုထားပါတယ်။

ထိုင်းနိုင်ငံမှာ ကောင်းမွန်တဲ့ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွေ ရှိနေတာကြောင့် အစိုးရအနေနဲ့ ဒါကို ရှေ့ဆက်ဆောင်ရွက်နိုင်မယ်ဆိုရင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ မစ်ရှင်တွေကို အလျင်အမြန်ပဲ စုဆောင်းနိုင်မယ်လို့ သူက ဆိုပါတယ်။

တကယ်လို့ ဒီအခြေအနေမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေကို ရပ်တန့်တားဆီးတဲ့နေရာမှာ ဘယ်လိုအကူအညီမှ မပေးဘဲနေရင်တော့ ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာသာမက ဒေသတခုလုံးကို မတည်မငြိမ် ဖြစ်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

တချိန်တည်းမှာပဲ ထိုင်းစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး အဖီချက် ဆူးဆက်က စစ်တပ် အနေနဲ့ ထိုင်းနိုင်ငံတွင်း ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို တားမြစ် မထားကြောင်းနဲ့ လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာနဲ့ လိုအပ်တာတွေကို ထိုင်းဘက် ခြမ်းမှာ ရှိနေချိန်အတွင်း ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။

       “ကျနော်တို့အနေနဲ့ သူတို့(မြန်မာဒုက္ခသည်တွေ)ကို အန္တရာယ်ရောက်အောင် ပြန် မပို့ခဲ့ပါဘူး။ မြစ်ကိုဖြတ်ပြီး နေရပ်မပြန်ခင်မှာ သူတို့ဟာ တိုက်ပွဲတွေ ပြီးဆုံးတဲ့တိုင် စောင့်ကြည့်နေကြပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာဘက်က အန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူအားလုံးကို ကြိုဆိုပါတယ်”

       ဒါ့အပြင် အဖီချက်က နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် တားမြစ်တာဟာ လတ်တလော ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဖြစ်တယ်လို့ ထောက်ပြပြောဆိုပြီး အဲဒါက လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အေဂျင်စီတွေအတွက် လုံခြုံမှုမပေးနိုင်ဘူးလို့ ပြောပါတယ်။

       “ကျနော်တို့ရဲ့ ပထမဦးစားပေးက ထိုင်းနိုင်ငံသားတွေကို ကာကွယ်ဖို့ပါပဲ။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ပဋိပက္ခတွေအတွင်း ကြားနေရေးဝါဒနဲ့အညီ သေချာနေဖို့ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံကို အသုံးချပြီး နိုင်ငံ့လုံခြုံရေးကို ထိပါးလာမယ့် ဘယ်ဘက်ကမဆို လုပ်ဆောင်မယ့် ဆောင်ရွက်ချက်တွေကို ခွင့်မပြုနိုင်ပါဘူး”

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ငြိမ်းချမ်းတဲ့ လူထုလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့ စစ်တပ်က ဝေဟင်နဲ့ မြေပြင်ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့လို့  စစ်မြေပြင်သဖွယ် ပြောင်းလဲသွားခဲ့ပြီး ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေ ကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013