DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်
DVB
·
May 27, 2021
ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေး တပ်မတော်စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းတွေအနေနဲ့ စစ်ရေးရည်မှန်းချက်တွေနဲ့သာ တိုက်ပွဲဖော်ဆောင်ဖို့၊ စစ်ဆင်ရေးဆောင်ရွက်ရာမှာ လိုအပ်တဲ့ အင်အားကိုသာ အသုံးပြုပြီး ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး စီမံဆောင်ရွက်ဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူပိုင်ဉစ္စာပစ္စည်းတွေကို ထိပါးခြင်းမပြုဖို့၊ ဘာသာရေးအ ဆောက်အအုံတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထားဖို့၊ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဉပဒေသတွေကို ဖောက်ဖျက်ကူးလွန်မှုမပြုဖို့၊ ခေါင်းဆောင်တွေဟာ စံနမူနာပြ ခေါင်းဆောင်မှုကို ပြသပြီးလက်အောက်ငယ်သားတွေအပေါ် ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ဖို့၊ အထက်ကွပ်ကဲမှု အဆင့်ဆင့်က ပေးအပ်တဲ့ အမိန့်နဲ့ တာဝန်တွေကို လေးစားလိုက်နာဖို့၊ တပ်ဖွဲ့ဝင်အချင်းချင်း ရဲဘော်ရဲဘက်စိတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လူမျိုး၊ ဘာသာ၊ ကျားမ၊ လိင်စိတ်ခံယူချက် ကွဲပြားမှုအပေါ် မူတည်ကာ ခွဲခြားဆက်ဆံခြင်းမပြုဖို့၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုဖို့၊ လူမှုရေး ရှုပ်ထွေးခြင်းမပြုဖို့ စတဲ့ အချက် ၁၁ ချက်ကို ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်မှာတော့ စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားတွေကိုသာ ချေမှုန်းဖို့၊ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာ၊ ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ၊ ယဉ် ကျေးမှုဆိုင်ရာ အထိမ်းအမှတ်နေရာတွေနဲ့ အရပ်သားပြည်သူတွေစုဝေးသွားလာလှုပ်ရှားတဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုဖို့၊ လူနာတင်ယာဉ်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ နေရာတွေနဲ့ ရှေးဦးသူနာပြုတွေနဲ့ကျန်းမာရေးစောင့်ရှောက်ကုသ ပေးနေသူတွေ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် လက်နက်ချ အညံ့ခံသူတွေနဲ့ စစ်သုံ့ပန်းတွေအပေါ် ပြုကျင့်ရမယ့် ကျင့် ဝတ်တွေထဲမှာတော့ နှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်း မပြုဖို့၊ ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်း ချက်များအရ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံဖို့၊ မိသားစုတွေဆီ အတတ်နိုင်ဆုံး အ ကြောင်းကြားတာ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ချုပ်နှောင်ထားရှိဖို့ လိုအပ်ပါက အမျိုးသားနဲ့ အမျိုးသမီး သီးသန့်ခွဲခြားချုပ်နှောင်ဖို့ စတာတွေ ပါဝင်ပါတယ်။

အရပ်သား ပြည်သူတွေနဲ့ ဆက်ဆံရာမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေထဲမှာတော့ ရိုသေစွာဆက်ဆံဖို့၊ မောက်မာရိုင်းပြတာ၊ စော်ကားတာ၊ အနိုင်ကျင့်နှိပ်စက်တာ၊ မူးယစ် ရမ်းကားတာတွေ မပြုလုပ်ဖို့၊ အမျိုးသမီးတွေ၊ လိင်စိတ်ကွဲပြားသူတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တာ မလုပ်ဖို့၊ အရေးပေါ်လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းဉစ္စာတွေကို အသုံးပြုရပါက ကာလတန်ဖိုးအတိုင်း ပေးချေဖို့၊ အရပ်သားတွေကို ဓားစာခံ၊ ဒါမှမဟုတ် လူသားဒိုင်းအဖြစ် အသုံးမပြုဖို့၊ ကလေးသူ ငယ်တွေ၊ မသန်စွမ်းတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေစတဲ့ ထိရှလွယ်တဲ့ အုပ်စုတွေကို အထူးကာကွယ်စောင့်ရှောက်ပြီး လိုအပ်တဲ့ အကူအညီတွေပေးဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိုက်နာရမယ့် ကျင့်ဝတ် တွေအနေနဲ့ အမျိုးသမီးတွေ ကာယိန္ဒြေပျက်စီးစေခြင်း၊ အရှက်ခွဲခြင်း၊ ယုတ်ညံ့စေခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်းတွေ မပြုဖို့၊ အရွယ်မရောက်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံတာ၊ အကြမ်းဖက်တာတွေ မပြုလုပ်ဖို့ စတာတွေကိုပါ သီးခြားပြဋ္ဌာန်းထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုတော့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ထိရောက်တဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းနိုင်ရေး တို့ကို ဆောင်ရွက်နိုင်စေဖို့ တရားဝင်ဖွဲ့စည်းထူးထောင်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013