DVB Logo
Home
ပညာရေး/နည်းပညာ
အင်တာနက်မှာ ဖူးစာဘက်ရှာတဲ့ Tinder ကို စစ်ကောင်စီခွင့်ပြု၊ Twitter ၊ Facebook တို့ကိုတော့ ကန့်သတ်ထား
DVB
·
May 26, 2021
အင်တာနက်မှာ ဖူးစာဘက်ရှာတဲ့ Tinder ကို စစ်ကောင်စီခွင့်ပြု၊  Twitter ၊ Facebook တို့ကိုတော့ ကန့်သတ်ထား
1 / 3
Donate to DVB

အင်တာနက် အလုံးစုံပိတ်ဆို့မှုမှ ဝက်ဘ်ဆိုက် ၁၂၀၀ Whitelists ကင်းလွတ်စာရင်းဖြင့်ခွင့်ပြုတဲ့ နည်းဗျုဟာကို ပြောင်းလဲကျင့်သုံးလာ

အွန်လိုင်းဝက်ဘ်ဆိုက် ၁၂၀၀လောက်ကိုသာ အကန့်အသတ်နဲ့ ခွင့်ပြုထားပြီး မြန်မာလူငယ်အများစုအသုံးပြုတဲ့ Facebook နဲ့ Twitter တွေကိုတော့ ပိတ်ဆို့ထားပါတယ်။ Whitelists ကင်းလွတ်စာရင်းသတ်မှတ်ချက်စာရင်းကို မြန်မာနိုင်ငံအင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတခုကတဆင့် Nikkei Asia သတင်းဌာနက ရရှိခဲ့ရာမှာ ခုလိုတွေ့ရှိရပါတယ်။

အဲဒီကင်းလွတ်စာရင်း ခွင့်ပြုထားတဲ့စာရင်းမှာ အင်တာနက်ဝန်ဆောင်မှု ၇၅၀ လောက်နဲ့ ဝက်ဘ်ဆိုက်အမည်ပေါင်း ၄၅၀ လောက်ပါဝင်ပါတယ်။ ဘဏ်လုပ်ငန်းတွေ ငွေကြေးဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ကုမ္ပဏီ ၅၀ လောက်နဲ့ ပို့ဆောင်ဖြန့်ချိရေးကုမ္ပဏီတွေနဲ့ Grab ၊ Foodpanda စတဲ့ ကုမ္ပဏီတွေကို ရွေးချယ်ခွင့်ပြုထားပါတယ်။

အလားတူပဲ Instagram ၊ Youtube၊ Netflix ၊ Tinder စတဲ့ ဖျော်ဖြေရေး အင်တာနက်ဆိုက်တွေဟာလည်း ခွင့်ပြုထားတဲ့ အဖြူရောင်စာရင်းမှာ ပါဝင်ပါတယ်။

အဲဒီဖျော်ဖြေရေး ဝက်ဘ်ဆိုက်အနေနဲ့ ခွင့်ပြုထားတဲ့ထဲမှာ New York Times လို CNN သတင်းဌာန Barrons စသဖြင့် ပါဝင်ခွင့်ပြုထားပေမယ့် မြန်မာနိုင်ငံသတင်းတွေကို နေ့စဉ်မပြတ်ဖေါ်ပြနေတဲ့ Nikkei Asia တော့မပါဝင်ဘူးလို့ Nikkei သတင်းမှာ ရေးထားပါတယ်။

ဒီမိုကရေစီရေး ဆန္ဒပြလူငယ်တွေ စုရုံးဆော်ဩသတင်းဖြန့်ဝေရာမှာ အဓိကအသုံးပြုကြတဲ့ Facebook, Twitter တွေကတော့ ကင်းလွတ်စာရင်းမှာ မပါလာပါဘူး။

စီးပွားရေးရည်ရွယ်ချက်နဲ့ အသုံးပြုကြတယ်ဆိုတဲ့ မှတ်ချက်နဲ့ ခွင့်ပြုပေးထားတဲ့ထဲမှာတော့ WhatsApp, Linkedin, Viber, Zoom စတာတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် တခြားအာရှပစိဖိတ်နိုင်ငံတွေက လူမှုကွန်ယက်တွေဖြစ်တဲ့ တရုတ် WeChat  ၊ ကိုရီးယားက Kakao Talk ၊ ဂျပန်ရဲ့ Line နဲ့ ရုရှား VK တို့ဟာလည်း ခွင့်ပြုထားတဲ့ ကင်းလွတ်စာရင်းဝင်တွေပါပဲ။

စစ်ကောင်စီရဲ့ လွတ်လပ်ခွင့်ပေးထားတဲ့ ကင်းလွတ်စာရင်းမှာ ဘဏ်လုပ်ငန်းတွေသာမက အွန်လိုင်းဂိမ်းကစားတဲ့ဆိုက်တွေ၊ ပစ္စည်းပို့ဆောင်သယ်ယူ ဝန်ဆောင်မူတွေသာမက စီးပွားရေးနဲ့ ပတ်သက်တဲ့ ဝက်ဘ်ဆိုက်အတော်များများပါဝင်ပါတယ်။

အဲဒီကင်းလွတ်စာရင်းအမိန့်ညွှန်ကြားချက်ကို စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကနေ အင်တာနက်ဝန်ဆောင်မူ ကုမ္ပဏီတွေဆီကို ပေးပို့ထားပါတယ်။

ပညာရေး၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည်ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ အင်တာနက်အသုံးပြုသူတွေကို အမြန်ဆုံးခွင့်ပြုနိုင်ဖို့ ကင်းလွတ်စာရင်းကို ချမှတ်လုပ်ဆောင်ဖို့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေ အနေနဲ့ အမိန့်ကို လိုက်နာရမယ့်အကြောင်း ရေးထားတယ်လို့လည်း သတင်းမှာ ဖေါ်ပြပါတယ်။

အဲဒီကင်းလွတ်စာရင်းမှာ ပညာရေးနဲ့ဆိုင်တဲ့ အင်တာနက်ဝန်ဆောင်မှု ၁၀ခုနဲ့ စီးပွားရေးဆိုင်ရာ အင်တာနက် applications ၃၀၀ လောက်အပါအဝင် Google နဲ့ Microsoft ဝန်ဆောင်မှုတချို့လည်း ခွင့်ပြုပေးထားပါတယ်။

ဖေဖေါ်ဝါရီ  ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တနိုင်ငံလုံး အင်တာနက်ဖြတ်တောက်မှုတွေ အချိန်ပိုင်းဖြတ်တောက်မှုတွေကို စစ်အစိုးရက ချမှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း နေ့စဉ် စီးပွားရေးကိစ္စတွေ စားသုံးသူတွေရဲ့ စီးပွားရေးဆိုင်ရာတွေအားလုံး ကမောက်ကမဖြစ်ခဲ့ကြရပါတယ်။  မကြာသေးခင်က စီးပွားရေးစစ်တမ်းတခုအရ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာ စီးပွားရေးကုမ္ပဏီတွေရဲ့ ၃ ပုံ ၁ပုံဟာ လုပ်ငန်းဆောင်ရွက်မှု ၇၅ရာခိုင်နှုန်းလောက်ကို လျှော့ချထားရပြီးတော့  ကုမ္ပဏီ ၁၃ ရာခိုင်နှုန်းလောက်ကတော့ လုပ်ငန်းတွေ လုံးဝ ရပ်ဆိုင်းထားရတယ်လို့ တွေ့ရှိရပါတယ်။

ခုလို ကင်းလွတ်စာရင်းအကန့်အသတ်နဲ့ အင်တာနက်ခွင့်ပြုချက်ပေးလာတယ်ဆိုပေမယ့် စီးပွားရေးလုပ်ငန်းတွေအားလုံးကို အာမခံချက်ပေးနိုင်ဖို့ကတော့ စစ်ကောင်စီအတွက် မသေချာလှပါဘူး။ အခြေအနေတွေက ပိုခက်ခဲလာနိုင်ပြီးတော့ လူထုဟာ သူတို့ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ ဝက်ဘ်ဆိုက်တွေ မဖွင့်ကြည့်နိုင်တော့ဘူးလို့ ဆက်သွယ်ရေး နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။

တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာလူထုဟာ ကဏ္ဏတိုင်းမှာ နှေးကွေးလာနိုင်တယ်၊ အင်တာနက်ကိုလည်း လုံခြုံစွာမသုံးနိုင်ကြတော့မှာ မဟုတ်ဘူးလို့ စိုးရိမ်ကြပါတယ်။ Blacklist လုပ်ပြီး ပိတ်ဆို့စာရင်းလုပ်တာနဲ့ Whitelist စာရင်းလုပ်ပြီး အကန့်အသတ်နဲ့ လွှတ်ပေးတာ (whitelist အနည်းငယ်ကလွဲရင် အားလုံးသိမ်းကြုံးပိတ်လိုက်တာ) သဘောချင်းမတူပါဘူး။ နည်းပညာအရ အင်တာနက်အသုံးပြုသူတွေကို ကြည့်ရှုဝင်ရောက်ခွင့်မပေးတဲ့ ဝက်ဘ်ဆိုက်စာရင်း Blacklist နဲ့ ပိတ်ဆို့တာထက် ကြည့်ရှုဝင်ရောက်ခွင့်ပေးတဲ့ ဝက်ဆိုက်နာမည်နဲ့ ကန့်သတ်ခွင့်ပြုပေးခြင်းက အာဏာပိုင်တွေအတွက် ပိုမိုလွယ်ကူတဲ့အခြေအနေ ရှိပါတယ်။ (ကမ္ဘာကြီးမှာ ဝက်ဘ်ဆိုက်ပေါင်း သန်းပေါင်း ၁၈၀၀လောက်ရှိပြီး နေ့တိုင်းတိုးနေပါတယ်)

ကင်းလွတ်စာရင်းထဲမှာ မပါဝင်တဲ့ ဝက်ဘ်ဆိုက်တွေ ဒိုမိန်းတွေဟာ လုံးဝကန့်သတ်ပိတ်ပင်ထားလိုက်ပြီလား  VPN နဲ့တဆင့်ခံသုံးလို့ရနိုင်သေးလားဆိုတာ မသဲကွဲကြသေးပါဘူး။

လေ့လာသူတွေ စိတ်ဝင်စားကြတဲ့ တခုကတော့ လူငယ်တွေအတွက် ခွင့်ပြုတဲ့ ဂိမ်းကစားတဲ့ ဆိုက်တွေ application တွေရွေးချယ်မူပါ။ လူငယ်တွေအသုံးများတဲ့ Facebook, Twitter တွေပိတ်ဆို့လိုက်တယ်ဆိုပေမယ့် ဂိမ်းအမျိုးအစား ဝန်ဆောင်မူ ၄၀ လောက်ကို ခွင့်ပြုထားပါတယ်။ Candy Crush, Mobile Legends, Bang Bang, PUBG Mobile စသဖြင့် စစ်အစိုးရဟာ အတော်သတိထားပြီးရွေးချယ်ဖွင့်ပေးထားတဲ့ပုံပါပဲ။

အသက်၂၀ ကျော်လူငယ်လေးတယောက်ကတော့  Nikkei သတင်းဌာနကိုပြောလိုက်ပါတယ်။ "စစ်ကောင်စီဟာ လူငယ်တွေကို နိုင်ငံရေးမှာ ပါဝင်နေစေချင်တာမဟုတ်ဘူး" တဲ့။

( ဂျန်သတင်းဌာနတစ်ခုဖြစ်တဲ့ Nikkei Asia ရဲ့ https://asia.nikkei.com/ ဝက်ဘ်ဆိုက်မှာ မေလ ၂၅ ရက်က ရေးသားဖော်ပြထားတဲ့ "Myanmar allows Tinder but axes dissent havens Twitter, Facebook" သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြထားခြင်းဖြစ်သည်။)

Photo Credit- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013