DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဒီးမော့ဆိုတိုက်ပွဲအခြေအနေ - KPDF တပ်ခွဲမှူးနှင့် မေးမြန်းချက်
DVB
·
May 25, 2021
ဒီးမော့ဆိုတိုက်ပွဲအခြေအနေ - KPDF တပ်ခွဲမှူးနှင့် မေးမြန်းချက်
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ မေ ၂၅ ရက် မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ငွေတောင်ဆည်နဲ့ ဒီးမောဆိုတလျှောက်  မနက်၄နာရီ၀န်းကျင်တည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေက      စက်သေနတ်၊ တင့်ကား၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး ရွာထဲအထိပါ လက်နက်ကြီးကျရောက်မှုရှိနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ခွာစစ်ဆင်ပြီး ဆုတ်ခွာနေရပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့လည်း KPDF ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့   လူနေရပ်ကွက်တွေထဲကို ပစ်ခတ်နေတာကြောင့် ပြည်သူ ၃  ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့  ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေကိုသိနိုင်ဖို့ ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လူငယ်ခွဲမှူး တစ်ယောက်ကို  ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ဘယ်အချိန်လောက်က ဒီးမော့ဆိုမှာ ပစ်ခတ်မှု စဖြစ်တာလဲ။

ဖြေ - “၅ နာရီဝန်းကျင်လောက်က ဒီးမော့ဆိုမြို့မရဲစခန်းနားမှာ စဖြစ်တာ။ သူ့စခန်းက ကင်းထောက်နဲ့ အပြန်အလှန် ပစ်ကြတာ။ သူတို့က ထိုးစစ်ဆင်တာ မဟုတ်ပါဘူး”။

မေး - ဒီးမော့ဆို ဘယ်ရပ်ကွက်တွေမှာ လောလောဆယ် ပစ်နေတာလဲ။

ဖြေ - “ဒီးမော့ဆို စည်ပင်ရပ်ကွက်၊ ဒေါဒမနယ်ရပ်ကွက်၊ မြို့မရပ်ကွက် အဲဒီတဝိုက်နားမှာ ဖြစ်နေတယ်”။ 

မေး - စစ်ကောင်စီဘက်က အင်အားဘယ်လောက်ရှိလဲ ခန့်မှန်းလို့ရလဲ။

ဖြေ - “စခန်းနား မကပ်နိုင်ဘူး။ တွေ့လည်းမတွေ့ရဘူး။ စစ်ကောင်စီဘက်က အင်အားတော့ ခန့်မှန်းရခက်တယ်။ ပြီးခဲ့တဲ့ တမြန်နေ့ကတည်းက သံချပ်ကာယာဉ်တွေ အဲဒီစခန်းထဲက မောင်းထွက်လာတာ တွေ့လိုက်တယ်။ အထဲမှာ စစ်ကားတွေတော့ အများကြီးပဲ”။ 

မေး - စစ်ကောင်စီက ဘယ်နေရာမှာ နေရာယူထားတာလဲ။

ဖြေ - “စစ်ကောင်စီက ဒီးမော့ဆိုရဲစခန်းထဲမှာပဲ နေရာယူထားတယ်”။

မေး - အခုဖြစ်နေတဲ့ ရပ်ကွက် သုံးခုမှာ တိုက်ပွဲအခြေအနေကကော… သူတို့ ရှေ့ကို တိုးလာလား၊ အထဲကနေပဲ ပစ်နေလား။

ဖြေ - “အထဲကနေပဲ ပစ်နေတာ။ ခုခံနေတာ။ ကျနော်တို့ဘက်က ဒီးမော့ဆိုရဲစခန်းကို သိမ်းဖို့ ရည်ရွယ်နေတာပေါ့။ အထဲကနေ အပြင်ရပ်ကွက်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းလှမ်းထုနေတယ်”။

မေး - လက်နက်ကြီးနဲ့ လှမ်းထုနေတော့ ရပ်ကွက်ထဲက ပြည်သူတွေကကော… အခု ရှိသေးလား၊ ရှောင်သွားကြပြီလား။

ဖြေ - “ပြည်သူတွေ နည်းနည်းကျန်သေးတယ်။ အဲဒါလည်း ထပ်ရှောင်သွားပြီ။ ဒီမနက်တောင် ဗုံးစမှန်လို့ ဒဏ်ရာ ၃ ယောက် ရသေးတယ်ဗျ”။

မေး - အခုဖြစ်နေတဲ့ ရပ်ကွက်သုံးခုမှာ ရှောင်ရတဲ့ ပြည်သူတွေအရေအတွက်ကရော ဘယ်လောက်ရှိနိုင်လဲ။

ဖြေ - “ဒီးမော့ဆိုတဝိုက်နားဆို တစ်သောင်းဝန်းကျင်လောက် ရှိသွားပြီ”။

မေး - ပြည်သူတွေက ဘယ်မှာ သွားရှောင်နေရလဲ။

ဖြေ - “ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ရွာတွေဘက်မှာ သွားရှောင်နေရတယ်”။

မေး - လောလောဆယ် တိုက်ပွဲ‌အခြေအနေက စစ်ကောင်စီကလည်း ရဲစခန်းထဲမှာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ရဲစခန်းကိုသိမ်းဖို့ ကြိုးစားနေတဲ့ အနေအထားမျိုးမှာပဲ နှစ်ဖက်လုံးက ရှေ့မတိုး နောက်မဆုတ် အနေအထားမျိုးလား။

ဖြေ - ဟုတ်ပါတယ်။

Photo - MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013