DVB Logo
Home
မြန်မာသတင်း
အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံ၊ ကျောင်းသားအများစု ကျောင်း လာမအပ်
DVB
·
May 24, 2021
အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံ၊ ကျောင်းသားအများစု ကျောင်း လာမအပ်
Donate to DVB

အာဏာသိမ်း စစ်ကောင်စီက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့အတွက် ဒီကနေ့ မေလ ၂၄ ရက်ကစလို့  မြန်မာနိုင်ငံ ဒေသအနှံ့ရှိ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို စတင်ကျောင်းအပ်လက်ခံနေပါတယ်။

ဒါပေမဲ့ လက်ရှိပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းအန္တရာယ်နဲ့ လုံခြုံရေး အခြေအနေတွေအကြောင့် သားသမီးတွေကို ကျောင်းဖွင့်ရင် ကျောင်းမအပ်ဖို့ ဆုံးဖြတ်ထားတဲ့ မိဘတွေ အများအပြားရှိနေပါတယ်။

လက်ရှိမှာဆိုရင်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်ဖြစ်ပွားနေပြီး အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်မှုကလည်း မြင့်မားနေပါတယ်။ ဒီအခြေအနေတွေအပြင် ပြည်တွင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေနဲ့ ကျောင်းတွေအနီး ဗုံးပေါက်ကွဲမှုတွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ လုံခြုံမှုမရှိတော့ဘူးလို့ ကျောင်းသားမိဘတွေက ပြောဆိုပါတယ်။

ဒါကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ရန်ကုန်၊ တာမွေမြို့နယ်က မူလတန်းကျောင်း တစ်ကျောင်းမှာတော့ ကျောင်းဆရာ ဆရာမ အများစုက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ကျောင်းမလာကြသလို ဒီကနေ့မနက် ကျောင်းလာတဲ့ ဆရာမ ၁ ဦးနဲ့ ကျောင်းလာအပ်တဲ့  ကျောင်းသား ၁ ဦးပဲ ရှိခဲ့ပါတယ်။ 

စစ်ကောင်စီဘက်ကတော့ ကျောင်းတွေလုံခြုံရေး ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ ပြောဆိုပေမယ့် ပြည်သူအများစုက အယုံအကြည်မရှိသလို စစ်ကောင်စီလက်အောက်မှာ ကျောင်းမထားဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောဆိုပါတယ်။ မိဘတွေကတော့ သားသမီးတွေကို နေအိမ်တွေမှာပဲ စာသင်ကြားဖို့ ပြင်ဆင်နေပါတယ်။

တော်လှန်ရေးကာလ ဘယ်လောက်ကြာမြင့်မယ်ဆိုတာ မသိသေးသလို ကလေးတွေ ရေရှည်ပညာသင်ကြားနိုင်ရေး စဉ်းစားထားတာမရှိသေးပေမယ့် စစ်ကောင်စီအောက်မှာ ကျောင်းမထားဖို့ ဆုံးဖြတ်ချက်ကိုတော့ ပြန်ပြင်မှာမဟုတ်ဘူးလို့ ကျောင်းသားမိဘတွေက ပြောဆိုကြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပြည်သူအားလုံး အလုံးစုံထိုးနိုင်သေးတာ မဟုတ်တဲ့အပြင် ဘယ်လိုပုံစံနဲ့ ကျောင်းတွေပြန်ဖွင့်မယ်ဆိုတာကို မပြင်ဆင်ရသေးဘဲ ကျောင်းပြန်ဖွင့်ဖို့ ကြိုးစားတာဟာ မဖြစ်သင့်ဘူးလို့ ဆရာဝန်တစ်ဦးကလည်း ပြောဆိုပါတယ်။

ဒီလိုအခြေအနေမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် ကျောင်းတွေဟာ ကိုဗစ်ပြန့်ပွားတဲ့နေရာတွေ ဖြစ်လာမှာစိုးရိမ်မိတယ်လို့ ဒေါက်တာစိမ့်စမ်းဖြူက ပြောပါတယ်။

စစ်ကောင်စီဟာ အဆင့်မြင့်ပညာကျောင်းတွေကိုလည်း ပြန်ဖွင့်ခဲ့ပေမယ့် တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု အားကောင်းနေတဲ့အပြင် ကျောင်းသား ၉၀ ရာခိုင်နှုန်းကျော်ကလည်း ကျောင်းမတက်ဘဲ အာဏာဖီဆန်ခဲ့တာကြောင့် ကြိုးစားမှုဟာ အရာမထင်ဖြစ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံတဝန်း CDM မှာပါဝင်တဲ့ ဆရာ ဆရာမ  ၁၂၅,၀၀၀  ယောက် အလုပ်ကနေ ယာယီရပ်ဆိုင်းခံရတယ်လို့  ကျောင်းဆရာများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013