
ကမ္ဘာ့ပထမဆုံး ဂေါ်ရီလာ နားနောက်ဘက်အရိုး ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး မီဇာနီလို့ အမည်ရတဲ့ ဂေါ်ရီလာကြီး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုက ဆန်ဒီယေဂို တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ အသက် ၁၂ နှစ်အရွယ် ဂေါ်ရီလာမီဇာနီကို ခွဲစိတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန် ၁၄၁ ကီလိုဂရမ်လောက်ရှိတဲ့ မီဇာနီဟာ မတ်လကတည်းက ပါးစပ်ကို အပြည့်မဖွင့်နိုင်တာ၊ အစားအသောက်ပျက်တာနဲ့ ခေါင်းကိုက်တဲ့ လက္ခဏာတွေ စတင်ပြသခဲ့ပါတယ်။
အဲဒီနောက် CT Scan ရိုက်ကြည့်ရာမှာ နှာခေါင်းအရိုးအခေါင်းတွေ ရောင်ရမ်းနေပြီး နားနောက်ဘက် အရိုးထဲအထိ ပိုးဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။
ဒီပိုးဟာ ဦးခေါင်းခွံအထိ ပျံ့နှံ့နေတဲ့အတွက် တိရစ္ဆာန်ဆရာဝန်တွေနဲ့ လူနာခွဲစိတ်အထူးကုတွေ ပူးပေါင်းပြီး အရေးပေါ် ခွဲစိတ်ခဲ့တာပါ။
ဆရာဝန်တွေက မီဇာနီရဲ့ ခေါင်းဘယ်ဘက်ခြမ်းကို ခွဲဖွင့်ပြီး ပြည်တွေကို ဖယ်ရှားကာ ပိုးဝင်နေတဲ့ အရိုးနဲ့ အသားစတွေကို ရှင်းလင်းခဲ့ပါတယ်။
မေ့ဆေးပေးချိန်ကနေ ပြန်နိုးလာတဲ့အထိ ခွဲစိတ်မှုလုပ်ငန်းစဉ်ဟာ ၅ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။
ခွဲစိတ်မှုမလုပ်ခဲ့ရင် ပိုးက ဦးနှောက်ထဲ ပျံ့ပြီး ဦးနှောက်အမြှေးရောင်တာနဲ့ ပြည်တည်တာတွေကြောင့် မီဇာနီ သေဆုံးနိုင်တယ်လို့ ဆရာဝန် ဂျက်ဖရီပီဟားရစ်က ပြောပါတယ်။
အခုအခါမှာတော့ မီဇာနီဟာ တခြားဂေါ်ရီလာတွေနဲ့ ပြန်လည်ပေါင်းသင်းပြီး ပုံမှန်အတိုင်း စားသောက်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။










