DVB Logo
Home
Lead Story
ပြည်သူ့ကာကွယ်ရေး ပြောက်ကျားစစ် အဓွန့်ရှည်ပါစေ
DVB
·
May 19, 2021
ပြည်သူ့ကာကွယ်ရေး ပြောက်ကျားစစ် အဓွန့်ရှည်ပါစေ
Donate to DVB

ဒီနေ့ မြန်မာပြည် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး ဆင်နွှဲနေတဲ့  စစ်ကောင်စီရဲ့ စစ်အာဏာရှင်စနစ် မြေမြှုပ်သင်္ဂြိုဟ်ပစ်ရေး ပြည်သူ့တော်လှန်ရေးဟာ တပြည်လုံးအနှံ့ ကျယ်ပြန့်ကြီးထွားလာနေပါတယ်။

ဖေဖော်ဝါရီလဆန်းက စတင်ခဲ့တဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ မတရားတဲ့စစ်ကောင်စီရဲ့ အမိန့်အာဏာဟူသမျှ ငြိမ်းချမ်းစွာ အကြမ်းမဖက်ဆန္ဒပြပွဲတွေနဲ့ CDM လှုပ်ရှားမှုဟာ ရက်ပေါင်း ၁၀၀ တိုင်အောင် ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ စစ်ကောင်စီသောင်းကျန်းသူတွေရဲ့ တရားမဲ့ပစ်ခတ် လုယက် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်သူရော မပါဝင်တဲ့ပြည်သူတွေပါ အာဇာနည် ၈၀၀ ကျော် အသက်ပေး ကျဆုံးခဲ့ရပါပြီ။ ဥပဒေမဲ့ ဖမ်းဆီးထောင်ချခံရသူကလည်း ၃၅၀၀ ကျော်ခဲ့ပါပြီ။ 

ဒီလိုအခြေအနေအောက်မှာ မြို့ရော တောပါ တောင်ပေါ်ရော မြေပြန့်ပါ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ CDM လှုပ်ရှားမှုဟာ ခုခံကာကွယ်ရေးတိုက်ပွဲသဏ္ဍာန်တရပ်ဆီ ကူးပြောင်းရောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း NUG အစိုးရက ‘ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)’ ဖွဲ့စည်းဖို့ မေလ ၅ ရက်နေ့က တပြည်လုံးကို လမ်းညွှန်လိုက်ပါတယ်။

ဒီလမ်းညွှန်ချက်ကို ပထမဆုံး ဆုပ်ကိုင်လှုပ်ရှား အကောင်အထည်ဖော်လိုက်တဲ့ အဖွဲ့ကတော့ ချင်းပြည်နယ်က မြို့နယ် ၉ ခု ပါဝင်တဲ့ ‘ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြီး (Chinland People Defence Force) ပဲ ဖြစ်ပါတယ်။ ကလေးမြို့နယ် တဟန်း သပိတ်စခန်းကို စစ်ကောင်စီရဲ့ ရက်စက်စွာအကြမ်းဖက် ဖြိုခွဲမှုကို ရရာလက်နက်နဲ့ ခုခံကာကွယ်တိုက်ခိုက်ခဲ့ကြတဲ့ ‘တဟန်းလမ်းကြောင်း’ အတိုင်း၊ ချင်းပြည်နယ်တခုလုံးက လိုက်ပါ တိုက်ခိုက်ခဲ့ကြပါတယ်။ 

မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ မတူပီ စတဲ့ မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေက ရာနှင့်ချီတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချေမှုန်းတိုက်ခိုက်လိုက်လို့ မျက်ကလဲဆန်ပျာ တုန်လှုပ်နေကြပါပြီ။ နောက်ဆုံး စစ်ကောင်စီတပ်ဖွဲ့တွေကို ထိခိုက်ကျဆုံးမှု အများဆုံး အပြင်းထန်ဆုံး ခုခံတိုက်ခိုက်နေတဲ့ မင်းတပ်မြို့နယ်ကို ‘စစ်အုပ်ချုပ်ရေး’ ကြေညာလိုက်ရတဲ့အထိ အခြေအနေဟာ သည်းသန်ပြင်းထန်ခဲ့ပါတယ်။ 

ဒါပေမဲ့ ပြည်သူတရပ်လုံးရဲ့ ခုခံကာကွယ်ရေးစစ်ပွဲဟာ မင်းတပ်မြို့မှာတင် ရပ်မသွားခဲ့ပါဘူး။ ကလေး၊ ကနီ၊ မင်းကင်း စတဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက် ချောင်းဦး၊ မုံရွာအထိ ခုခံကာကွယ်ရေးတိုက်ပွဲတွေ ဆက်စပ်ပြန့်ပွားခဲ့ပါတယ်။ ဒီကနေ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး၊ ခင်ဦး၊ တန့်ဆည်၊ နောက် တနင်္သာရီတိုင်း ထားဝယ်အထိ မိုးဦးကျမှိုတွေလို နေ့စဉ်ရက်ဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြိုင်းအရိုင်း ပေါ်ထွက်လာနေကြပါပြီ။ 

တပြည်လုံးမှာ အထွေထွေပြည်သူ့ကာကွယ်ရေး တော်လှန်ရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်လာရေးအတွက်၊ အခြေအနေအကြောင်းအချက်တွေ ဖြစ်ထွန်းလာနေပြီလို့ ဆိုနိုင်ပါတယ်။ တကယ်တမ်း လိုအပ်နေတာက ဒီအင်အားစုတွေကို အပြန်အလှန် အကူအညီပေးပြီး စနစ်တကျ အစီအစဉ်ရှိရှိ ဆက်စပ်စုစည်း တိုက်ခိုက်နိုင်ရေးအတွက် ခေါင်းဆောင်မှုပေးနိုင်ရေးပါပဲ။ ဒီပြဿနာကို အချိန်မီ မြန်မြန်ဆန်ဆန် လက်ဦးမှုရှိစွာ ဖြေရှင်းမပေးနိုင်ရင် စစ်ကောင်စီတပ်ဖွဲ့တွေက တကွက်ချင်း နင်းချေပစ်ပါလိမ့်မယ်။ အခုဆိုရင်ပဲ စစ်ကောင်စီရဲ့ ‘မင်းတပ်ခြေမှုန်းရေး’ စစ်ဆင်ရေး စတင်ခဲ့ပါပြီ။ 

ခေတ်မီလက်နက်တွေ၊ ခြေဆုံးခေါင်းဆုံး တပ်ဆင်ပြီး စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားတဲ့ တပ်တွေ၊ ပုံမှန်စစ်ပွဲတွေ ဆင်နွှဲလို့ အနိုင်မရနိုင်သေးပါဘူး။ တပြည်လုံးမှာ ကျယ်ပြန့်တဲ့ ပြောက်ကျားစစ်ပွဲတွေ၊ ဆင်နွှဲတိုက်ခိုက်ရပါလိမ့်မယ်။ မြို့ပြပြောက်ကျား စစ်သဏ္ဍာန်တွေ ပေါင်းစပ်ဆင်နွဲရပါလိမ့်မယ်။ ပြည်သူ့ကာကွယ်ရေးစစ်ပွဲဖြစ်တဲ့အတွက် အတားအဆီး‌တွေ မြင့်မားတည်ဆောက်၊ ကတုတ်ကျင်းတွေ နက်နက်တူးပြီး ‘ခံစစ်ဒေသ’ တိုက်ပွဲသဏ္ဍာန် ကျင့်သုံးလို့ မရပါဘူး။ ဘယ်လောက်မြင့်မားတဲ့ အရံအတားတွေ၊ ဘယ်လောက်နက်ရှိုင်းတဲ့ ခံကတုတ်မှ ခေတ်မီလက်နက်နဲ့ လေကြောင်းအင်အား သုံးစွဲနိုင်တဲ့ ရန်သူကို ရေရှည် တားဆီးလို့ မရပါဘူး။ အခြေအနေ အချိန်အခါလိုက် ပြောက်ကျားတပ်ဖွဲ့ကို စုစည်းနိုင်ခြင်း၊ နေရာပြောင်းရွှေ့နိုင်ခြင်း၊ ဖြန့်ခွဲနိုင်ခြင်းကို ကျင့်သုံးနိုင်တဲ့ ‘ခံစစ်ရှင်’ တိုက်ပွဲသဏ္ဍာန် ကျင့်သုံးရပါမယ်။ 

ပြောက်ကျားခေါင်းဆောင်ဟာ ‘တံငါသည်’ လို ကျင့်ရပါမယ်။ ပိုက်ကွန်ကို လိုသလို စုနိုင် ဖြန့်နိုင်ရပါမယ်။ ဘယ်အချိန်မှာ ကွန်ကိုဖြန့်မယ်၊ ဘယ်နေရာမှာ ကွန်ချက်ရှိတယ်၊ ဘယ်အခါ ကွန်ကိုစုစည်းမယ်၊ ဘယ်နေရာကို ရွှေ့မယ်ဆိုတာ ကျွမ်းကျင်ဖို့ လိုပါမယ်။ 

စစ်ပွဲရဲ့ ဘယ်လိုအဆင့်မှာဖြစ်ဖြစ် စစ်ရဲ့ တရားကိုယ်အခြေခံသဘောဟာ ကိုယ့်အင်အားကို ထိန်းသိမ်းရေးနဲ့  ရန်သူကိုချေမှုန်းရေးပဲ ဖြစ်တယ်။ ပြောက်ကျားဆိုင်ရာလမ်းညွှန်မှု စကားလုံး ၁၆ လုံး ရှိပါတယ်။ ရန်တက်-ငါဆုတ်၊ ရန်နား-ငါရှုပ်၊ ရန်ပန်း-ငါတိုက်၊ ရန်ပြေး-ငါလိုက် ဖြစ်ပါတယ်။ 

ဒီစစ်ပရိယာယ် လမ်းညွှန်မှုတွေကို အခြေအနေ အချိန်အခါနဲ့ ကိုက်ညီစွာ ကျင့်သုံးနိုင်ရင်၊ အချိန်တိုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်ကြီး အင်အားကြီးထွားလာပြီး စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်ပစ်နိုင် ပါလိမ့်မယ်။ 

မင်းရဲကျော်စွာ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013