
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်နေတဲ့အတွက် မြို့ပေါ်က လူနေအိမ်များပျက်စီးပြီး ပြည်သူတွေ ဆက်လက်ထိခိုက်မှာစိုးရိမ်တာကြောင့် နောက်ဆုတ်ပေးရတာလို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မေလ ၁၅ ရက်နေ့မှာ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက တစ်ရက်တည်း ရဟတ်ယာဉ်အပါအဝ၍် စစ်အကူအင်အားထောင်ချီနဲ့ လက်နက်အင်အား အကြိမ် ၃၀ လောက် လာရောက်ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
မနက် ၇ နာရီကနေ ညနေပိုင်း ၃ နာရီလောက်အထိ မြို့ပေါ်လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ မနားတမ်းပစ်ခတ်တဲ့အတွက် ဗုံးဆန်ထိမှန်တဲ့ ပြည်သူတွေ ဆေးကုသဖို့ မရတဲ့အခြေအနေထိ ရှိနေပါတယ်။
"ကျနော်တို့ ရှေ့တိုက်ပွဲတွေမှာ အနိုင်ရထားတယ်။ ကျနော်တို့မှာ လူတွေရှိသေးတယ်။ လက်နက်တွေ ရှိသေးတယ်။ အင်အားတွေ ရှိသေးတယ်။ ဒါပေမဲ့ ရဟတ်ယာဉ်နဲ့ မြို့ကို ကျော်ပြီးတော့ လက်နက်တွေ အင်အားတွေချထားတယ်။ ကျနော်တို့ ပစ်ချဖို့ လက်နက်အင်အားတွေ မရှိဘူး။ ရဟတ်ယာဉ်နဲ့ ကျော်ပြီးချတယ်။ မြို့ထဲကို ပစ်တယ်။ လူသားဒိုင်းတွေပါ လုပ်လာတယ်။ ကျနော်တို့ မြို့ပြည်သူတွေကို အထိခိုက်မခံဘူး။ သူတို့တွေက ပစ်ချင်ရာပစ်ဆိုတော့ အထိအခိုက်တွေ များလာနိုင်တယ်။ အဲဒါကြောင့် ရှောင်လိုက်တဲ့ သဘောတွေပါ။ ဒါပေမဲ့ ကျနော်တို့မှာ အစီအစဉ်တွေရှိသေးတယ်။ ကျနော်တို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ လုပ်နေကြတယ်။ ကျနော်တို့ ပြန်စုစည်းတယ်ဆိုတော့ ကျနော်တို့အနေနဲ့ မြို့တွင်းတိုက်ပွဲ မဆင်နွှဲဖို့ အဲဒီလိုမျိုးကြောင့် ပြည်သူတွေရဲ့ ထိခိုက်ပျက်စီးသွားမှာ ငဲ့လို့ပေါ့နော်။ ကျနော်တို့နာမည်ကိုက ပြည်သူ့ကာကွယ်ရေးတပ်ဆိုတော့ ကျနော်တို့အနေနဲ့ ဗျူဟာပြောင်းသင့် မပြောင်းသင့်ဆိုတဲ့ သဘောနဲ့ ဆုတ်တဲ့သဘောပါ” လို့ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့ပေါ်ရှိ ပြည်သူတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်လည်း အသုံးပြုထားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။