
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ မာရှယ်လောတင်မက မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးက လွဲလို့ မည်သည့်အုပ်ချုပ်ရေးမှ အကျုံးမဝင်ကြောင်း တန်ပြန်ကြေညာလိုက်ပါတယ်။
မေလ ၁၃ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးဖို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးကို တာဝန်အပ် အပ်နှင်းလိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီကကြေညာခဲ့တာဖြစ်ပါတယ်။
တိုင်းမှူးဟာ အချိန်နဲ့တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်အပေါ်မူတည်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးတွေကိုသော်လည်းကောင်း တာဝန် လွှဲအပ်ပြီး စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအမိန့်နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
လက်ရှိမှာ မင်းတပ်မြို့အပြင် မင်းတပ်အနီးက ဆော၊ ကန်ပက်လက်၊ ကျောက်ထုဒေသတွေမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီအကြမ်းဖက်တပ်ဖက်က လက်နက်ကြီးပစ်ကူတွေပါသုံးကာ တိုက်ခိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
မေလ ၁၂ ရက်နေ့က မင်းတပ်မြို့နယ်ရှိ ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာလုံခြုံရေးယူ ထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့သလို မေလ ၁၃ ရက်နေ့ကလည်း နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။