DVB Logo
Home
မြန်မာသတင်း
DVB သတင်းထောက်ကိုမင်းညိုကိုထောင် ၃ နှစ်ချသည့်အပေါ် သတင်းစာဆရာများ ကန့်ကွက် ရှုတ်ချ
DVB
·
May 13, 2021
DVB သတင်းထောက်ကိုမင်းညိုကိုထောင် ၃ နှစ်ချသည့်အပေါ် သတင်းစာဆရာများ ကန့်ကွက် ရှုတ်ချ
Donate to DVB

ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို စစ်အုပ်စုက ထောင် ၃ နှစ်ချလိုက်တာနဲ့ပတ်သက်ပြီး  သတင်းစာဆရာတွေက အပြင်းအထန်ကန့်ကွက်ရှုတ်ချ လိုက်ပါတယ်။

ပြည်မြို့မှာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ သတင်းယူနေတဲ့ DVB သတင်းထောက်ကိုမင်းညိုကို ရဲနဲ့စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားပြီး   မေလ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အကျဉ်းထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့တာပါ။

ကိုမင်းညိုဟာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အာဏာသိမ်း ကာလမှာ စစ်ကောင်စီတရားရုံးက  ပထမဆုံးထောင်ဒဏ်ချတာကို ခံလိုက်ရတဲ့ သတင်းထောက်ဖြစ်ပါတယ်။

ကိုမင်းညိုဟာ ပြည်သူတွေသတင်းမှန်သိဖို့ကြိုးစားခဲ့တာဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်တာမဟုတ်တဲ့အတွက် ပြန်လည်လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ DVB သတင်းဌာန အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောပါတယ်။

“ကိုမင်းညိုကို ထောင်သုံးနှစ်ချလိုက်တာဟာ သတင်းမီဒီယာလောကတစ်ခုလုံးကို တိုက်ခိုက်လိုက်တာပါပဲ။ သူဟာ လွတ်လပ်တဲ့သတင်းမီဒီယာလုပ်ငန်းအတွက် လုပ်ကိုင်နေတာပါ။ ရာဇဝတ်မှုကျူး လွန်တာမဟုတ်ပါဘူး။ ကိုမင်းညိုထောင်ကျသွားပေမယ့် သူယုံကြည်တဲ့ လွတ်လပ်တဲ့သတင်းမီဒီယာလုပ်ငန်းကို ကျနော်တို့ DVB က ဆက်လုပ်သွားမှာဖြစ်ပါတယ်။ ကိုမင်းညိုလွတ်မြောက်ဖို့အတွက်လည်း အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်”။ 

အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်စွာရပ်တည်တဲ့ သတင်းဌာနတွေကို လိုင်စင်သိမ်းတာ၊ သတင်းသမားတွေကို ဖမ်းဆီးပြီး တရားစွဲဆိုထားတာတွေဟာ မှန်ကန်သင့်တော်တဲ့ လုပ်ရပ်တွေမဟုတ်ဘူးလို့ဆိုကြပါတယ်။ 

ကိုမင်းညိုကိုထောင်သုံးနှစ်ချလိုက်တဲ့ ဖြစ်ရပ်ကိုကြည့်ရင် မြန်မာသတင်းသမားတွေအတွက် ခက်ခဲကြမ်းတမ်းတာတွေပိုများလာမယ်လို့ သတင်းသမားတွေကလည်း  ခန့်မှန်းကြပါတယ်။

Myanmar Journalism Institute အမှုဆောင်ဒါရိုက်တာ ဦးသီဟစောက “ ကန့်ကွက်စရာပဲရှိတယ်။ သတင်းသမားဆိုတာ ရာဇဝတ်သားမဟုတ်ဘူး။ သတင်းသမားတော်တော်များများစွဲခံထားရတယ်။ သတင်းတိုက်တွေလိုင်စင်အပိတ်ခံထားရတယ်။ ဒါတွေက မကောင်းဘူး။ သတင်းလောက ဇီးရိုးခြေအနေအထိတော့မရောက်နိုင်ဘူး။ သတင်းလောက ကွယ်ပျောက်မသွားနိုင်ဘူး။ ဒါပေမဲ့ သတင်းသမားတွေအတွက်ကတော့ ခက်ခဲကြမ်းတမ်းတာတွေရှိလာမယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီက ပြည်သူတွေနဲ့ သတင်းသမားတွေကို ပုဒ်မတပ်တရားစွဲနေတာဟာ ရန်လိုအနိုင်ကျင့်နေတာဖြစ်တယ်လို့ သတင်းစာဆရာတစ်ယောက်ကပြောပါတယ်။

ပြည်သူတွေရဲ့သတင်းသိပိုင်ခွင့်ကို ပိတ်ဆို့တာ၊ သတင်းသမားတွေကို ရိုက်နှက်ဖမ်းဆီးတရားစွဲနေတာတွေဟာ ကျော်မကောင်းကြားမကောင်းကိစ္စရပ်တွေဖြစ်တယ်လို့ သတင်းစာဆရာ ဦးကျော်မင်းဆွေက  သုံးသပ်ပါတယ်။

“စစ်ဆေးမေးမြန်းမရှိဖမ်းလို့ရတဲ့ ပုဒ်မကိုသုံးတာပေါ့နော်။ ရန်လိုတဲ့သဘောပါတာပေါ့။ အစိုးရနာမည်ခံထား ပြီးပြီဆိုရင် ပြည်သူကိုပဲဖြစ်ဖြစ် မီဒီယာကိုပဲဖြစ်ဖြစ် ရန်လိုတဲ့သဘောက မကောင်းဘူး။ အမြင်ကပ်လို့ရှိရင်စွဲ တာပေါ့နော်။ အမြင်ကပ် ပုဒ်မတွေဖြစ်နေတယ်။ သတင်းသိခွင့်ရှိတဲ့ ပြည်သူတွေရဲ့ နားမျက်စိကိုပိတ်ပင်တဲ့ ပုဒ်မတွေဖြစ်တယ်။ ပြည်သူတစ်ဦးချင်းစီရဲ့ အခွင့်အလမ်းနဲ့ရပိုင်ခွင့်ကို ဒီပုဒ်မက ပိတ်ပင်တားဆီးရာရောက်တယ်”။

စစ်အာဏာသိမ်းပြီး ၃ လကျော်ကာလအတွင်း  DVB အပါအဝင် သတင်းဌာနတွေရဲ့ သတင်းမီဒီယာလုပ်ငန်းလိုင်စင်တွေကို စစ်ကောင်စီက ဆက်တိုက်ရပ်ဆိုင်းခဲ့ပါတယ်။ သတင်းသမား ၈၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲက သတင်းသမား ၄၀ ကျော်ကို ပုဒ်မတပ်တရားစွဲဖမ်းချုပ်ထားပါတယ်။

နယ်မြို့တွေမှာလည်း သတင်းထောက်တွေကို ရိုက်နှက်တာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာတွေကိုပါပြုလုပ်ခဲ့တဲ့အတွက် မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ အဆိုးရွားဆုံး အခြေအနေကိုတစ်ခုကို  ရောက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013