DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က အာဏာသိမ်းရက် ၁၀၀ အတွင်း ပြည်သူ ၇၈၀ ကျော်ကို သတ်ဖြတ်
DVB
·
May 12, 2021
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က အာဏာသိမ်းရက် ၁၀၀ အတွင်း ပြည်သူ ၇၈၀ ကျော်ကို သတ်ဖြတ်
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ အာဏာသိမ်းတဲ့ ပထမရက် ၁၀၀ အတွင်း  ပြည်သူ ၇၈၃ ယောက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) ထုတ်ပြန်ချက်အရသိရပါတယ်။  

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၁ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၄၉၃၆ ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၃၈၅၉ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၅၈၁ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က မေ ၁၁ ရက်နေ့မှာလည်း ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို မြန်မာပြည်တဝန်း ပြုလုပ်ခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက် ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း စထွက်ရန် ပြင်နေချိန် အိမ်စီးကားတွေ အသုံးပြု ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ပြည်သူ ၁ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် လူစုကွဲသွားပြီးနောက် နေအိမ်တွေအတွင်းအထိ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာကြောင့် အမျိုးသမီးတွေ အပါအဝင် ဆန္ဒထုတ်ဖော်သူ ၁၀ ယောက်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အေအေပီပီက ဆိုပါတယ်။

စစ်အာဏာသိမ်းမှု ရက် ၁၀၀ တိုင် ရှိလာခဲ့ချိန်မှာ စစ်အုပ်စုဟာ ပြည်သူတွေက အပ်နှင်းထားသတဲ့ တိုင်းပြည်ရဲ့အာဏာအဝဝကို လက်နက်အားကိုးနဲ့ တရားမဲ့ အာဏာ သိမ်းယူပြီးနောက်ပိုင်း ပြည်သူတွေကို အကြမ်းဖက်နည်းမျိုးစုံနဲ့ ရမ်းကားနှိပ်စက်ခဲ့တာ ကြောင့် အကြမ်းဖက်စစ်အုပ်စုအဖြစ် ထင်ထင်ရှားရှား ရပ်တည်နေကြောင်းနဲ့ စစ်တပ် စည်းမျည်းစည်းကမ်းတွေကို လိုက်နာမှုမရှိတဲ့အတွက် ကမ္ဘာပေါ်ရှိ စစ်တပ်တွေရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေကြောင်းလည်း အေအေပီပီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေအားလုံး ယိုင်နဲ့လုနီးပါးရှိနေပြီဖြစ်ပြီး အထူးသဖြင့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း အာဏာသိမ်းခဲ့တာကြောင့် ပြည်သူတွေဟာ ကျန်းမာရေးဆိုင်ရာ အစောင့်အရှောက်တွေ မရရှိတော့ဘဲ နိုင်ငံတွင်း ဘယ်လောက်ထိ ရောဂါကူးစက်ခံထားရတယ် ဆိုတာကို သိရှိရခြင်းမရှိတာကြောင့် ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်မှာကို အထူးစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ခုကာလအတွင်း ပြည်သူတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ အမျိုးမျိုးသော ခိုး၊ ဆိုး၊ လုယက်၊ ဖျက်ဆီးမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အချိန်နဲ့အမျှ ရင်ဆိုင်ခံစားနေ ကြရပြီး အခြားတဖက်မှာလည်း တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ် ပွားနေတာကြာင့် သောင်းနဲ့ချီတဲ့ ဒေသခံ တိုင်းရင်းသားတွေဟာ အိုးအိမ်စွန့်ခွာ တော တောင်တွေအတွင်း ထွက်ပြေး နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ငန်းလည်ပတ်မှုယန္တရားကို ရပ်တန့်သွားစေတဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်သူတွေကို နေ့စဉ်ရက်ဆက် အပြင်းအထန် ဖိနှိပ်နေကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013