ပြင်သစ်နိုင်ငံက နာမည်ကြီး ဖန်ထည်ပညာရှင် ‘ရီနေး လာလိခ်’ နဲ့ သူ့မိသားစုရဲ့ တန်ဖိုးကြီးလက်ရာတွေကို ပြသထားတဲ့ ပြတိုက်တခုထဲကို သူခိုးတွေ ဝင်ရောက်ပြီး ရတနာပစ္စည်းတွေကို အချိန်တိုလေးအတွင်းမှာ လျှပ်တပြက် ဓားပြတိုက် ယူဆောင်သွားခဲ့ကြတယ်လို့ ပြတိုက်ဝန်ထမ်းတွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။
ပြင်သစ်နိုင်ငံအရှေ့ပိုင်း အားလ်ဆာ့စ်က်ဒေသမှာရှိတဲ့ လာလိခ်ပြတိုက်ရဲ့ တံခါးကို မျက်နှာဖုံးစွပ် သူခိုးတွေက ရိုက်ခွဲဝင်ရောက်ခဲ့ကြပြီး ယူရိုသန်းနဲ့ချီ တန်ကြေးရှိတဲ့ ရတနာပစ္စည်း အခု ၂၀ လောက်ကို ဇူလိုင် ၅ ရက်မနက်ပိုင်းက ခိုးယူသွားခဲ့ကြတာလို့ France Info နဲ့ တခြားပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ရတနာတွေကို အချိန်တိုလေးအတွင်းမှာပဲ ယူသွားကြတာလို့ ပြတိုက်ဘက်က အင်စ်တာဂရမ်မှာ တင်ထားပါတယ်။
သူခိုးတွေ ဝင်လာတုန်းက လုံခြုံရေးအချက်ပေးစနစ်တွေ မြည်ခဲ့သလို၊ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေကိုလည်း ဝန်ထမ်းတွေက စာရင်းမှတ်တမ်းတင်ပြီးပြီ ဖြစ်ကြောင်း၊ အခုအခါမှာတော့ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရေးတွေ စတင်နေပြီး CCTV မှတ်တမ်းတွေကို စစ်ဆေးနေတယ် လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။
ဒါပေမဲ့ ဘာပစ္စည်းတွေ အခိုးခံရလဲဆိုတဲ့ အသေးစိပ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
အခုခါ ပြတိုက်ကို လုံခြုံရေး အပြည့်အဝပြန်လည်မြှင့်တင်ပြီးမှ ပြန်ဖွင့်နိုင်ဖို့အတွက် လာမဲ့ ရက်ပိုင်းတွေမှာ ယာယီပိတ်ထားမှာ ဖြစ်ပါတယ်။
ဒါဟာ ပြင်သစ်တနိုင်ငံလုံးကို တုန်လှုပ်စေခဲ့တဲ့ ပါရီမြို့က လု့ဗ်ပြတိုက် ဖောက်ထွင်းခံရမှု ဖြစ်ပွားပြီး တနှစ်တောင် မပြည့်သေးခင်မှာပဲ နောက်ထပ် ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ပါရီမြို့က ကမ္ဘာကျော်လုဗ်ပြတိုက်ကို သူခိုးတွေ ဖောက်ထွင်းဝင်ရောက်ခဲ့တာမှာ သံသယရှိသူ အတော်များများကို ဖမ်းဆီးရမိထားပေမဲ့ အဖိုးဖြတ်မရတဲ့ အဲဒီပြသကွက်ပစ္စည်းတွေကိုတော့ အခုထက်ထိ ပြန်မရသေးပါဘူး။
စထရာ့စ်ဘာ့ဂ်မြို့ရဲ့ အနောက်မြောက်ဘက် ၆၀ ကီလိုမီတာ (မိုင် ၄၀) အကွာမှာရှိတဲ့ ဗင်းဂန်း ဆူရ်မိုဒဲမြို့က အဲဒီပြတိုက်မှာ အာ့တ်နူဗို ခေါ် အနုပညာလက်ရာသစ် စတိုင် ရတနာတွေ၊ အာ့တ် ဒယ်ကို ခေါ် အလှဆင် အနုပညာလက်ရာစတိုင် ဖန်ထည်တွေနဲ့ သလင်းဖန်သား ပုံဆောင်ခဲတွေ အပါအဝင် စုစုပေါင်း လက်ရာပစ္စည်း ၆၅၀ ကျော် ပြသထားတယ်လို့ ပြတိုက်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
Source: Reuters










