
အမေရိကန်အစိုးရဟာ ဇွန် ၄ ရက်မှာ ကျူးဘားသမ္မတ မီဂွဲလ် ဒီယက်ဇ်ကာနယ်လ်အပြင် သူနဲ့ ပတ်သက်ဆက်နွှယ်နေသူတချို့နဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
ဒီပိတ်ဆို့အရေးယူမှုထဲမှာ ကျူးဘား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ဝန်ကြီးဌာန အပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် ၄ ယောက်နဲ့ အဖွဲ့အစည်း ၅ ခုလည်း ပါဝင်ပါတယ်။ ဒီအရေးယူမှုနဲ့ ပတ်သက်ပြီး ကျူးဘားအစိုးရဘက်ကတော့ ချက်ချင်း တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
သမ္မတ ဒီယက်ဇ်-ကာနယ်လ်ဟာ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒဲလ် ကက်စထရိုရဲ့ ညီဖြစ်သူ ရာအူးလ်ကက်စထရို ဆီကနေ ၂၀၁၈ ခုနှစ်မှာ ရာထူးလွှဲပြောင်းရယူခဲ့ပြီးကတည်းက ကာရစ်ဘီယံ နိုင်ငံရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ဒီယက်ဇ်-ကာနယ် အပေါ် ချမှတ်လိုက်တဲ့ အရေးယူမှုဟာ ကျူးဘားနိုင်ငံရဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေအပေါ် ဖိအားပိုမိုပြင်းထန်စေဖို့ ဝါရှင်တန်ရဲ့ နောက်ဆုံးလုပ်ဆောင်ချက် ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ကျူးဘားကို “ကောင်းမွန်စွာ စီမံခန့်ခွဲတဲ့နိုင်ငံ” ဖြစ်စေလိုကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတင်းထောက်တွေကို ပြောကြားချိန်မှာပဲ ဒီပိတ်ဆို့မှုတွေကို ကြေညာခဲ့ တာပါ။
ပြီးခဲ့တဲ့လကလည်း အမေရိကန်အစိုးရဟာ ကျူးဘားဆက်သွယ်ရေးဝန်ကြီး၊ စစ်ဘက်ခေါင်းဆောင် တချို့နဲ့ အဓိက ထောက်လှမ်းရေးအေဂျင်စီအပါအဝင် ကျူးဘားအရာရှိ ၁၁ ယောက်ကို ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ၁၉၉၆ ခုနှစ်တုန်းက ကျူးဘားတိုက်လေယာဉ်တွေကနေ ကျူးဘားပြည်ပရောက် အဖွဲ့တဖွဲ့ မောင်းနှင်တဲ့ လေယာဉ်တွေကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှုနဲ့ ရာအူးလ် ကက်စထရိုကို လည်း အမေရိကန်က လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
Source: Reuters











