စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းတိုက်နယ်ကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲပြီး လူနေအိမ် ၁၁ လုံးကို ဖျက်ဆီးကာ ပစ္စည်းတွေ ယူသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်ကို ဝင်ရှာပြီး လူမရှိတာကြောင့် အိမ်ကိုဖျက်ဆီးကာ ရှိတဲ့ပစ္စည်းယူသွားကြတာလို့ အိမ်ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေဟာ ဧပြီ ၂၇ ရက်နေ့ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို အကြောင်းပြပြီး ဒီကနေ့အထိ တပ်စွဲထားတာဖြစ်ပါတယ်။
ရွာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ တပ်စွဲထားတာကြောင့်လည်း ရွာနေပြည်သူ တော်တော်များများ ဘေးလွတ်ရာကို ရှောင်ပြေးနေကြရပါတယ်။
ဆင်အင်းကျေးရွာဟာ အိမ်ခြေ ၁၅၀၀ ပတ်ဝန်းကျင်ရှိတဲ့ တိုက်နယ်အဆင့် ကျေးရွာတစ်ခုဖြစ်ပြီး ရွာသားအများစုက စစ်အာဏာရှင်စနစ်ကို အလိုမရှိကြဘူးလို့ သိရပါတယ်။