
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာကို စစ်ကောင်စီတပ်က ၄ ရက်အတွင်း လေကြောင်းကနေ ၂ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဦးပဉ္ဇင်းတ ၁ ပါး ပျံလွန်တော်မူသွားပြီး အမျိုးသမီး ၂ ယောက် သေဆုံးကာ၊ ကလေးငယ် ၂ ယောက်အပါအဝင် ဒေသခံ ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၃ ရက် မနက် ၁၁ နာရီ ၁၀ မိနစ်လောက်မှာ မိတ္ထီလာနဲ့ တံတားဦး လေတပ်ကနေ တိုက်လေယာဉ် ၃ စီးနဲ့ လာရောက်ပြီး စစ်ဘေးရှောင်တွေ အများစုနေထိုင်တဲ့ ရှင်စောပုဘုရားအနီးကို ဗုံး ၆ လုံး ကြဲချခဲ့သလို ဧပြီ ၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာလည်း တိုက်လေယာဉ် ၂ စီးနဲ့ စစ်ရှောင်စခန်းက စာသင်ကျောင်းကို ဗုံး ၆ လုံး ထပ်မံကြဲချခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ သက်တော် ၃၈ နှစ်၊ ဝါတော် ၁၀ ဝါရှိပြီဖြစ်တဲ့ ဦးပဉ္ဇင်း ဦးပုညဟာ ကလေးတွေကို ဗုံးခိုကျင်းထဲ ပို့ဆောင်ပေးနေစဉ် ဗုံးစထိမှန်ပြီး အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားခဲ့တယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။
ဒါ့အပြင် အသက် ၆၀ နဲ့ ၇၀ အရွယ် စစ်ရှောင်အမျိုးသမီး ၂ ယောက်လည်း သေဆုံးခဲ့ရပါတယ်။ ပထမအကြိမ် ဗုံးကြဲမှုမှာ အမျိုးသမီးကြီး တယောက် ထိတ်လန့်ပြီး နှလုံးရပ် သေဆုံးခဲ့ရသလို ဒုတိယအကြိမ်မှာတော့ အမျိုးသမီးတယောက် ဗုံးစထိမှန် သွေးထွက်လွန် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်အရွယ် မိန်းကလေး ၂ ယောက်အပါအဝင် စစ်ရှောင်ပြည်သူ ၈ ယောက်လည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်းမှာ ဘုရားစေတီ ၂ ဆူ၊ နေအိမ် ၁၀ လုံးအပြင် စစ်ရှောင်တဲတွေနဲ့ စာသင်ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
လက်ရှိ ဆင်အင်းကျေးရွာမှာ မန္တလေးတိုင်းဘက်ကနေ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင် ၃၀၀ ကျော်ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တယောက်က ပြောပါတယ်။
အိမ်ခြေ ၁၅၀၀ ကျော်ရှိတဲ့ ဆင်အင်း စံပြကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲပြီး အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးနေတဲ့ ရွာတရွာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့မှုကြောင့် ရိက္ခာပြတ်လပ်ပြီး စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။










