
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတချို့မှာ အကြမ်းဖက်စစ်တပ်က တပ်စွဲ ဝင်ရောက်ခြောက်လှန့်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သမင်ခြံရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်ခဲ့သလို စားသောက်စရာတွေလည်းယူသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"မနေ့ကဆိုလည်း ကျနော်တို့ရွာကို မနက် ၉ နာရီကစရောက်တယ်။ ညနေ ၅ နာရီမှာပြန်တယ်ဗျ။ သေနတ်လည်း ၅ ချက်ထက်မနည်းဖောက်လှန့်ပါတယ်ဗျ။ ကျနော်တို့ရွာဆို ရွာသူ ရွာသားတော်တော်များများတောတွေမှာ ပြေးရှောင်နေရပါတယ်" လို့ ပြောပါတယ်။
သူတို့ရွာရဲ့မြောက်ဘက် ၁ မိုင်ကျော်ကရွာမှာ တတပ်၊ ကနီမြို့ပေါ်မှာ တတပ်နဲ့ ကလေးဝလမ်းခွဲမှာ တတပ်၊ စုစုပေါင်း ၃ နေရာမှာ အကြမ်းဖက်စစ်တပ်က တပ်စွဲထားတာပါ။
“အရင်နှစ်ခေါက် ရွာထဲမဝင်ဘူးဗျ။ မနေ့ကမှ စဝင်တာ။ အရင်၂ခေါက်လာတုန်းကတော့ ကျနော်တို့လည်း မပြေးဘူးဗျ။ လူကြီးတွေလောက်ပဲ ပြေးတာဗျ။ မနေ့က သေနတ်ဖောက်တော့ တော်တော်များများ ပြေးကြတယ်ဗျ။ စစ်သားတွေက ကြက်တွေဖမ်းပြီး သတ်စားတယ်ဗျ။ အရက်ဆိုင်က အရက်တွေ ယူတယ်ဗျ။ ဆိုင်ထဲက ပိုက်ဆံတချို့လည်း ယူတယ်ဗျ။ ကျနော်တို့ရွာကို လာတဲ့ အင်အားကတော့ ၂၀ လောက်ပဲရှိတာဗျ” လို့ ဒေသခံက ပြောပါတယ်။
အရင်အကြိမ်တွေတုန်းကတော့ စစ်သားတွေဟာ ဈေးဆိုင်တွေကနေ ဝယ်စားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
တပ်စွဲထားတဲ့ရွာမှာလည်း ရွာသားတွေ တိမ်းရှောင်နေကြရလို့ လူမရှိသလောက်ဖြစ်နေ တယ်လို့ သိရပါတယ်။