DVB Logo
Home
မြန်မာသတင်း
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်ရွာသား ၁၀၀ နီးပါး ထိုင်းဘက်ထပ်မံထွက်ပြေး
DVB
·
April 28, 2021
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကရင်ရွာသား ၁၀၀ နီးပါး ထိုင်းဘက်ထပ်မံထွက်ပြေး
Donate to DVB

 ကရင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လေတပ်က တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေလို့  ရွာသား ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက်ကို ထပ်မံ ဘက်ထွက်ပြေး တိမ်းရှောင်လာကြတယ်လို့  ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ 

ဖာပွန်ခရိုင် သံလွင်မြစ်အနီးရှိ စစ်ကောင်စီရဲ့ ခလရ ၃၄၀ စစ်စခန်းကို KNU/KNLA တပ်ဖွဲ့က မနေ့မနက်စောစောက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ 

မနေ့ည ၁၀ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီဘက်က လေယာဉ် ၂ စီး  ခလရ ၃၄၀ စခန်းရဲ့ အနောက်မြောက်အရပ်ကိုရောက်ရှိလာပြီး အောက်ကို ဗုံးကြဲချသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ကြောင်း ၊  ၁၂ နာရီ မိနစ် ၂၀ မှာလည်း‌ နောက်ထပ်  စစ်ရဟတ်ယာဉ် ၂ စီး ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့မနက် ၉ နာရီကျော်လောက်မှာလည်း ပစ်ခတ်သံတွေပေါက်ကွဲသံတွေ ကြားနေရပြီး ရွာသားအချို့ ထိုင်းဘက်ခြမ်းကိုလှေနဲ့ ကူးပြီးတိမ်းရှောင်လာတယ်လို့ ဆိုပါတယ်။ 

ဒီကနေ့မနက် မြန်မာဘက်ခြမ်းကနေ ရွာသား ၆၈ ဦး လှေနဲ့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာကြောင်း၊ သူတို့ကို ထိုင်းစစ်တပ်ဘက်က လူသားချင်းစာနာမှုအနေနဲ့  မဲ့စရိန်းမြို့နယ် မဲ့ခုံးကျေးရွာအုပ်စု ထာ့တာဖန်ရွာထဲမှာ ခိုလှုံခွင့်ပြုထားတယ်လို့ နယ်စပ်ရေးရာဥက္ကဋ္ဌ  မယ်ဟောင်ဆောင်ခရိုင်ဝန် နိုင်းဆစ်ထိချိုင်း ကျင်းဒါးလုံက သတင်းထောက်တွေကို ပြောပါတယ်။

မနေ့ကလည်း အီသူးကိုကျေးရွာဘက်က ရွာသား ၁၃ ဦး မဲ့ခုံးအုပ်စု ဆုပ်ငဲရွာ ဘက်ကိုရောက်လာသလို  လက်မှာ ကျည်ထိထားတဲ့ အသက် ၄၅ နှစ်ရွယ်ရှိ ရွာသား ၁ ဦး  မဲ့ဆာမ်လက်ပ်ရွာဘက်ရောက်ရှိလာကာ အခုတော့ မဲ့စရိန်းဆေးရုံမှာကုသနေပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ခရိုင်ဝန်က ဆက်ပြောပါတယ်။ 

မနေမနက်က စခန်းသိမ်းတိုက်ပွဲကြောင့် မဲ့ဆာမ်လက်ပ်ရွာသား ၄၅၀ ဦးကိုတော့ ဆွပ်မွေးမြို့နယ် ဟွေ့ကောင်ကပ်ကျေးရွာ စာသင်းကျောင်းကို ပြောင်းရွှေ့ထားခဲ့ပြီးဖြစ်ပြီး တချို့က ဆွေမျိုးသားချင်းအိမ်တွေမှာ သွားရောက်ခိုလှုံနေကြောင်း၊ ထိုင်းဘက်ခြမ်း နယ်စပ်လုံခြုံရေး ကိုတော့ နရေးဆွန်တပ် ၊ အမှတ် ၃ ခြေလျင်တပ်နဲ့ အမှတ် ၃၆ တပ်ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်နေတယ်လို့ ခရိုင်ဝန်ကပြောကြောင်း မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့တုန်းကလည်း အာဏာသိမ်းစစ်တပ်က ကေအန်ယူ တပ်မဟာ ၅ နယ်မြေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထောင်နဲ့ချီတဲ့ ကရင်တိုင်းရင်းသားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ 

ကိုးကား- MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013