DVB Logo
Home
ဆောင်းပါး
စူပါအယ်နီညိုကို ဘယ်လိုရင်ဆိုင်ကြမလဲ (ရုပ်သံ) 
စိုင်းခေတ်နွေ
·
October 6, 2026
စူပါအယ်နီညိုကို ဘယ်လိုရင်ဆိုင်ကြမလဲ (ရုပ်သံ) 
Donate to DVB

နေ့စဉ်စားနေတဲ့ ထမင်းတပန်းကန်၊ လကုန်တိုင်းပေးရတဲ့ မီတာခ၊ သောက်သုံးရေအတွက် စိုးရိမ်ရမလားဆိုတာနဲ့ အပန်းဖြေခရီး ဘယ်အချိန်သွားမလဲဆိုတာမှာ တူညီတဲ့အချက်တခု ရှိပါတယ်။ 

အိမ်နဲ့ ကီလိုမီတာထောင်ချီဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အပူချိန်က ဒီအရာတွေအပေါ် သက်ရောက်နိုင်ပါတယ်။

အခု ပစိဖိတ်သမုဒ္ဒရာမှာ အယ်နီညိုဖြစ်စဉ် အင်အားပိုကောင်းလာနေပြီး ၂၀၂၇ ခုနှစ်အထိ သက်ရောက်မှုတွေ ဆက်ရှိနိုင်ပါတယ်။ တချို့ကတော့ အခုဖြစ်စဉ်ကို “စူပါအယ်နီညို” လို့ ခေါ်နေကြပါတယ်။

ဒါပေမဲ့ ပင်လယ်ရေ နည်းနည်းပိုပူလာတာက လူတွေရဲ့ စားသောက်နေထိုင်မှု၊ လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေးနဲ့ ကျန်းမာရေးအထိ ဘယ်လိုရောက်လာတာလဲ။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ ဘာတွေဖြစ်လာနိုင်ပြီး အခုကတည်းက ဘာတွေပြင်ဆင်ထားသင့်သလဲ။ စူပါအယ်နီညိုနဲ့ နေ့စဉ်ဘဝ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ကြည့်ကြရအောင်ပါ။

အယ်နီညို ဘယ်လိုဖြစ်ပေါ်သလဲ

အရင်ဆုံး အာရှနဲ့ အမေရိကတိုက်တွေကြားက ပစိဖိတ်သမုဒ္ဒရာကို ကြည့်ကြရအောင်ပါ။ ပုံမှန်ဆိုရင် အီကွေတာအနီးက လေတွေဟာ အရှေ့ကနေ အနောက်ဘက်ကို တိုက်ပါတယ်။ ဒီလေတွေက ပင်လယ်ရေပြင်ပေါ်က ရေနွေးတွေကို အင်ဒိုနီးရှားဘက်ဆီ တွန်းပို့ပေးပါတယ်။

 

တောင်အမေရိကကမ်းခြေဘက်မှာတော့ ရွေ့သွားတဲ့ ရေနေရာကို ပင်လယ်အောက်က ရေအေးတွေ တက်လာပြီး အစားထိုးပါတယ်။

အနောက်ဘက်မှာ စုပြုံနေတဲ့ ရေနွေးတွေကြောင့် မိုးတိမ်တွေ ဖြစ်ပေါ်ပြီး မိုးများများရွာစေပါတယ်။ အယ်နီညိုဖြစ်လာရင်တော့ ဒီလေတွေရဲ့အား လျော့သွားပါတယ်။

အနောက်ဘက်မှာ စုပုံနေတဲ့ ရေနွေးတွေက ပစိဖိတ်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဆီ ပြန်ရွေ့လာပါတယ်။ မိုးတိမ်နဲ့ မိုးရွာသွန်းမှု အဓိကဖြစ်ပေါ်ရာ နေရာတွေကလည်း ရေနွေးတွေနဲ့အတူ ရွေ့သွားပါတယ်။

အလွယ်ဥပမာပေးရရင် ရေကန်တခုကို ပန်ကာအကြီးကြီးနဲ့ မှုတ်ပြီး ရေတွေကို တဖက်ဆီ တွန်းထားသလိုပါပဲ။ ပန်ကာအား လျှော့လိုက်တဲ့အခါ တဖက်မှာ စုပုံနေတဲ့ရေတွေ ပြန်ပြန့်လာတဲ့သဘော ဖြစ်ပါတယ်။ 

ပင်လယ်ထဲက ဒီအပြောင်းအလဲနဲ့အတူ လေထုလည်ပတ်ပုံလည်း ပြောင်းပါတယ်။ အဲဒီကတဆင့် ပစိဖိတ်နဲ့ ကီလိုမီတာထောင်ချီဝေးတဲ့ ဒေသတွေရဲ့ မိုးရွာသွန်းမှုနဲ့ အပူချိန်ကိုပါ သက်ရောက်နိုင်ပါတယ်။ အယ်နီညိုက သဘာဝရာသီဥတုစက်ဝန်းတခုရဲ့ ပူနွေးတဲ့အဆင့် ဖြစ်ပါတယ်။

ဆန့်ကျင်ဘက် အေးမြတဲ့အဆင့်ကိုတော့ လာနီညာလို့ ခေါ်ပြီး နှစ်မျိုးစလုံး မဖြစ်တဲ့ ကြားနေအခြေအနေလည်း ရှိပါတယ်။

အယ်နီညိုဟာ ပုံမှန်အားဖြင့် ၂ နှစ်ကနေ ၇ နှစ်တကြိမ်လောက် ဖြစ်တတ်ပြီး ၉ လကနေ တနှစ်လောက် ကြာတတ်ပါတယ်။ ဒါပေမဲ့ ပြက္ခဒိန်ထဲ ရက်ချိန်းပေးထားသလိုတော့ အချိန်မှန် ဖြစ်လာတာ မဟုတ်ပါဘူး။

“စူပါ” လို့ ဘာကြောင့်ခေါ်သလဲ

ဒါဆို အယ်နီညိုကို ဘယ်အချိန်မှာ “စူပါ” လို့ ခေါ်ကြသလဲ။ တကယ်တော့ “စူပါအယ်နီညို” ဆိုတာ တရားဝင် မိုးလေဝသအမျိုးအစားတခု မဟုတ်ပါဘူး။ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO)  ကတော့ “အင်အားအလွန်ကောင်းတဲ့ အယ်နီညို” လို့ သုံးပါတယ်။

အယ်နီညိုရဲ့ အင်အားကို တိုင်းတာရာမှာ အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာက သတ်မှတ်ဧရိယာတခုရဲ့ ပင်လယ်ရေပြင်အပူချိန်ကို လအတော်ကြာ ပျမ်းမျှတွက်ချက်ကြပါတယ်။

ပုံမှန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင် ဒါမှမဟုတ် ဒီထက်ပိုပူလာရင် အင်အားအလွန်ကောင်းတဲ့ အဆင့်အဖြစ် သတ်မှတ်လေ့ရှိပါတယ်။

ဒါက ပစိဖိတ်ပင်လယ်ပြင်က သတ်မှတ်ဇုန်တခုရဲ့ အပူချိန်ကို ပြောတာပါ။ နိုင်ငံတိုင်းရဲ့ အပူချိန် ၂ ဒီဂရီစီ တက်လာမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ပင်လယ်ရေအပူချိန်တခုတည်းနဲ့လည်း မဆုံးဖြတ်ပါဘူး။

လေတိုက်ပုံ၊ လေထုဖိအားနဲ့ မိုးရွာသွန်းမှုအပါအဝင် သမုဒ္ဒရာနဲ့ လေထု ၂ ခုစလုံးရဲ့ အခြေအနေကို တွဲကြည့်ရပါတယ်။

အမေရိကန်အမျိုးသား သမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးအဖွဲ့ (NOAA) ရဲ့ စက်တင်ဘာ ၁၀ ရက် ခန့်မှန်းချက်ကတော့ ပိုပြီး ထူးခြားပါတယ်။

၂၀၂၆ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာအထိကာလမှာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း မှတ်တမ်းတင်ထားတဲ့ အယ်နီညိုတွေထက်တောင် အင်အားပိုကောင်းတဲ့ သမိုင်းဝင်အဆင့်တခု ဖြစ်လာနိုင်ခြေ ၇၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ 

ဒါက ဖြစ်နိုင်ခြေကို ခန့်မှန်းထားတာဖြစ်ပြီး အတည်ဖြစ်လာပြီလို့ ဆိုတာတော့ မဟုတ်ပါဘူး။ WMO ကလည်း အယ်နီညိုဟာ ဒီနှစ်ကုန်ပိုင်းအထိ ဆက်ပြီး အင်အားကောင်းလာနိုင်သလို ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်ရှိနိုင်ခြေ အလွန်မြင့်တယ်လို့ ခန့်မှန်းထားပါတယ်။

မေးစရာကတော့ ဒီလောက်အားကောင်းတဲ့ အယ်နီညိုတခု ဟာ ပိုပူလာနေတဲ့ ကမ္ဘာနဲ့ တွေ့တဲ့အခါ ဘာဖြစ်လာမလဲဆိုတာပါ။

ကမ္ဘာပူနွေးမှုနဲ့ အယ်နီညို

အယ်နီညိုက လူတွေဖန်တီးထားတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ ရာသီဥတုစက်ဝန်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအယ်နီညို ဖြစ်နေတဲ့ ကမ္ဘာကြီးက အရင်ကထက် ပိုပူနေပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့တွေက လေထုထဲမှာ အပူကို ပိတ်လှောင်ထားပါတယ်။ ပိုပူတဲ့လေထုက ရေငွေ့ပိုများများ ထိန်းထားနိုင်တာကြောင့် အခြေအနေကိုက်ညီတဲ့အခါ မိုးသည်းထန်နိုင်ခြေ တိုးလာပါတယ်။

တဖက်မှာလည်း အပူချိန်မြင့်လာတာက အပူဒဏ်၊ ရေငွေ့ပျံမှုနဲ့ မြေပြင်ခြောက်သွေ့မှုကို ပိုဆိုးစေနိုင်ပါတယ်။ ကမ္ဘာပူနွေးမှုက အယ်နီညိုတခုချင်းစီရဲ့ အင်အားကို ဘယ်လောက် ပြောင်းစေသလဲဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ ဆက်လေ့လာနေကြဆဲ ဖြစ်ပါတယ်။

သေချာတာတခုက အခုအယ်နီညိုဟာ အရင်ကထက် ပိုပူနေတဲ့ ကမ္ဘာပေါ်မှာ ဖြစ်နေတာပါ။ အယ်နီညိုရဲ့ သက်ရောက်မှုကလည်း နေရာတိုင်းမှာ တူညီမနေပါဘူး။

တောင်အမေရိကနဲ့ အရှေ့အာဖရိက ဒေသတချို့မှာ မိုးပိုများပြီး ရေကြီးနိုင်ခြေ တိုးလာတတ်ပါတယ်။

ဩစတြေးလျနဲ့ အာဖရိကတောင်ပိုင်း ဒေသတချို့မှာတော့ ပိုခြောက်သွေ့တတ်ပါတယ်။ အာရှမှာ အိန္ဒိယရဲ့ နွေမုတ်သုံမိုးကို အားနည်းစေနိုင်ပေမဲ့ တခြားသမုဒ္ဒရာတွေရဲ့ အပူချိန်နဲ့ လေထုအခြေအနေတွေကလည်း မိုးရွာသွန်းမှုကို သက်ရောက်ပါတယ်။

အရေးကြီးတာက ရာသီတခုလုံး မိုးနည်းမယ်လို့ ခန့်မှန်းထားတဲ့ နေရာမှာတောင် တရက်၊ ၂ ရက်အတွင်း မိုးသည်းထန်ပြီး ရေကြီးနိုင်ပါသေးတယ်။ ရာသီအလိုက် ခန့်မှန်းချက်ဆိုတာ လပိုင်းအတွင်း ဘာဖြစ်နိုင်ခြေများသလဲဆိုတာကို ပြောတာပါ။

ကိုယ့်အိမ်ရှေ့လမ်းမှာ ဘယ်နေ့ရေကြီးမလဲဆိုတာအထိ မပြောနိုင်ပါဘူး။ ဒါကြောင့် အယ်နီညိုအခြေအနေကို သိထားရုံနဲ့ မလုံလောက်ဘဲ ဒေသအလိုက် နေ့စဉ် မိုးလေဝသသတိပေးချက်တွေကိုပါ ဆက်နားထောင်ဖို့ လိုပါတယ်။

အရှေ့တောင်အာရှမှာဆန်စျေးနဲ့ မီတာခအထိ ရောက်လာနိုင်

အရှေ့တောင်အာရှအတွက်တော့ ဒီအပြောင်းအလဲတွေဟာ ရာသီဥတုသတင်းထဲမှာပဲ ရပ်မနေပါဘူး။ မီးဖိုချောင်နဲ့ မီတာဘောက်အထိ ရောက်လာနိုင်ပါတယ်။ အာဆီယံ အထူးပြုမိုးလေဝသဌာနက စက်တင်ဘာကနေ နိုဝင်ဘာအထိ ဒေသအများစုမှာ ပုံမှန်ထက် ပိုပူနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အထူးသဖြင့် ကျွန်းစုအခြေပြု အရှေ့တောင်အာရှဒေသအများစုမှာ ပုံမှန်ထက် မိုးနည်းနိုင်ခြေ မြင့်ပါတယ်။ ကုန်းတွင်း အရှေ့တောင်အာရှမှာတော့ မိုးရွာသွန်းမှုခန့်မှန်းချက် အတော်များများ မသေချာသေးပါဘူး။ ဒါကြောင့် အရှေ့တောင်အာရှတခုလုံး မိုးခေါင်မယ်လို့တော့ မပြောနိုင်ပါဘူး။

လယ်သမားတွေအတွက် မိုးဘယ်လောက်ရသလဲဆိုတာထက် မိုးဘယ်အချိန်ရသလဲ ဆိုတာကလည်း အရေးကြီးပါတယ်။

သီးနှံက ရေလိုနေချိန်မှာ မိုးမရရင် နောက်ပိုင်း မိုးပြန်ရွာပေမဲ့ အထွက်ကို ထိခိုက်ပြီးသား ဖြစ်နိုင်ပါတယ်။

အဓိက စိုက်ပျိုးထုတ်လုပ်ရာဒေသတွေမှာ အထွက်လျော့သွားရင် စားနပ်ရိက္ခာဈေးနှုန်းတွေကို ဖိအားပေးနိုင်ပါတယ်။ အဲဒီအခါ လယ်ကွင်းထဲက မိုးခေါင်မှုဟာ မြို့ပေါ်က ထမင်းဝိုင်းဆီ ရောက်လာပါပြီ။ နောက်တခုက လျှပ်စစ်ဓာတ်အား ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ထုတ်ဖို့ ရေလှောင်ကန်နဲ့ မြစ်တွေထဲ ရေစီးဝင်မှု လိုပါတယ်။

မိုးခေါင်ပြီး ရေစီးဝင်မှုလျော့ရင် လာအိုနဲ့ ဗီယက်နမ်လို ရေအားလျှပ်စစ်ကို အများကြီး အားထားရတဲ့ နိုင်ငံတွေမှာ လျှပ်စစ်ထုတ်လုပ်မှုအပေါ် ဖိအားရှိလာနိုင်ပါတယ်။

တဖက်မှာလည်း အပူချိန်ပိုမြင့်လာရင် အဲကွန်းနဲ့ ပန်ကာပိုသုံးရတာကြောင့် လျှပ်စစ်လိုအပ်ချက် တိုးလာပါတယ်။ အဲဒီအခါ လျှပ်စစ်ထုတ်လုပ်ဖို့ အခက်တွေ့ချိန်နဲ့ လျှပ်စစ်ပိုလိုချိန် တိုက်ဆိုင်လာနိုင်ပါတယ်။

အိမ်ထောင်စုတွေအတွက်တော့ စားစရိတ်နဲ့ စွမ်းအင်ကုန်ကျစရိတ် ၂ ခုလုံး ဖိအားတိုးလာနိုင်ပါတယ်။ ခြောက်သွေ့တဲ့ ရာသီဥတုကလည်း တောမီးလောင်လွယ်စေပါတယ်။

အာဆီယံမိုးလေဝသဌာနက အယ်နီညိုနဲ့ မိုးနည်းမှုကြောင့် အထူးသဖြင့် တောင်ပိုင်း အရှေ့တောင်အာရှမှာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ် ပိုများနိုင်တယ်လို့ သတိပေးထားပါတယ်။

အင်ဒိုနီးရှားက မီးခိုးတွေဟာ လေစီးကြောင်းအလိုက် မလေးရှားနဲ့ စင်ကာပူလို အိမ်နီးချင်းနိုင်ငံတွေဆီ ရောက်လာနိုင်ပါတယ်။ ဒါပေမဲ့ အယ်နီညိုက မီးခြစ်ကိုင်ပြီး တောထဲ လာရှို့တာတော့ မဟုတ်ပါဘူး။

မြေယာအသုံးချမှု၊ လူတွေမီးရှို့မှုနဲ့ ကြိုတင်ကာကွယ်ရေး ဘယ်လောက်ကောင်းသလဲဆိုတာက မီးခိုးမြူအန္တရာယ် ဘယ်လောက်ဆိုးမလဲဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် ဘာတွေသတိထားရမလဲ

မြန်မာနိုင်ငံကလည်း ဒီအခြေအနေကနေ သီးခြားမဟုတ်ပါဘူး။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၁ ရက်မှာ အယ်နီညိုအခြေအနေ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

၂၀၂၆ နှစ်ကုန်ပိုင်းမှာ အယ်နီညို အင်အားအကောင်းဆုံးအဆင့် ရောက်နိုင်ပြီး လာမဲ့နွေရာသီမှာ မိုးရွာသွန်းပုံ မမှန်တာ၊ နေ့အပူချိန် ပိုမြင့်တာ၊ မိုးခေါင်တာနဲ့ ပုံမှန်မဟုတ်တဲ့ မုန်တိုင်းလှုပ်ရှားမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါက ဘယ်မြို့နယ်မှာ ဘယ်လောက်ထိခိုက်မယ်ဆိုတဲ့ အသေးစိတ်ခန့်မှန်းချက်တော့ မဟုတ်ပါဘူး။

ဒါပေမဲ့ မူလကတည်းက ရေရှားပါးတဲ့နေရာတွေမှာ အန္တရာယ်ပိုများနိုင်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသမှာ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေရဲ့ အစိတ်အပိုင်းတချို့ ပါဝင်ပါတယ်။ ဒီဒေသတွေမှာ မိုးခေါင်မှုနဲ့ ရေရှားပါးမှုဟာ မူလကတည်းက ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ကာလ ထပ်ရှည်လာရင် သောက်သုံးရေ၊ မွေးမြူရေးနဲ့ စိုက်ပျိုးရေးအတွက် ဖိအားပိုများလာနိုင်ပါတယ်။

တောင်သူမိသားစုတွေအတွက် သီးနှံအထွက်လျော့တာက စားဖို့အတွက်ရော ဝင်ငွေအတွက်ပါ အခက်တွေ့စေနိုင်ပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထားရသူတွေအတွက်လည်း အန္တရာယ်က ပိုရှုပ်ထွေးပါတယ်။

သန့်ရှင်းတဲ့ရေ၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ချိန်မှာ အပူဒဏ်နဲ့ ရေရှားပါးမှု ထပ်ကြုံရနိုင်ပါတယ်။

ဒါကြောင့် ရပ်ရွာရေအရင်းအမြစ်တွေကို ကြိုစစ်ဆေးတာ၊ သောက်သုံးရေ သိုလှောင်နိုင်ဖို့ ပြင်ဆင်တာနဲ့ အပူဒဏ်ခံရလွယ်သူတွေဆီ ကျန်းမာရေးအကူအညီ ရောက်ရှိအောင် စီစဉ်တာတွေ အရေးကြီးပါတယ်။

တဖက်မှာလည်း ကမ်းရိုးတန်းနဲ့ မြစ်ကမ်းနားဒေသတွေက လူထုအနေနဲ့ မုန်တိုင်းနဲ့ ရေကြီးသတိပေးချက်တွေကို ဆက်စောင့်ကြည့်ရပါမယ်။

အယ်နီညိုကြောင့် မိုးနည်းနိုင်တယ်ဆိုတာနဲ့ ရေကြီးတာ၊ မုန်တိုင်းဝင်တာတွေ ပျောက်သွားမယ်လို့ မဆိုလိုပါဘူး။

အယ်နီညိုအတွက် ပြင်ဆင်တယ်ဆိုတာ နိုင်ငံတခုလုံးကို နည်းလမ်းတမျိုးတည်းနဲ့ ပြင်ဆင်တာမဟုတ်ဘဲ ဒေသတခုချင်းစီရဲ့ အန္တရာယ်နဲ့ကိုက်ညီအောင် ပြင်ဆင်တာ ဖြစ်ပါတယ်။

လူ ၄ သိန်းခွဲကျော်ဆိုတဲ့ စိုးရိမ်စရာ ခန့်မှန်းကိန်း

ဒီအယ်နီညိုနဲ့ ပတ်သက်ပြီး အထူးသတိထားစရာ ခန့်မှန်းချက်တခုလည်း ရှိပါတယ်။ အပူဒဏ်ကြောင့် ပုံမှန်နှစ်တွေထက် သေဆုံးသူ ၄ သိန်းခွဲကျော် ပိုများလာနိုင်တယ်ဆိုတဲ့ တွက်ချက်မှုပါ။

Climate Impact Lab သုတေသနအဖွဲ့က ၂၀၂၆ ခုနှစ် ဇွန်လကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ကိုးလတာကာလအတွက် လူ ၄၅၁,၀၀၀ ခန့် အပူဒဏ်ကြောင့် ထပ်မံသေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီကိန်းဂဏန်းဟာ သေဆုံးခဲ့ပြီးတဲ့ လူဦးရေစာရင်း မဟုတ်ပါဘူး။

ရာသီဥတုခန့်မှန်းချက်၊ လူဦးရေနဲ့ အပူဒဏ်ဆိုင်ရာ သေဆုံးမှုမှတ်တမ်းတွေကို အသုံးပြုပြီး ပုံမှန်နှစ်တွေနဲ့ နှိုင်းယှဉ်တွက်ချက်ထားတဲ့ model estimate ဖြစ်ပါတယ်။

တကယ်ဖြစ်လာမဲ့ သေဆုံးမှုက လူတွေ ဘယ်လောက်ကြိုပြင်ဆင်နိုင်သလဲဆိုတာပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

အရှေ့တောင်အာရှကလည်း အပူဒဏ်ကြောင့် ထိခိုက်မှုများနိုင်တဲ့ ဒေသတွေထဲ ပါဝင်ပါတယ်။ လွန်ကဲတဲ့အပူဒဏ်မှာ ခန္ဓာကိုယ်က ကိုယ်အပူချိန်ကို ထိန်းနိုင်စွမ်း လျော့လာပြီး ရှိပြီးသား နှလုံး၊ အသက်ရှူလမ်းကြောင်းနဲ့ တခြားရောဂါတွေကိုပါ ပိုဆိုးစေနိုင်ပါတယ်။

အပြင်မှာ အလုပ်လုပ်ရသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ အပူဒဏ်ရှောင်ဖို့ အခက်အခဲရှိသူတွေဟာ အထူးသတိထားရမဲ့အုပ်စုတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကိန်းဂဏန်းရဲ့ အဓိပ္ပာယ်က လူ ၄ သိန်းခွဲကျော် မဖြစ်မနေသေဆုံးမယ်လို့ ဆိုတာမဟုတ်ပါဘူး။

စောစောသတိပေးနိုင်တာ၊ အေးမြတဲ့ နားနေစရာတွေ ပြင်ဆင်တာ၊ သောက်သုံးရေ ရရှိအောင်လုပ်တာနဲ့ အပြင်မှာ အလုပ်လုပ်ရသူတွေကို အပူဒဏ်ကနေ ကာကွယ်ပေးတာတွေက ဒီအန္တရာယ်ကို လျှော့ချနိုင်ပါတယ်။

အခြေအနေမဆိုးခင် ဘာတွေပြင်ဆင်နိုင်မလဲ

ဒါဆို အယ်နီညိုကို တားလို့မရရင် ဘာလုပ်နိုင်မလဲ။ ပထမဆုံးလုပ်နိုင်တာက 

-ဒေသအလိုက် မိုးလေဝသနဲ့ အပူဒဏ်သတိပေးချက်တွေကို နားထောင်တာပါ။

-အရမ်းပူတဲ့အချိန်မှာ ရေမှန်မှန်သောက်ပါ။

-အရိပ် ဒါမှမဟုတ် အေးမြတဲ့နေရာမှာ နားပြီး နေ့လယ်အပူဆုံးအချိန်တွေမှာ အားစိုက်ရတဲ့အလုပ်ကို တတ်နိုင်သလောက် ရှောင်ပါ။

-သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ တယောက်တည်းနေသူတွေ အဆင်ပြေမပြေ မေးမြန်းပေးပါ။

-အလုပ်ရှင်တွေကလည်း အလုပ်သမားတွေအတွက် သောက်ရေ၊ အရိပ်နဲ့ အေးမြတဲ့နေရာမှာ အနားယူချိန် စီစဉ်ပေးဖို့ လိုပါတယ်။

-ရပ်ရွာနဲ့ တာဝန်ရှိသူတွေအတွက်တော့ ရေဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတဲ့ အစီအစဉ်ကို အခြေအနေမဆိုးခင်ကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်။

-ဆေးရုံ၊ ရေ၊ လျှပ်စစ်နဲ့ တခြား မရှိမဖြစ်ဝန်ဆောင်မှုတွေ မပြတ်တောက်အောင် ပြင်ဆင်ရပါမယ်။

-သတိပေးချက်တွေ လူထုဆီ အချိန်မီရောက်ဖို့လည်း အရေးကြီးပါတယ်။

-တောင်သူတွေအတွက်တော့ ဒေသနဲ့ သီးနှံအမျိုးအစားကိုက်ညီတဲ့ စိုက်ပျိုးရေးအကြံပြုချက်တွေ လိုပါတယ်။

-ခရီးသွားမဲ့သူတွေကလည်း သွားမဲ့နေရာရဲ့ မိုးလေဝသခန့်မှန်းချက်၊ အပူချိန်နဲ့ မီးခိုးမြူအခြေအနေကို ကြည့်ပြီး လိုအပ်ရင် အစီအစဉ်ပြောင်းနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

 

အယ်နီညိုက ပင်လယ်ပြင်ထဲမှာ စတင်ပေမဲ့ သူ့ရဲ့သက်ရောက်မှုက လယ်ကွင်း၊ မီးဖိုချောင်၊ အလုပ်ခွင်နဲ့  လူတွေရဲ့ နေ့စဉ်ဘဝအထိ ရောက်လာနိုင်ပါတယ်။

ဒါပေမဲ့ “စူပါအယ်နီညို” ဆိုတဲ့ စကားလုံးကို ကြားပြီး ကြောက်နေဖို့ထက် ဘာတွေဖြစ်နိုင်သလဲဆိုတာ သိထားပြီး ကြိုတင်ပြင်ဆင်တာက ပိုအရေးကြီးပါတယ်။

ပစိဖိတ်သမုဒ္ဒရာရဲ့ အပူချိန်ကို ခလုတ်နှိပ်ပြီး လျှော့ချလို့ မရပါဘူး။ ဒါပေမဲ့ အပူဒဏ်မရောက်ခင် သတိပေးနိုင်ပါတယ်။ ရေမရှားခင် သိုလှောင်နိုင်ပါတယ်။ သီးနှံမပျက်ခင် ပြင်ဆင်နိုင်ပါတယ်။

ရာသီဥတုကို ထိန်းချုပ်လို့မရပေမဲ့ အန္တရာယ်ကြုံတဲ့အခါ ဆုံးရှုံးမှု ဘယ်လောက်ရှိမလဲ ဆိုတာကိုတော့ ကြိုတင်ပြင်ဆင်မှုနဲ့ လျှော့ချနိုင်ပါတယ်။ အဲဒါက ဒီစူပါအယ်နီညိုအတွက် အခုကတည်းက သိထားသင့်တဲ့ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။

ဒါပေမဲ့ သတ္ထန္တရကပ်လို့ ခေါ်တဲ့ လက်နက်ဘေး၊ စစ်မက်ဘေး ရင်ဆိုင်နေရတဲ့ တိုင်းပြည်မှာ မိုးခေါင်တာ၊ စားနပ်ရိက္ခာရှားပါးတာလိုမျိုး ဒုဗ္ဘိက္ခန္တရကပ်ပါရင်ဆိုင်လာရရင်တော့ အင်မတန်ရုန်းကန်ရနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ရန်သူမျိုးငါးပါးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ ဆိုရင် အပြန်အလှန် ဖေးမကူညီကြဖို့၊ စွမ်းနိုင်သူတွေက ခက်ခဲနေရသူတွေကို တတ်အားသရွေ့ ပံ့ပိုးကြဖို့ ပိုလိုအပ်လာမှာဖြစ်ပါတယ်။ 

စိုင်းခေတ်နွေ 

Ref: What is a 'super El Niño' and how will it affect the weather? -Kate Abnett

-Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013