
သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို စစ်ဆေးဖို့ ရန်ကုန်လေဆိပ်မှာ ခေတ္တတားမြစ်ခဲ့ပြီး ဆက်လက်စိစစ်နိုင်ဖို့ နေအိမ်မှာ ပြန်လည်နေထိုင်စေခဲ့ တယ်လို့ စစ်ကောင်စီရဲ့ မီဒီယာတွေကနေ ဒီကနေ့ ဧပြီ ၂၂ ည ၈ နာရီသတင်းမှာ ထုတ်လွှင့်သွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်က မင်္ဂလာဒုံလေဆိပ်မှာ MAI လေကြောင်း ခရီစဉ်အမှတ် 8M-335 နဲ့ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ လိုက်ပါမယ့် မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား Mr.Alfred Soe Chan Kyi(ခ) ဇဏ်ခီ၊ ဇနီး ခင်ဝတ်မှုန်ဦး(ခ) ခရစ္စတီးနားခီ၊ သားဖြစ်သူ Mr.Noah Lynn Htet Kyi နဲ့ အိမ်အကူ မလဗျဂျာဆိုင်းနန်တို့ ၄ ဦးကို စိစစ်နိုင်ဖို့ သူတို့ လိုက်ပါမယ့်ခရီးစဉ်ကို ခေတ္တတားမြစ်ထားရှိခဲ့တာလို့ဆိုပါတယ်။
သူတို့နဲ့ပတ်သက်ပြီး လိုအပ်သလို ဆက်လက်စိစစ်နိုင်ဖို့ ဧပြီလ ၁၇ ရက်နေ့မှာဘဲ သူ့မိသားစုနေထိုင်တဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ ကွန်ဒိုမှာ ပြန်လည်နေထိုင်စေတယ်လို့ MRTV နဲ့ မြဝတီသတင်းမှာ ကြေညာ ထုတ်ပြန်ထားပါတယ်။