DVB Logo
Home
မြန်မာသတင်း
ပင်လယ်ကမ်းခြေတွင် သင်္ကြန်ပွဲတော်ဆင်နွှဲနေသူများကို တက်ကြွလှုပ်ရှားသူများ ဝေဖန်
DVB
·
April 15, 2021
ပင်လယ်ကမ်းခြေတွင် သင်္ကြန်ပွဲတော်ဆင်နွှဲနေသူများကို တက်ကြွလှုပ်ရှားသူများ ဝေဖန်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်လှုပ်ရှားမှုတွေကြောင့် ရဲနဲ့စစ်တပ်က ပစ်ခတ်လို့ သေဆုံးသူ ၇၀၀ ကျော်ရှိလာတဲ့ အချိန်မျိုးမှာ သင်္ကြန်တွင်း ကမ်းခြေတွေမှာ လာရောက်ပျော်ရွှင်နေတဲ့သူတွေအနေနဲ့ လိပ်ပြာ လုံပါစေလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

၂၀၂ဝ ပြည့်နှစ် နှစ်ဆန်းပိုင်းစတင်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ရတဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေဟာ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က စတင်ပြီး ပြန်လည်စည်ကား လာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

"ရိုးရာသင်္ကြန်ဆိုတာက မရှိမဖြစ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ခုလို ကာလမှာ လူတွေ တော်တော်များများ သေဆုံးသူတွေလည်း များနေတယ်။ ထောင်ထဲရောက်တဲ့လူတွေလည်း သောင်း ကျော်ရှိတယ် အဲ့လိုအခြေအနေမျိုးမှာ ကမ်းခြေလာပြီး ပျော်ပါနေကြတာ လိပ်ပြာ လုံလား မလုံလားဆိုတာ သူတို့စိတ်ထဲက အသိဆုံးဖြစ်မှာပါ''လို့ မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

တော်လှန်ရေးကာလ လူ ၇၀၀ ကျော် ရဲနဲ့စစ်တပ်ပစ်သတ်ခံရတဲ့ အချိန်မျိုးမှာ ဘယ်လို စိတ်ထားမျိုးနဲ့ ကမ်းခြေမှာလာပျော်ရွှင်နေ ကြတယ်ဆိုတာမသိပေမယ့် ခုလိုလုပ်ရပ်မျိုးကိုတော့ လုံးဝရှုတ်ချတယ်လို့ သူက ဆိုပါတယ်။

ကိုဗစ်ကာလက စတင် ပိတ်ထားခဲ့ရတဲ့ ကမ်းခြေမှာ သင်္ကြန်ကာလမှာ မမျှော်လင့်ပဲ ပြန်စည်းကာလာတာဟာ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဒေသခံပြည်သူတွေအတွက် စားဝတ်နေရေး အဆင်ပြေလာတယ်လို့ ချောင်းသာဒေသခံတစ်ဦးကတော့ ပြောပါတယ်။

"ကိုဗစ်ကြောင့် ပိတ်ထားရတာ ၁ နှစ်ကျော်ပြီ ခုမမျှော်လင့်ပဲ ဧည့်သည်ပြန်ဝင်လာတော့ ဒေသခံတွေအတွက်တော့ စားဝတ်နေရေး အဆင်ပြေတာပေါ့၊ ဒါပေမဲ့ လိပ်ပြာမသန့်ဘူး ခုလိုအချိန်မျိုးမှာတော့ မဖြစ်သင့်ဘူး အဲ့တာကြောင့် အလုပ်တောင်မဆင်းဘူးလို့'' ဟိုတယ်ဝန်ထမ်း ၁ ဦးကပြောပါတယ်။

ချောင်းသာကမ်းခြေမှာ ကိုဗစ်ကာလကစတင်ကာ ဟိုတယ်တွေပိတ် ထားခဲ့ပေမယ့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား ပိုင်ဆိုင်တဲ့ ဧကရာဇ်ဟိုတယ်ကတော့ ဖွင့်ထားခဲ့ပြီး ကျန်တဲ့ ဟိုတယ်တွေကတော့ ခုရက်ပိုင်းမှာ ပြန်ဖွင့်တာဖြစ်သလို မဖွင်တဲ့ ဟိုတယ် ၂ လုံးရှိတယ်လို့ ဆိုပါတယ်။

ကမ်းခြေတွေမှာ သင်္ကြန်ကာလ ဧည့်သည်တွေရောက်ပြီး စည်ကားနေတာဟာ သတိထားစရာဖြစ်နေပြီး အရင်ဆုံး သူတို့တွေက ဘယ်လိုလူတန်းစာတွေဖြစ်တယ်ဆိုတာကို လေ့လာရာမှာ ဖြစ်သလို ပုံမှန်အခြေအနေဖြစ်ပြီလို့ သတင်းလွှင့်ချင်လို့ စီစဉ်ပြီး လုပ်တာမျိုး လည်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတစ်ဦးက လေ့လာသုံးသပ်ပါတယ်။

"သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ကတော့ ခုလို လူရာနဲ့ချီပြီး အသတ်ခံနေရအချိန်အခါမျိုးမှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ တော်တော် စဉ်းစားပါလိမ့်မယ်၊ နောက်တစ်ခုစဉ်းစားရမှာက ခုအာဏာသိမ်းထား တဲ့အသိုင်းဝိုင်းနဲ့ပတ်သက်တဲ့ ဟိုတယ်တွေကမ်းခြေမှာရှိတဲ့ အဲ့ကို အကြိုနေ့မတိုင်ခင်ကတည်းက ကြိုရောက်နေတာမျိုးတွေလည်းရှိတယ် အဲ့တော့ စဉ်းစားရမှာ  မြန်မာပြည်သူတွေ ပျော်နေပြီဆိုတဲ့ ပုံရိပ်ကို ပြချင်လို့ ခုလိုစီစဉ်တာလားဆိုတာ  ထည့်စဉ်းစားရမယ်''လို့ ပြောပါတယ်။

ကမ်းခြေမှာလူစည်းနေတာဟာ စစ်တပ်အသိုင်းဝိုင်းနဲ့နီးစပ်တဲ့လူတွေဖြစ်နိုင်ပေမယ့် ပုံမှန်ပြည်သူတွေလာရောက် အပန်းဖြေနေတာ ဆိုရင်တော့ ခုလိုလူရာနဲ့ချီ အသတ်ခံနေရချိန် အပန်းလာဖြေနေတာ လိပ်ပြာသန့်ရဲ့လားလို့ မေးရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

သင်္ကြန်အကြိုနေ့ကစတင်ကာ ပြန်လည်စည်ကားလာတဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ဟိုတယ်ဟာ ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့  ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013