DVB Logo
Home
မြန်မာသတင်း
ဝတ်စုံကိစ္စဝေဖန်ခံရပြီးနောက် “Scarlet Heart Thailand” ဇာတ်လမ်းတွဲကို အမည်ပြောင်း
DVB
·
October 31, 2026
Photo: GMMTV
Photo: GMMTV
Donate to DVB

ထိုင်းရုပ်သံ ထုတ်လုပ်ရေး ကုမ္ပဏီ GMMTV ဟာ ရိုက်ကူးထုတ်လွှင့်တော့မဲ့ "Scarlet Heart Thailand" ဇာတ်လမ်းတွဲထဲက ဇာတ်ဝတ်ဇာတ်စားတွေဟာ မြန်မာ့ရှေးဟောင်း နန်းတွင်း ဝတ်စုံတွေ လို့ ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဇာတ်လမ်းတွဲ အမည်ကို "Scarlet Heart Ullavee" လို့ ပြောင်းလဲလိုက်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲပါ ဝတ်စုံတွေဟာ မြန်မာ့ရှေးဟောင်း နန်းတွင်း ဝတ်စုံတွေနဲ့ ဆင်တူတယ်လို့ မြန်မာလူမှုကွန်ရက် သုံးစွဲသူတွေက ထောက်ပြပြောဆိုခဲ့ကြပြီးနောက် အခုလို အငြင်းပွားဖွယ်ရာ တွေ စတင်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး GMMTV က  ပြန်လည် ထုတ်ပြန်ခဲ့ရာမှာတော့ အဆိုပါ ဇာတ်လမ်းဟာ  ဥူလာဝီ (Ullavee) လို့ ခေါ်တဲ့ စိတ်ကူးယဉ် မြို့တမြို့ကို အခြေခံ ရိုက်ကူးထားတာဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။ 

ဒါ့အပြင် ဝတ်စုံတွေကိုလည်း အာရှ ယဉ်ကျေးမှုမျိုးစုံကနေ နမူနာယူ ဖန်တီးထားတာဖြစ်ပြီး ဘယ်ယဉ်ကျေးမှုကိုမျှ ထိုင်းယဉ်ကျေးမှု သီးသန့်အဖြစ် ပုံဖော်ဖန်တီးထားတာ မဟုတ်ကြောင်း ရှင်းလင်း ဖော်ပြထားပါတယ်။

GMMTV ကုမ္ပဏီက သူတို့အနေနဲ့ ယဉ်ကျေးမှု မတူကွဲပြားမှုတွေနဲ့ နောက်ခံ ယဉ်ကျေးမှု အသီးသီး ကို လေးစားမှုရှိကြောင်းလည်း ထည့်သွင်း ပြောကြားထားပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ရုပ်ရှင်မှာ မြန်မာ့ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စုံတွေကို သုံးစွဲထားတာနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေနဲ့ မြန်မာပရိသတ်တွေက အွန်လိုင်းမှာ လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြတာပါ။

မြန်မာပြည်သူတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပြီးနောက် GMMTV က တရားဝင် တောင်းပန်လိုက်ပြီး ဝတ်စုံနဲ့ အနုပညာဒီဇိုင်းတွေကိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း လန်နာဒေသ၊ တိုင်တိုင်းရင်းသားတွေ၊ တရုတ်နဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကနေ မှီငြမ်းပြီး စိတ်ကူးရယူ ဖန်တီးထားတာလို့ GMMTV က ဆိုပါတယ်။

မြန်မာ့ယဉ်ကျေးမှုအပါအဝင် ယဉ်ကျေးမှု တခုချင်းစီရဲ့ မူလဇာစ်မြစ်နဲ့ တန်ဖိုးကို လေးစားပြီး ဇာတ်လမ်းတွဲထဲက အစိတ်အပိုင်း အားလုံးကို ထိုင်းယဉ်ကျေးမှုအဖြစ် တင်ဆက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ နမူနာဗီဒီယိုနဲ့ ကြော်ငြာပုံတွေမှာ မြန်မာ့ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စုံတွေနဲ့ ရခိုင်ရိုးရာ ဆီမီးခွက် အကနဲ့ ဆင်တူတဲ့ မြင်ကွင်းတွေ ပါဝင်လာတာကြောင့် မြန်မာပရိသတ်တွေက ယဉ်ကျေးမှုအမွေအနှစ်တွေကို မှန်ကန်စွာ အသိအမှတ်ပြုဖို့နဲ့ ဝတ်စုံဒီဇိုင်းတွေရဲ့ မူလဇာစ်မြစ်ကို ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒီဇာတ်လမ်းတွဲဟာ စာရေးဆရာမ တုန်ဟွားရဲ့ ပုပုကျင်းရှင်း ("Bu Bu Jing Xin") ဆိုတဲ့ တရုတ် နာမည်ကြီး ဝတ္ထုကို မှီငြမ်းထားတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ဖြစ်ပြီး တရုတ်ရုပ်ရှင်စီးရီးမှာ လည်း လူကြိုက်များခဲ့တဲ့အတွက် ကိုရီးယားရုပ်ရှင်စီးရီးအဖြစ် ပြန်လည်ရိုက်ကူးခဲ့ရာမှာလည်း အောင်မြင်ခဲ့တဲ့စီးရီးတခု ဖြစ်ပါတယ်။

ခေတ်သစ် အမျိုးသမီးတယောက်ဟာ အချိန်ခရီးသွားပြီး ဥူလာဝီမြို့က ဖောင်နွမ်းဆိုတဲ့ အမျိုးသမီး ရဲ့ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားကာ မင်းသား ၇ ပါးကြားက အာဏာလုပွဲတွေ၊ ချစ်ခြင်းမေတ္တာနဲ့ ကံကြမ္မာဆိုင်ရာ အဖြစ်အပျက်တွေကြားထဲ ရောက်ရှိသွားတဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး မြန်မာပြည်က နာမည်ကြီး အနုပညာရှင်တွေကလည်း သူတို့ရဲ့ လူမှုကွန်ရက် တွေမှာ မြန်မာ့ယဉ်ကျေးမှု ရိုးရာဝတ်စုံတွေ ဝတ်ဆင်ရိုက်ကူးထားတဲ့ပုံတွေကို တင်ထားကြတာ တွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာပြည်သူတွေရဲ့ ဝေဖန်မှုတွေ တစတစ ကြီးထွားလာနေပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံပြည်သူတွေကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိခိုက်အောင် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံး က အမျိုးသားရေးဝါဒီတွေဟာ အမြတ်ထုတ် အသုံးချနေကြတယ်လို့ မြန်မာအရေး ကျွမ်းကျင်သူ ထိုင်းပညာရှင်တယောက်က သတိပေးပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာ မင်းသား ဝင်းမေထာဝင်း၊ တူတွန်တာဝမ်၊ နာနွန် ကော်ရာပတ်၊ တေးတဝမ်၊ ဖို့သ် နထဝတ်၊ ဖြူးဝင်း တံဆက်ယွန်၊ ပါ့သ် ထနပွန်နဲ့ ဖို့စ် ဂျိရတ်ချဖုန်းအပါအဝင် ထိုင်းသရုပ်ဆောင်များစွာ ပါဝင်ထားကြပြီး လာမဲ့ နိုဝင်ဘာ ၄ ရက်မှာ စတင်ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

Source: Khaosod 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013