
DVB
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ မတ်လ ၃၁ ရက် ဒီကနေ့ မနက်က ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ယောက် သေဆုံးသွားပါတယ်။
ပူတာအိုခရိုင် ဆွမ်ပီယာန်အုပ်စု အင်စီယာန်ရွာအနားမှာ ဒီမနက် ၉ နာရီခွဲလောက်က ကေအိုင်အေ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နဲ့ ဆွမ်ပီယာန်မှာ အထိုင်တပ်ချထားတဲ့ စစ်ကောင်စီတပ် ခလရ ၁၃၈ နဲ့ ခလရ ၄၆ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်သွားတယ်လို့ ပူတာအိုဒေသံ ပြည်သူတစ်ဦးက ပြောပါတယ်။
"ဒီမနက်ပိုင်းမှာ အင်စီယာန်ရွာအထက်နားမှာ တိုက်ပွဲဖြစ်သွားတယ်။ တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က မအလ စစ်သား ၃ ယောက်ကျဆုံးပြီး လက်နက်ကြီး တစ်လက်အပါ၀င် လက်နက်ငယ်တွေလည်း သိမ်းဆည်းရမိတယ်"။
မတ်လ ၃၀ ရက်နေ့ကလည်း လီဒို တနိုင်းလမ်းမပေါ် ခွန်ဆိုင်ယန်မှာ ကေအိုင်အေတပ်မဟာ တပ်ရင်း ၂၀ နဲ့ စစ်ကောင်စီရဲ့ ခမရ ၈၆ တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ကေအိုင်အေကနေသိရပါတယ်။
မနေ့ညနေ ၄ နာရီလောက်မှာတော့ ကေအိုင်အေ တပ်မဟာ ၉ နယ်မြေကို အာဏာသိမ်း စစ်တပ်က ဂျက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။