
ကျားဖြန့်ဂိုဏ်း၊ လူမိုက်ဂိုဏ်တွေနဲ့ ဆက်နွှယ်နေတဲ့ အင်းစိန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်ကို ဝန်ထမ်းတွေက စစ်အာဏာရှင်သမ္မတထံ ဇူလိုင် ၂၁ ရက်မှာ စာပေးပို့ တိုင်ကြားလိုက်တယ်လို့ ခရိုင်ရုံးဝန်ထမ်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရန်ကုန်တိုင်း၊ အင်းစိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်ဟာ အာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားတာ၊ တရားမဝင် လက်နက်နဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ရောင်းဝယ်တာ၊ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ လက်အောက်ခံ ထွေအုပ် ဝန်ထမ်းတွေက တိုင်ကြားထားတာဖြစ်ပါတယ်။
ဦးရဲထွန်းဇော်ဟာ အရင် သံတွဲခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့အချိန်ကတည်းက တာဝန်ချိန်အတွင်း KTV တွေနဲ့ ဟိုတယ်တွေမှာ မူးယစ်သောက်စား ပျော်ပါးခဲ့တာကြောင့် ရောက်ရှိပြီး ၃ လအကြာမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးဆီ ချက်ချင်း ပြောင်းရွှေ့ခံခဲ့ရသူ ဖြစ်တယ် လို့လည်း ဝန်ထမ်းတွေက ပြောပါတယ်။
အင်းစိန်ခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့လာပြီးနောက်မှာလည်း ခရိုင်အတွင်းမှာရှိတဲ့ KTV တွေ၊ စင်တင်စားသောက်ဆိုင်တွေနဲ့ အနှိပ်ခန်းတွေဆီကနေ လစဉ်ကြေးတွေ တောင်းခံယူခဲ့သလို၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ တရားမဝင်နေထိုင်တဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား တွေနဲ့ ပူးပေါင်းကာ KTV တွေမှာ ညတိုင်း အာဏာသုံး သောက်စားမူးယစ်နေတယ်လို့ ဒီအကြောင်းရာကိုသိရှိတဲ့ ဝန်ထမ်းတယောက်က ဓာတ်ပုံ အထောက်အထားတွေနဲ့တကွ DVB ကို ပြောပြပါတယ်။
ဒါ့အပြင် လစဉ်ဆက်ကြေးတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါအဝင် လှိုင်သာယာက လူမိုက်ဂိုဏ်းတွေနဲ့ တညင်းကုန်းဈေးတာဝန်ခံ လူမိုက်တွေကို လိုက်လံတောင်းခံခိုင်းခဲ့ပြီး တခြား ရုံးလုပ်ငန်း ဆောင်ရွက်စရာတွေကိုတော့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးကသာ ကိုယ်စား တက်ရောက် ပေးနေရတယ်လို့ နီးစပ်တဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။
ဒါကြောင့် ခရိုင်ရုံးနဲ့ ဝန်ထမ်းအိမ်ရာဝင်းအတွင်းမှာလည်း လူမိုက်ဂိုဏ်အဖွဲ့တွေက ညဉ့်နက် အချိန်ထိ အတားအဆီးမရှိပဲ သွားလာနေကြတယ်လို့ ဆိုပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်ပြုချက်မရှိဘဲ တရားမဝင် လက်နက်များစွာကို ရုံးခန်းအတွင်း သိမ်းဆည်းထားပြီး လူမိုက်တွေ၊ ကျားဖြန့်တရုတ်တွေနဲ့ လက်နက်အရောင်းအဝယ် ပြုလုပ်တာ၊ FMI အိမ်ရာနဲ့ ပန်းလှိုင်အိမ်ရာမှာရှိတဲ့ ကျားဖြန့်တရုတ်တွေဆီကနေ လာဘ်ငွေယူကာ တရားမဝင် နေထိုင်ခွင့်ပြုထားတာတွေလည်း ရှိသလို တရားမဝင် လိုင်စင်မဲ့ကားတွေကိုလည်း ရုံးမှာ ထားရှိပြီး ဝယ်ရောင်း လုပ်နေတာတွေကို CCTV မှတ်တမ်းတွေအရ ပြန်ကြည့်ရင် သိနိုင်တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
အဆိုပါ တိုင်ကြားစာကို စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင်ထံကို လိပ်မူ တိုင်ကြားထားတာ ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးက တာဝန်ရှိသူ ၉ ယောက်ဆီကို မိတ္တူပေး ပို့ ထားပါတယ်။
တိုင်ကြားစာပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိပါဘူး။










