ဆူဒန်စစ်ပွဲအတွင်း သေဆုံးသူ ၄ ပုံ ၃ ပုံခန့်မှာ ဒရုန်းကြောင့်ဖြစ်ဟု ကုလပြော

ဆူဒန်နိုင်ငံ ပြည်တွင်းစစ်အတွင်း အခုနှစ်ပိုင်းမှာ အရပ်သား အယောက် ၂,၂၃၀ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက နိုဝင်ဘာ ၁၇ ရက်မှာ အတည်ပြု ပြောလိုက်ပါတယ်။
သေဆုံးသူဦးရေရဲ့ ၄ ပုံ ၃ ပုံ နီးပါးမှာ ဒရုန်း (မောင်းသူမဲ့လေယာဉ်) နဲ့ တိုက်ခိုက်မှုတွေ ကြောင့်ဖြစ်ပြီး ဒီတိုက်ခိုက်မှုပုံစံက လက်ရှိပဋိပက္ခရဲ့ “အဓိက လက္ခဏာရပ်” တခု ဖြစ်လာ နေပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတာ ဟူတာဒိုက “စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေက စစ်ပွဲဆိုင်ရာ ဥပဒေတွေကို အလေးမထားဘဲ အတိအလင်း ဆက်ပြီး ချိုးဖောက်နေတယ်” လို့ ပြောရင်း ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။
ဆူဒန်စစ်တပ်နဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF) တို့အကြား ၂၀၂၃ ခုနှစ် ဧပြီလကတည်းက ပြည်တွင်းစစ် ဖြစ်နေပြီး မကြာသေးမီလတွေအတွင်း နှစ်ဖက်စလုံးက ဒရုန်းတိုက်ခိုက်မှုတွေကို ပိုအရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ကုလသမဂ္ဂရဲ့ အတည်ပြုချက်အရ သေဆုံးသူဦးရေ အယောက် ၂,၂၃၀ အထိ ရှိလာခဲ့ပြီး သူတို့ထဲက အယောက် ၁,၆၃၀ ကျော်ဟာ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာလို့ ဟူတာဒိုက ပြောခဲ့ပါတယ်။
ဒါ့အပြင် လက်တွေ့မှာ ထိခိုက်ဆုံးရှုံးမှုပမာဏက ဒိထက် ပိုများနိုင်တယ်လို့လည်း သူက ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
Source: Reuters











