
ဆူဒန်စစ်တပ်က မြို့တော်ခါတွမ်ကို အမြန်ထောက်ပံ့ရေး အရန်တပ်ဖွဲ့ (RSF) လက်ထဲကနေ ၂၀၂၅ ခုနှစ် မတ် ၂၆ ရက်မှာ ပြန်သိမ်းပိုက်နိုင်ခဲ့တာ တနှစ်ကျော်သွားခဲ့ပြီဖြစ်ပေမဲ့ စစ်ပွဲအတွင်း လုယက်ခံ ခဲ့ရပြီး ပျက်စီးသွားလို့ စွန့်ပစ်ခံထားရတဲ့ မော်တော်ကားပေါင်း ထောင်နဲ့ချီဟာ မြို့အနှံ့မှာ ရှုပ်ပွနေဆဲ ဖြစ်ပါတယ်။
မြို့တော်ကို ပြန်သိမ်းပိုက်ခါစတုန်းက လမ်းမကြီးတွေပေါ်မှာ ပျက်စီးနေတဲ့ မော်တော်ကားတွေ များပြားလွန်းလို့ လူတွေလမ်းလျှောက်ဖို့တောင် မနည်းသွားရသလို ကားမောင်းဖို့ဆိုတာ လုံးဝ မဖြစ် နိုင်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး အခုခါမှာ အများပြည်သူဆိုင်ရာနေရာတွေရှိ ကားတွေကို လိုက်လံသိမ်းဆည်း ရှင်းလင်းနေပါတယ်။
ရဲတပ်ဖွဲ့ပြောခွင့်ရ ဖှာ့သ်အယ်လ်ရာမန် မိုဟာမက်အယ်လ်တွမ်ကတော့ အွန်လိုင်းကနေ မော်တော်ကား ပျောက်ဆုံးကြောင်း တိုင်ကြားချက်ပေါင်း ၉၂,၇၀၀ အထိ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပြီး အဲဒီအထဲက ကားလိုင်စင်နဲ့ ပိုင်ရှင်အချက်အလက် စိစစ်ပြီးသား အမှုတွဲတွေကို နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) စနစ်ထဲအထိ ထည့်သွင်း ချိတ်ဆက်ထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာ ကားအပိုပစ္စည်းတွေ အကုန်အလုခံရပြီး ပျက်စီးနေတဲ့ ကားပေါင်း ၁၁,၈၆၅ စီးကို ခါတွမ်ပြည်နယ်အတွင်းက ကွင်းပြင် ၅၅ ခုမှာ စုပုံသိမ်းဆည်းထားနိုင်ပြီဖြစ်ပြီး လမ်းတွေပေါ်မှာ ကျန်နေသေးတာမို့ ဆက်လက်သိမ်းဆည်းနေတုန်းပဲလို့ ဆိုပါတယ်။
ဒါ့အပြင် ပျောက်ဆုံးသွားတဲ့ မော်တော်ကားတွေထဲက ၆၅၀ ကို တောင်ဆူဒန်နိုင်ငံကနေ ပြန်လည် ရရှိခဲ့ပြီး အစီး ၁၀၀ ကျော်ကိုတော့ ချဒ်နိုင်ငံကနေ ပြန်ရခဲ့သလို နိုက်ဂျာနဲ့ ဘာကီးနားဖားဆို နိုင်ငံတွေ အထိပါ မော်တော်ကားတချို့ ရောက်ရှိသွားတယ်လို့ စုံစမ်းသိရှိထားရပါတယ်။
ခါတွမ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးဒါရိုက်တာ အဗ္ဗဒူလ် မူနင်ဘာရှားကတော့ ဒီစွန့်ပစ်ကားတွေဟာ မြို့ရဲ့ အမြင်ပသာဒကို အရမ်းရုပ်ဆိုးစေတဲ့အပြင် ကားတစီးချင်းစီကို လိုက်လံရွှေ့ပြောင်းဖို့၊ သွားရောက် သိမ်းဆည်းပြီး စောင့်ရှောက်ဖို့ နေရာရှာရတာတွေဟာ ကုန်ကျစရိတ် အလွန်ကြီးမား တာကြောင့် မြို့တော်ကို သန့်ရှင်းရေးလုပ်ဖို့ ကြိုးပမ်းမှုတွေ နှောင့်နှေးကြန့်ကြာ နေရတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်ပွဲအတွင်း မော်တော်ကား အခိုးခံခဲ့ရတဲ့ မော်တော်ကားပိုင်ရှင်တွေအတွက်တော့ ဒီအစီအစဉ်ဟာ မျှော်လင့်ချက်တခု ဖြစ်နေပါတယ်။
ကားရဲ့ အောက်ခံကိုယ်ထည် (ချက်စီ) သာ ကောင်းနေသေးရင် ကျန်တဲ့အပေါ်က အစိတ်အပိုင်း တွေကို အပိုပစ္စည်းအဖြစ် ပြန်သုံးလို့ရတာမို့ တကယ်လို့ ကားပြန်ရှာတွေ့ခဲ့ရင် ငွေအမြောက်အမြား သက်သာသွားလိမ့်မယ်လို့ ပြောပါတယ်။
အစိုးရရဲ့ ကြိုးပမ်းမှုတွေအပြင် စေတနာ့ဝန်ထမ်းတွေကလည်း လူမှုကွန်ရက်စာမျက်နှာတွေက တဆင့် ကူညီပေးနေကြပါတယ်။
စေတနာ့ဝန်ထမ်းတွေဟာ မော်တော်ကားပိုင်ရှင်တွေကို သူတို့ကားတွေ ဘယ်နားမှာ ရှိတယ်ဆိုတာ လှမ်းပြောပြပြီး စစ်ထောက်လှမ်းရေး၊ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ တရားစွဲဆိုရေးဌာနတို့ဆီ ကနေ ကားထုတ်ယူခွင့်အမိန့် သွားယူဖို့ လမ်းညွှန်ပေးကြတာဖြစ်ပါတယ်။
ဆူဒန်နိုင်ငံမှာ ၂၀၂၃ ခုနှစ် ဧပြီလကတည်းက စစ်တပ်နဲ့ RSF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီပြည်တွင်းစစ်ကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံးကာ သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
နိုင်ငံတဝန်းမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘေးတွေ ကြုံတွေ့နေရသလို အခြေခံအဆောက်အအုံ တွေ၊ နေအိမ်တွေနဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေလည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
Source: Reuters











