DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် ပရဟိတအသင်းကားများ လှည့်လည် ဆန္ဒပြ
DVB
·
February 23, 2021
မန္တလေးမြို့တွင် ပရဟိတအသင်းကားများ လှည့်လည် ဆန္ဒပြ
1 / 6
Donate to DVB

ပြည်သူတွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ပရဟိတအသင်းကားတချို့  ပစ်ခတ်ခံရမှုကို အများပြည်သူ သိရှိစေဖို့  ဖေဖော်ဝါရီ ၂၃ ရက် မနက်က မန္တလေးမြို့ ၇၉လမ်း၊ ၃၄ လမ်းထောင့်မှစတင်ပြီး ပရဟိတအသင်းကားတွေ   မြို့တွင်း ဆန္ဒပြလှည့်လည်ခဲ့ပါတယ်။

မန္တလေးမြို့မှာ ပရဟိတလူမှုကူညီရေး လုပ်ဆောင်နေတဲ့ ပရဟိတအသင်းကားတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ်မှုတွေရှိတဲ့အတွက် ပရဟိတအသင်းတွေ ပရဟိတသမားတွေ လုံခြုံမှုမရှိကြောင်း ထုတ်ဖော်ပြသတဲ့အနေနဲ့ အခုလို ဆန္ဒပြလှည့်လည်တာပါ။

ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ဦးခင်မောင်တင့် (ပရဟိတမင်းခေါင်) က “ပရဟိတအသင်းတွေ လုံခြုံမှုမရှိတော့ဘူးဆိုတာ ချပြတာပါ၊ လောက်ကိုင်မှာ စစ်ဖြစ်တုန်းက သွားရောက်ကူညီကယ်ဆယ်ခဲ့ပေမယ့် အဲအချိန်က ဒီလောက်ထိ အထိတ်တလန့်မဖြစ်ခဲ့ရဘူး။ ၂၀ ရက်နေ့က ယူနီဖောင်းအပြည့်နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတာကို တပ်ဖွဲ့ဝင်တွေက စိန်ခေါ်ပြီး ခွနဲ့ပစ်တယ်။ အသင်းကားတစ်စီး သေနတ်ပစ်ခံရတယ်။ အခုလို ပစ်ခတ်လိုက်တဲ့ တပ်ဖွဲ့ဝင်တချို့ရဲ့ အမှားတွေက တချိန်ကျ ပရဟိတသမားတွေနဲ့ တပ်ဖွဲ့ဝင်တွေကြား သမိုင်းအမည်းကြီး မကျန်ရစ်စေချင်ပါဘူး” လို့ ပြောပါတယ်။

ပရဟိတအသင်းတွေက လူမှုကူညီရေး ပရဟိတဆောင်ရွက်နေချိန် ပစ်မှတ်၊ တည်ကြက်ပုံစံ ဘယ်လိုပစ်ခံရလဲဆိုတာကို မေးချင်တယ်လို့ မန္တလေးမြို့ခံ ပရဟိတအသင်းတချို့က ပြောပါတယ်။

မန္တလေးအရေးအခင်းမှာ သေနတ်ပစ်ခံခဲ့ရတဲ့ ပရဟိတအသင်းကား နှစ်စီး အပါအဝင် ပရဟိတကား၊ နိဗ္ဗာန်ယာဉ် အစီး ၄၀ လောက် စုပေါင်းပြီး မန္တလေးမြို့တွင်း ဆန္ဒပြ လှည့်လည်ခဲ့တာပါ။

ပရဟိတ အောင်ဘုက “၁၇ ရက်က ပရဟိတဓာရီအသင်း ပစ်ခံရတယ်။ ၂၀ ရက်နေ့မှာ မေတ္တာမြင်းမိုရ် ပစ်ခံရတယ်။ ပရဟိတအသင်းတွေက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြတာပါ။ ရဲလည်း ပြည်သူ၊ စစ်သားလည်း ပြည်သူ၊ အရပ်သားလည်း ပြည်သူပဲ၊ ပြည်သူတွေကို ကူညီနေတဲ့ ပရဟိတအသင်းကားတွေ ပရဟိတသမားတွေကို ထိခိုက်အောင် လုပ်တာတော့ မဖြစ်စေချင်ဘူး၊ ဒါကြောင့် အခုလို လှည့်လည်ရတာပါ၊ ဖြစ်စေချင်တဲ့ဆန္ဒကို ဖော်ထုတ်တာပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက မန္တလေးဘူတာကြီးအနီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုမှာ ပရဟိတဓာရီအသင်းရုံးက လူငယ် ၁ ဦးနဲ့  ရပ်ထားတဲ့ အသင်းကားနဲ့ ရုံးခန်းနေရာတချို့ ကျည်ဆန်ထိမှန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တဲ့ မန္တလေး သင်္ဘောကျင်း ဖြိုခွင်းမှုမှာတော့ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ မေတ္တာမြင်းမိုရ်ပရဟိတအသင်းကား သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013