DVB Logo
Home
မြန်မာသတင်း
“ကျနော်တို့မျိုးဆက်မှာ စစ်အာဏာရှင်စနစ်ကို အပြီးတိုက်ဖို့ လိုတယ်” - မင်းဟန်ထက်
DVB
·
February 13, 2021
“ကျနော်တို့မျိုးဆက်မှာ စစ်အာဏာရှင်စနစ်ကို အပြီးတိုက်ဖို့ လိုတယ်” - မင်းဟန်ထက်
Donate to DVB

အာဏာသိမ်းစစ်အစိုးရအား ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ကျင်းပနေကြသလို အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာလည်း ကျောင်းသားပြည်သူတွေလည်း ပါဝင်နေကြသလို ဝန်ထမ်းတွေလည်း ၈၀ ရာခိုင်နှုန်းနီးပါးလောက် ပါဝင်လာနေကြတယ်လို့ သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မင်းဟန်ထက်ကတော့ စစ်အာဏာရှင်နစ်ကို နောက်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းပေးလိုက်ရတာမျိုးမဖြစ်အောင် အခုမျိုးဆက်မှာ အပြီးတိုက်ဖို့ လိုတယ်လို့ ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။ 

“ကျနော်တို့မျိုးဆက်မှာ စစ်အာဏာရှင်စနစ်ကို အပြီးတိုက်ဖို့ပဲ။ အမြစ်ဖြတ်လိုက်ဖို့ လိုတယ်။ မဟုတ်ရင် နောက်မျိုးဆက်တွေအထိ ဒီစစ်အာဏာရှင်စနစ်ကို လက်ဆင့်ကမ်းပေးလိုက်ရမှာ။ ဒီမျိုးဆက်မှာ အမြစ်ဖြတ်ဖို့အတွက်က လူထုလှုပ်ရှားမှု တခုတည်းနဲ့ မလုံလောက်ဘူး။ ကျန်တဲ့ အမြစ်ဖြတ်လို့ရတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ သုံးရမယ်။ CDM ကမ်ပိန်းလိုကိစ္စမျိုးတွေ အပါအဝင် အစိုးရယန္တရားကြီးတခုလုံး ရပ်တန့်သွားအောင်ဆိုတဲ့ ကိစ္စမျိုးတွေပါ ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ ခေတ်တိုင်းမှာတော့ မျိုးဆက်လို့ စပြောလိုက်တာနဲ့ လူငယ်တွေကို စပြီး မြင်ရမှာပေါ့။ ဒီမျိုးဆက်မှာ ကျနော်တို့တွေလည်း ကျောင်းသားသမဂ္ဂမှာ တာဝန်တွေ ယူကြတယ်။ နိုင်ငံရေးတွေကို စစ်အာဏာမသိမ်းခင်အချိန်တုန်းကလည်း ကျနော်တို့ လုပ်ကြတယ်။ ဒီအခြေအနေမှာ ကျနော်တို့လူငယ်တွေကို မြင်နေကြတာ ရှိတယ်။ ဒီမျိုးဆက်ရဲ့ လူငယ်တွေက နိုင်ငံရေးကို စိတ်မဝင်စားကြဘူး၊ ရှစ်ဆယ့်ရှစ်လို အခြေအနေမျိုးသာ ကြုံခဲ့ရရင် မတွေးရဲစရာပဲ စသဖြင့် တွေးခဲ့ကြတယ်၊ တွေးခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်း တိုင်းပြည်က ဒီလိုအကျပ်အတည်းကာလကို ရောက်တယ်၊ စစ်ဖိနပ်အောက်ကို ရောက်သွားတဲ့အခါမှာ လူငယ်တွေရဲ့ တုံ့ပြန်မှုတွေက မထင်ထားလောက်အောင် ကြီးမားပေါက်ကွဲလာတာကို သွားတွေ့ရတယ်။ လူငယ်ထုတရပ်လုံးက လမ်းပေါ် တက်လာကြတယ်။ ဒီစစ်အာဏာသိမ်းမှုကို စိုးစဉ်းမျှ လက်မခံနိုင်ဘဲနဲ့ လူငယ်ထုအနေနဲ့ ဆန့်ကျင်ပါတယ်၊ ရှုတ်ချပါတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ကျနော်တို့ မြင်လာရတယ်။ ဒါ ကျနော်တို့အတွက် အင်မတန် အားတက်စရာ၊ ဂုဏ်ယူစရာကိစ္စ ဖြစ်တယ်။ ဒါကတော့ ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်တွေက ဘယ်တော့မှ မတရားမှုကို ခေါင်းငုံ့ခံနေမှာ မဟုတ်ဘူး။ တခု သာတာတချက်က သတင်းစကားတွေ၊ ကျနော်တို့ တိုင်းပြည်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ ကိစ္စကို နိုင်ငံတကာကို ကျယ်ကျယ်ပြန့်ပြန့် ကျနော်တို့ ပြောနိုင်တယ်။ နောက်တခုက နိုင်ငံတကာချိတ်ဆက်မှုတွေနဲ့ ကျနော်တို့က နီးစပ်လာတယ်။ နိုင်ငံတကာမှာ လူထုလှုပ်ရှားမှုတွေကို ဘယ်လိုလုပ်ခဲ့ကြသလဲ၊ ဘယ်လို လုပ်နေကြသလဲ ကျနော်တို့ ပိုပြီးတော့ သတင်းစကားတွေ ရတဲ့အတွက် ဒီစစ်အာဏာရှင်စနစ်ကို ပိတ်လှောင်မနေဘဲနဲ့ အင်ဖော်မေးရှင်း ပိုများများနဲ့ ပိုပြီးအမြစ်ဖြတ်လို့ရမယ်လို့ ယူဆတယ်။ ဒါ ကျနော်တို့ ဒီမျိုးဆက်ရဲ့ အခြေအနေတွေက ဖန်တီးပေးထားတဲ့ အားသာမှုလို့ မြင်ပါတယ်။ 

“စစ်အာဏာ စသိမ်းပြီဆိုကတည်းက ဒါကို ကျနော်တို့ စဉ်းစားထားပါတယ်။ ပထမတချက်ကတော့ ထောင်ထဲရောက်မယ်၊ စစ်ကြောရေးတွေ ရောက်မယ်။ အဆိုးဆုံးအခြေအနေကတော့ လမ်းမပေါ်တွေမှာ ဖြိုခွင်းခံရမယ်။ သွေးမြေကျနိုင်တယ်။ ဒီအခြေအနေမျိုးတွေ စဉ်းစားထားတယ်။ တကယ်လို့ အဲဒိလိုဖြိုခွင်းခံရရင် ဒါ ကျနော်တို့ ကြိုတွေးထားတဲ့တခုပဲ။ ဒီလိုပဲ စစ်အာဏာသိမ်းအုပ်စုကလည်း သူ ဒီလိုသိမ်းပြီဆိုရင် လူငယ်တွေ ဒီလို လမ်းပေါ်တက်လာပြီးတော့ လူထုတရပ်လုံး လမ်းပေါ်ရောက်လာမယ်ဆိုတာ သူတို့ကလည်း မျှော်လင့်ပြီးသားကိစ္စပဲ။ ကျနော်တို့က တယောက်နဲ့ တယောက် ကြိုမျှော်လင့်ထားတဲ့ကိစ္စတွေနဲ့ အလုပ်လုပ်နေကြတာပဲ။ သူကလည်း လူတွေ လမ်းပေါ်တက်လာရင် ဘယ်လိုဖြိုခွင်းမလဲဆိုတာ ကြိုစဉ်းစားထားပြီးသား ဖြစ်မှာပဲ။ ကျနော်တို့ကလည်း သူတို ဖြိုခွင်းပြီဆိုရင် ရတဲ့နည်းနဲ့ တော်လှန်သွားရမှာပဲဆိုတော့ လမ်းမပေါ်မှာ တော်လှန်ရေးက ရပ်တန့်သွားတာမျိုး ကျနော်တို့က မဖြစ်စေချင်ဘူး။ အရင်တုန်းက လူငယ်တွေက စိတ်အားထက်သန်မှုနဲ့ လုပ်ခဲ့ကြတဲ့ကိစ္စတွေ ရှိတယ်။ နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်တွေပေါ့။ လက်နက်ကိုင်ထားတဲ့သူကို လက်နက်နဲ့ပဲ ပြန်တိုက်မယ်ဆိုတဲ့ နည်းလမ်းမျိုးတွေကစလို့ပေါ့။ ဒါကို လူငယ်တွေအနေနဲ့လည်း တွေးထားသင့်တယ်လို့ ကျနော် ယူဆတယ်။ ရတဲ့နည်းလမ်းပေါင်းစုံနဲ့တော့ မြန်မာ့မြေပေါ်ကနေ စစ်အာဏာရှင်ကို အမြစ်ဖြတ်ရမှာပဲ။

“ဒါဟာ ကျနော်တို့မျိုးဆက်ကို သမိုင်းက ပခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်ပဲ။ ဒါကို ကျနော်တို့ ကျေပွန်အောင် ထမ်းဆောင်ရလိမ့်မယ်။ ကျနော်တို့ နောက်မျိုးဆက်တွေ ရောက်တဲ့အခါကျရင် ကျနော်တို့ခေတ်မှာ ကျနော်တို့ဟာ တာဝန်ကျေခဲ့ပါတယ်ဆိုတာ လိပ်ပြာသန့်သန့်နဲ့ ကျနော်တို့ ပြန်ပြောနိုင်ဖို့ လိုတယ်။ ကျနော်တို့မျိုးဆက်မှာ စစ်အာဏာရှင်စနစ်ကို နောက်ဆုံး ဖြစ်စေချင်ပြီ။ နောက်ထပ်လည်း ကျောင်းသားတွေ၊ လူငယ်တွေ၊ ပြည်သူလူထုတရပ်လုံး ပါဝင်ပြီးတော့ ရတဲ့နည်းလမ်းနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ လိုပါတယ်။

“ကျနော်တို့ ပြည်သူလူထုတရပ်လုံး ပိုပြီးစည်းလုံးသွားပြီ။ ပြည်သူလူထုတရပ်လုံးရဲ့ သဘောဆန္ဒတွေအားလုံးကိုလည်း ရန်ကုန်မြို့ အပါအဝင် တနိုင်ငံလုံးရဲ့ လမ်းမတွေအသီးသီးပေါ်မှာ မြင်နေရပြီ။ သူတို့ရဲ့နေဝင်ချိန်ဟာ သိပ်မကြာတော့ဘူးလို့ ကျနော် ယူဆပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013