DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကို ထိပ်တိုက်ရင်ဆိုင်မှုမလုပ်ဘဲ ရှောင်ရှားရန် သပိတ်မှောက်ပြည်သူများကို တိုက်တွန်း
DVB
·
February 11, 2021
အကြမ်းဖက်မှုကို ထိပ်တိုက်ရင်ဆိုင်မှုမလုပ်ဘဲ ရှောင်ရှားရန် သပိတ်မှောက်ပြည်သူများကို တိုက်တွန်း
Donate to DVB

ဆန္ဒပြပြည်သူတွေအနေနဲ့ တဖက်က အကြမ်းဖက်မှုတွေလုပ်လာရင် ထိပ်တိုက်ရင်ဆိုင်မှုမျိုးတွေ မလုပ်ဘဲ ရှောင်ရှားဖို့  အထွေထွေသပိတ်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီက တိုက်တွန်းထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က  စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့အပေါ် မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေသပိတ်မှောက်နေကြရာမှာ ရဟန်းရှင်လူပြည်သူတွေ၊ အစိုးရဝန်ထမ်း၊ ကျောင်းသားကျောင်းသူတွေ၊ အလုပ်သမား၊ လယ်သမားတွေ ပါဝင်လာတာပါ။

ဆန္ဒပြပွဲကို ဖြိုခွင်းတဲ့အနေနဲ့ မန္တလေး၊ နေပြည်တော်နဲ့ မြို့ကြီးတချို့မှာ အာဏာသိမ်း အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက  အကြမ်းဖက်ဖြိုးခွင်းတာ ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်တာ၊ ဖမ်းဆီးတရားစွဲ ထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဒီလိုအကြမ်းဖက်မှုတွေလုပ်လာရင်ဆန္ဒပြ ပြည်သူတွေအနေနဲ့ ထိပ်တိုက်မတွေ့ဘဲ လိမ္မာပါးနပ်စွာရှောင်ရှားဖို့ ၊အကြမ်းဖက်မှုတွေအပေါ်တန်ပြန်တုံ့ပြန်မှုမလုပ်ဘဲ ကိုယ်လိုချင်တာကို အေးချမ်းစွာတောင်းဆိုဖို့ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက တိုက်တွန်းထားတယ်လို့   ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က ပြောပါတယ်။

သပိတ်မှောက်ဆန္ဒပြမှုတွေအောင်မြင်ဖို့က အစိုးရယန္တယားရပ်ဆိုင်းသွားဖို့လိုပြီး ဒီဆန္ဒပြမှုတွေမှာ အစိုးရဝန်ထမ်းတွေအနေနဲ့ ရုံးမတက်ရေးလှုပ်ရှားမှု CDMမှာ ပါဝင်ဖို့နဲ့ ဆန္ဒပြ လှုပ်ရှားမှုမျိုးစုံပါဝင်နေဖို့လိုတယ်လို့ ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်ဦးမင်းကိုနိုင်က ပြောပါတယ်။

အာဏာသိမ်းစစ်အစိုးရဘက်က ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်တဲ့နေရာမှာ အကြမ်းဖက်မှုတွေဝင်မလာဖို့လိုပြီး ပုံစံအမျိုးမျိုးနဲ့ဝင်လာနိုင်တဲ့ အဖျက်သမားတွေကိုလည်း သူတို့ရဲ့ အကျင့်စရိုက်တွေကိုကြည့်ကာ ခွဲခြားနိုင်ဖို့လိုသလိုလုံခြုံရေးစနစ်တွေပြင်ဆင်ထားဖို့ ဦးမင်းကိုနိုင်က ထောက်ပြထားပါတယ်။

ဆန္ဒပြလူငယ်တွေအကြားမှာတော့ ဆန္ဒပြမှုတွေကိုအကြမ်းဖက်ဖြိုခွင်းခဲ့တာရှိပေမယ့် စိုးရိမ်မှုတွေမရှိဘူးလို့ ပြောဆိုတာတွေရှိသလို ဆန္ဒပြအဖွဲ့တွေ အချင်းချင်းကြားမှာလည်း ရိုင်းပင်းကူညီမှုတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်လာရင်လည်းပြင်ဆင်ထားတာမျိုးရှိတယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။

ခုတကြိမ်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ လူငယ် ၅ သန်းကို မထေမဲ့မြင် စော်ကားတာဖြစ်ပြီး သူတို့ရဲ့    အိပ်မက်တွေကို  ဖျက်ဆီးခံလိုက်ရတာဖြစ်တယ်လို့လည်း  ဦးမင်းကိုနိုင်က ပြောပါတယ်။ 

“ဒီမှာ  အာဏာသိမ်းဖို့ ကြိုးစားတဲ့ စစ်အုပ်စုရဲ့ မဆင်မခြင်လုပ်ရပ်တွေ များစွာထဲက  အဆိုးရွားဆုံးတစ်ရပ်က ဘာလဲဆိုတော့ လူငယ်တွေကို မထေမဲ့မြင် လုပ်လိုက်တာပဲ။ ဘယ်လိုလူငယ်တွေလဲ၊ သူတို့ဘဝမှာ ပထမဆုံးမဲပေးဖို့ အခွင့်အရေးရတဲ့လူငယ်  ၅ သန်းကျော်ရှိပါတယ်။ အဲဒီ ၅ သန်းကျော်ကို မထေမဲ့မြင်စော်ကားသလို ဖြစ်သွားတာ သူတို့ရဲ့မဲတွေကို ငြင်းဆန်ပစ်လိုက်တာ ဖျက်ဆီးပစ်လိုက်တာ  အဲတော့ အဲဒီအနာဂတ်မှာ လူငယ်တွေရဲ့ အိပ်မက်တွေရှိတယ်  အဲဒါတွေ ဖျက်ဆီးခံလိုက်ရတာ။”

၂၀၂၁ခုနှစ် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး လှုပ်ရှားမှုမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ ဦးဆောင်မှုနောက်လိုက်ပြီး ထောက်ခံအားပေးတာတွေလုပ်သွားမယ်လို့ နိုင်ငံရေးသမားတွေက လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရပြီးနောက် ဖြစ်ပေါ်လာတဲ့ အာဏာရှင် စနစ်ပြုတ်ကျရေး လှုပ်ရှားမှုတွေမှာ လူငယ်တွေက  ပုံစံအမျိုးအမျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။ အရင် ကျောင်းသားဟောင်းတွေနဲ့ နိုင်ငံရေးသမားတွေက ဒီလို ငြိမ်းချမ်းစွာ တောင်းဆိုကြတဲ့ လှုပ်ရှားမှုတွေကိုအားပေးထောက်ခံပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးမှာ အောင်မြင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောဆိုကြပါတယ်။

လူငယ်တွေဟာ သတ္တိကောင်းပြီး ဆန်းသစ်တဲ့အမြင်တွေနဲ့ လူထုနဲ့ နီးစပ်တဲ့ ကြွေးကြော်သံတွေ ဆောင်ပုဒ်တွေလှုပ်ရှားမှုတွေ တွေ့ရတယ်လို့ ဗကသ ကျောင်းသားဟောင်း ကိုအောင်မှိုင်းဆန်းကပြောပါတယ်။

လူငယ်တွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေတာကို အာဏာရှင်အစိုးရက အင်အားသုံးဖြိုခွင်းတာတွေရှိပြီးထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေလည်း ရှိပါတယ်။ စစ်အာဏာရှင်စနစ်က လူငယ်တွေရဲ့ အနာဂါတ်အတွက် အဟန့်အတားဖြစ်ပြီး အကြမ်းဖက်တာကို ရှုတ်ချတယ်လို့လူငယ်တစ်ဦး က ပြောပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး လှုပ်ရှားမှုတွေဟာ ရှည်ကြာနိုင်တဲ့အတွက် အရင်ကျောင်းသားဟောင်းတွေနဲ့ နိုင်ငံရေးသမားတွေက လူငယ်တွေနဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ 

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့  ၂၀၂၁ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုဟာ မျိုးဆက်တွေ အသီးသီး ချိတ်ဆက်ပြီး အောင်မြင်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။

“အဲတော့ နောက်ဆုံးတော့ ကျနော်တို့ မျိုးဆက်တွေ ချိတ်ပြီးတော့ အောင်ပွဲရမယ်ဆိုတာကို ကျနော်ယုံကြည်ပါတယ်။ အဓိကကတော့ စမတ်ကျတဲ့မျိုးဆက်ကို ကျနော်တို့ထာဝရ အားကိုးယုံကြည်လျက် မျိုးဆက် အဆက်ဆက်ကို ယုံကြည်ပြီးတော့ ပူးပေါင်းကြရမှာပါ။ ကျနော်တို့ ရောက်မှာပါ။ အရေးတော်ပုံ အောင်ရမယ်”။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထဲကနေ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးတွေကိုဖမ်းဆီးထိမ်းသိမ်းခဲ့တာပါ။

ဒါကြောင့် စစ်အာဏာရှင်စနစ်အလိုမရှိ ကြွေးကြော်သံတွေနဲ့အတူ ဖမ်းဆီးခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတဝန်းက  ပြည်သူတွေ သန်းနဲ့ချီပြီး ဆန္ဒပြတောင်းဆိုနေကြသလို ကုလသမဂ္ဂအပါအဝင် ပြည်ပနိုင်ငံသီးသီးကလည်း အာဏာသိမ်း စစ်အစိုးရကို ကန့်ကွက်ရှုတ်ချ နေကြပါတယ်။  

သတင်း- စိုးမိုးအောင်/ နိုင်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013