အမေရိကန်နိုင်ငံသမိုင်းမှာ နှစ်ပေါင်း ၁၆၅ နှစ်ကြာရှိခဲ့တဲ့ ရိုးရာအစဉ်အလာကို အဆုံးသတ်ပြီး အမေရိကန်ဒေါ်လာငွေစက္ကူပေါ်မှာ သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ လက်မှတ် ပထမဆုံး ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
ဒါဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေဆဲ သမ္မတ တယောက်ရဲ့ လက်မှတ် အမေရိကန်ငွေကြေးပေါ်မှာ ပထမဆုံးအကြိမ် ပါဝင်လာမှာဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ် ၂၆ ရက်မှာ ပြောပါတယ်။
အမေရိကန်လွတ်လပ်ရေး နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်မဲ့ ငွေစက္ကူမှာ သမ္မတရဲ့ လက်မှတ် ပထမဆုံး ပါဝင်မှာဖြစ်သလို နှစ်ပေါင်း ၁၆၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဘဏ္ဍာရေးမှူးရဲ့လက်မှတ် ချန်လှပ်ခံရတာလည်း ဖြစ်ပါတယ်။
ဇွန်လမှာထုတ်ဝေမဲ့ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပေါ်မှာ ထရမ့်ပ်ရဲ့လက်မှတ်နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်ရဲ့ လက်မှတ်တို့ ပါဝင်မှာဖြစ်ပါတယ်။
တခြားငွေကြေးတွေကတော့ နောက်ဆက်တွဲအဖြစ် နောက်လတွေမှာ ဆက်ပြီး ထုတ်သွားမှာပါ။ အမေရိကန်ဘဏ္ဍာရေးဌာနက သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ ဘဏ္ဍာရေးမှူးနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ ဖြစ်တဲ့ မာလာဘာနဲ့ ဂျာနတ်ယီလန်တို့ လက်မှတ်ပါတဲ့ ငွေစက္ကူတွေကိုလည်း ဆက်ပြီး ထုတ်နေပါတယ်။
အမေရိကန်ငွေကြေးကို ၁၈၆၁ ခုနှစ်က စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ငွေစက္ကူတွေပေါ်မှာ ဘဏ္ဍာရေးနဲ့ တာဝန်ရှိသူတွေရဲ့ လက်မှတ်တွေပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ထရမ့်ပ်အစိုးရ တက်လာပြီးနောက် အဆောက်အအုံတွေ၊ ကျောင်းတွေ၊ အစိုးရအစီအစဉ်တွေ၊ အကြွေစေ့တွေနဲ့ စစ်သင်္ဘောတွေမှာလည်း ထရမ့်ပ် အမည်ရေးထိုးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဒါ့အပြင် ရွှေဒင်္ဂါးမှာလည်း ထရမ့်ပ်ရဲ့ပုံရိပ်ကို အသုံးပြုမဲ့ ဒီဇိုင်းကို ပြီးခဲ့တဲ့အပတ်က အတည်ပြုချက် ရယူခဲ့တာလည်း တွေ့ရပါတယ်။
၁ ဒေါ်လာတန်ပေါ်မှာ ထရမ့်ပ်ရဲ့ရုပ်ပုံ အသုံးပြုမဲ့ကိစ္စကိုလည်း သက်ရှိထင်ရှားရှိတဲ့ ပုဂ္ဂိုလ်တွေကို ငွေကြေးပေါ်မှာ အသုံးမပြုရဆိုတဲ့ ဥပဒေကြောင့် ဒီကြိုးစားမှု နောက်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters










