DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်အစိုးရကို ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သမားများ ဆန့်ကျင်ကန့်ကွက်
DVB
·
February 10, 2021
အာဏာသိမ်းစစ်အစိုးရကို ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သမားများ ဆန့်ကျင်ကန့်ကွက်
Donate to DVB

အာဏာသိမ်းစစ်တပ်ကို  မြန်မာတနိုင်ငံလုံး ဆန့်ကျင်ဆန္ဒပြနေသလို ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြလို့မရပေမယ့် အာဏာသိမ်းတာကို လုံးဝ မထောက်ခံကြဘူးလို့  ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် မဲဆောက်ကအလုပ်သမားတွေဟာ ဘန်ကောက်ထိသွားပြီးဆန္ဒပြလို့မရပေမယ့် သူတို့စက်ရုံ တွေထဲမှာ အလုပ်ရှင်ရဲ့နားလည်မှုနဲ့ ဖဲကြိုးနီလှုပ်ရှားမှုတွေ၊ ဖယောင်းတိုင်းမီးထွန်းညှိတာ၊  ကြွေးကြော်သံအော်ခြင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံမီးရှို့ခြင်း စတာတွေနဲ့ ဆန္ဒဖော်ထုတ်ကြတယ်လို့ သိရပါတယ်။

စစ်အစိုးရဟာ ကမ္ဘာက အသိအမှတ်ပြုတဲ့အစိုးရ မဟုတ်တဲ့အတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အင်မတန်အနှိမ်ခံရကြောင်း၊ လူကြားထဲမှာ မြန်မာဆိုတာကို အထင်အရှားမဖော်ပြရဲတဲ့ထိ ခွဲခြားဆက်ဆံမှုတွေရှိခဲ့သလို စစ်အစိုးရကလည်း မိမိနိုင်ငံသားတွေကို စောင့်ရှောက်မှုမရှိ ဘူးလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့မှ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်အစိုးရလက်ထက်မှာ ကျနော်တို့နိုင်ငံက ကမ္ဘာကအသိအမှတ်ပြုတဲ့အစိုးရမဟုတ်တော့ အင်မတန်မှ အနှိမ်ခံရတယ်၊ ခွဲခြားဆက်ဆံခံရတယ်၊ မြန်မာဝတ်စုံနဲ့ လူတောထဲသွားရင် ဖာ့မာ့ ဖာ့မာ့ဆိုပြီး ရွံသလိုလိုနဲ့၊ ကျနော်တို့ကိုယ်တိုင် ပုန်းလျှိုးကွယ်ရှိုးနေခဲ့ရတဲ့ဘဝကို ဖြတ်သန်း ခဲ့ရတယ်။  ဒီမိုကရေစီလွတ်လပ်ပွင့်လင်းတဲ့ ခေတ်ကြီးကို ၅ နှစ်လောက်ရောက်လာတဲ့ခါမှာ ထိုင်းက ကျနော်တို့ဟာ သူတို့နိုင်ငံလိုအပ်ချက်ကို လာဖြည့်ပေးနေတာ အိမ်နီးချင်းညီကိုမောင်နှမတွေ ပါဆိုတဲ့ စကားလုံးတွေကြားလာရတယ်၊  ပြောချင်တာက အာဏာရှင်အုပ်ချုပ်တုန်းက တိုင်းတပါး မှာရောက်နေတဲ့ကျနော်တို့ရွှေ့ပြောင်းလုပ်သားတွေ အလွန်အကျွံခွဲခြားဆက်ဆံခံရပြီးမှ ဒီမိုကရေစီ အစိုးရသက်တမ်း ၅ နှစ်မှာတော့ ကျနော်တို့ကို လူကိုလူလိုမြင်တတ်ပြီး တန်းတူဆက်ဆံ တာတွေ့ ရတယ်။ အဲလိုကောင်းမွန်တဲ့အနေအထားကို ရောက်ကာမှ အရပ်သားအစိုးရ ဒုတိယ သက်တမ်းမှာ ပိုကောင်းမယ်လို့ မျှော်လင့်ကာမှ အခုလိုစစ်တပ်က အာဏာသိမ်းတော့ နောက် ကြောင်းပြန်သွားမှာ ကို လုံးဝမလိုလားဘူးလို့ ပြောချင်တယ်  ”

ချင်းမိုင်ခရိုင်က ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးဆောင်ရွက်နေတဲ့ HRDF လူ့အခွင့်အရေး နဲ့ တိုးတက်ရေးဖောင်ဒေးရှင်း တာဝန်ခံ စိုင်းပိုင်းက  လည်း  စစ်အစိုးရလက်ထက်မှာ ထိုင်းရောက်ရွှေ့ ပြောင်းလုပ်သားအရေးတွေဆောင်ရွက်ပေးဖို့နေနေသာ လူကြီးတွေရောက်လို့ ရောက်မှန်းတောင် မသိလိုက်ကြောင်းနဲ့ အရပ်သားအစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် အလုပ်သမား တွေကို လာနှုတ်ဆက်အားပေးသလို ရွှေ့ပြောင်းလုပ်သားအရေးကိစ္စတွေမှာ ထိုင်းအစိုးရနဲ့ မညှိနှိုင်းခင်  လူမှုအဖွဲ့အစည်းတွေနဲ့ လာဆွေးနွေးတယ်လို့ ပြောပါတယ်။

“ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားအခြေအနေက တအားအကောင်းကြီးတော့ မဟုတ်သေး ပါဘူး။ ဒါပေမဲ့ စစ်အစိုးရလက်ထက်နဲ့ အရပ်သားအစိုးရလက်ထက်တော့ ကွာတာပေါ့နော်။ စစ်ဗိုလ်ချုပ်တွေအုပ်ချုပ်တုန်းက ကျနော်တို့ကိုအဖက်တောင်မလုပ်ပါဘူး။ တရားမဝင်နိုင်ငံက ထွက်သွားတဲ့သူတွေဆိုပြီး အပြစ်ရှိသူတွေလိုသတ်မှတ်တယ်။ အဲတုန်းက မြန်မာပြည်က လူကြီး တွေလာတာ သူတို့ကိစ္စနဲ့သူတို့၊ အရပ်သားအစိုးရလက်ထက်မှာ အလုပ်သမားသံအရာရှိ တွေဘာ တွေ ရောက်လာတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေကို လာတွေ့တယ်၊ အားပေးတယ်၊ သွန်သင်ဆုံးမတယ်၊ မြန်မာပြည်ကတာဝန်ရှိသူတွေ ထိုင်းအစိုးရနဲ့ အလုပ်သမားအရေးဆွေးနွေးမယ်ဆိုရင် အရင်ဆုံး အလုပ်သမားအဖွဲ့တွေခေါ်ပြီး တကယ်လို အပ်တာ တွေ ပြဿနာတွေမေးတယ်။ ထိုင်းမှာ ကိုဗစ် ၁၉ ဖြစ်လို့ ပြန်သွားကြတော့ တရားမဝင် အလုပ် လာလုပ်သူတွေလည်း အရေးမယူဘဲဆေးကုပေးမယ်လို့ ပြောသေးတယ်လေ၊ စစ်အစိုးရ ပြန် အုပ်ချုပ်ရင်တော့ အရင်လိုပြန်ဖြစ်မှာစိုးရိမ်တယ်။”

သူတို့အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံက တပ်မတော်ကအာဏာသိမ်းမှုကို ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုး ကလည်း မြန်မာပြည်မှာ အရပ်သားအစိုးရတက်လာပြီးတဲ့နောက် ထိုင်းရောက်ရွှေ့ပြောင်း လုပ်သား တွေ အတွက် အလုပ်သမားသံအရာရှိတွေခန့်ထားပေမယ့် စစ်ဗိုလ်လူထွက်တွေဆိုရင် အလုပ်သမားအရေးကို စိတ်အားထက်သန်စွာမလုပ်ကြကြောင်း၊ အန်အယ်လ်ဒီ အစိုးရ သက်တမ်းမှာ အနည်းငယ်ပြောင်းလဲလာလို့  အလုပ်သမားတွေမျှော် လင့်ချက်ရောင်ခြည်သန်း ကာစမှာ အခုလိုအာဏာပြန်သိမ်းတော့ မျှော်လင့်ချက်တွေမှေးမှိန်ပျောက်ကွယ်ရတယ်လို့ ပြောပါ တယ်။

“ထိုင်းမှာရှိတဲ့အလုပ်သမားတွေက မနှစ်နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက အခြေအနေအရ  ကြိုတင်မဲတွေ အများကြီးမပေးလိုက်ရပေမယ့်  အရပ်သားအစိုးရတက်လာတော့ ထခုန်မတတ် ဝမ်း သာကြတယ်၊  ဘာလို့လဲဆိုတော့ သူတို့ရဲ့ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းတွေ ဆိုတဲ့ လောကပါလတရားတွေသက်ဝင်လာတယ်လို့ မြင်တယ်၊ အလင်းရောင်သန်းလာတယ်လို့မြင်တယ်၊ အခုလိုစစ်အာဏာသိမ်းတွေ မျှော်လင့်ချက်အလင်းရောင်တွေဟာ မှေးမှိန်ပျောက်သွားတယ်လို့ ခံစားရတယ်၊ အဲဒါကြောင့်  စစ်အာဏာရှင်စံနစ်ကန့်ကွက်တဲ့အနေနနဲ့ သူတို့ရှိနေတဲ့ လုပ်ငန်းခွင် တွေမှာရော၊ ဘန်ကောက်သံရုံး၊ ယူအဲန်သံရုံး အဲလိုနေရာတွေမှာ သွားပြီးဆန္ဒပြကြတယ်”

ထိုင်းတောင်ပိုင်း ဖန်ငါးခရိုင်အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အလုပ်သမား ရေးရာတာဝန်ခံ ကိုမင်းဦးကလည်း  စစ်အာဏာရှင်ခေတ်က မိသားစုထဲမှာ ထိုင်းမှာ အလုပ်လာ လုပ်နေသူတွေရှိရင် အိမ်ကိုသွားပြီးရစ်တာ ငွေတောင်းတာတွေရှိသလို ရွှေ့ပြောင်း လုပ်သားတွေ အိမ်ပြန်သွားတော့လည်း နယ်စပ်စောင့်ရဲနဲ့စစ်တပ်က ပါသွားတဲ့ပစ္စည်းတွေ မွှေနှောက်ရှာဖွေ သူတို့ကြိုက်တာယူတာတွေရှိကြောင်း၊ အခန့်မသင့်ရင် ရိုက်နှက်ထုထောင်းတာ တွေရှိကြောင်း၊ အဲဒါကြောင့်အိမ်ပြန်မယ်ဆို လမ်းမှာအရစ် မခံရအောင် ကြိုတင်ပိုက်ဆံပေးပြီး ချိတ်ဆက်ထားရကြောင်း၊ ထိုင်းမှာနေတော့လည်း မတော်တဆထိခိုက်သေဆုံးမှုတွေရှိရင် သံရုံး ထောက်ခံစာတွေဘာတွေ တောင်းမရတော့ ဘာလျော်ကြေးမှမရလိုက်တာ၊ ရရင်လည်း ပေးသလောက်ဘဲရတာတွေရှိလို့ စစ်အာဏာရှင်လက်ထက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝဟာ နှစ်ဘက်လုံးကို ကြောက်နေရတယ်လို့ ပြောပါတယ်။

“ဟိုတုန်းကပြန်မယ်ဆိုအခက်အခဲကပိုဆိုးတာဗျ၊ ပွဲစားတွေအဆင့်ဆင့်နဲ့ ခိုးကြောင်ခိုးဝှက် ပြန်ရတယ်၊  လမ်းမှာတားလိုက်တဲ့ဂိတ်တွေ၊ မပြောတတ်မဆိုတတ်ရင်အထုအထောင်းအရိုက်နှက်ခံ ရတာကရှိသေးတယ်၊  ထိုင်းမှာဆိုလည်း မြန်မာသံရုံးကအလုပ်သမား တွေနဲ့ဘာမှမဆိုင် သလိုဘဲ၊ မတော်တဆထိခိုက်သေဆုံးမှုတွေမှာ ဘာထောက်ခံစာမှမရှိတော့ နစ်နာကြေးမရတာ များပါတယ်။ ရရင်လည်းသူတို့ပေးသလောက်ဘဲ။ အလုပ်သမားတွေဟာ နှစ်ဘက်လုံးကို ကြောက်နေရတယ်။ ဒီမိုကရေစီအစိုးရလက်ထက်နဲ့တော့ ကွာတာပေါ့။ ပြောရရင်တော့ အများကြီးပါ၊ စစ်အာဏာ ပြန်သိမ်းရင်တော့ အရင်လိုခံခဲ့ရတာတွေ အတိုင်း ပြန်စဉ်းစားကြည့်တော့၊ ဘယ်လိုမှကို လက်ခံလို့မရပါဘူး။”

ထိုင်းနိုင်ငံရဲ့လက်ရှိအခြေအနေအရ လမ်းပေါ်ထွက်ပြီးဆန္ဒပြလို့ မရပေ မယ့်လည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေနဲ့  စစ်အာဏာသိမ်းမှုကိုမထောက်ခံကြောင်း ကမ္ဘာ့ကုလသမဂ္ဂရုံးကို ပေးပို့ဖို့ လက်မှတ်တွေ လိုက်လံစုဆောင်းကောက်ခံနေတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013