DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်ဖွဲ့ချိန်အထိ အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း ဧရာဝတီတိုင်းအစိုးရ ကြေညာ
DVB
·
February 10, 2021
အစိုးရသစ်ဖွဲ့ချိန်အထိ အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း ဧရာဝတီတိုင်းအစိုးရ ကြေညာ
1 / 2
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာ အရာရှိ၊ အရာထမ်း၊ ဝန်ထမ်းတွေအားလုံးကို  ၂ဝ၂ဝ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေ အစိုးရသစ်ဖွဲ့ချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း ထိန်းသိမ်းခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဒီကနေ့ ကြေညာပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲအဓိပ္ပါယ်ဖွင့်ဆို၍ ဥပဒေမဲ့အာဏာ သိမ်းယူခဲ့ကြောင်း၊ ဒီလိုအာဏာသိမ်းတဲ့အတွက် ပြည်သူ့ဝန်ထမ်း အလွှာ အသီးသီးနဲ့ ပြည်သူတို့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး အာဏာသိမ်း စစ်တပ်လက်အောက် အမှုမထမ်းလိုတဲ့အတွက်  ဆန့်ကျင်အာဏာဖီဆန်နေကြောင်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

စစ်တပ်က အာဏာသိမ်းယူတာဟာ ဥပဒေမဲ့ ပြုကျင့်ခြင်းဖြစ်တဲ့အတွက် တရားဝင်မှုမရှိကြောင်းနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၉ အရ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးဌာန၊ အဖွဲ့အစည်းတွေနဲ့ လက်အောက်ခံ ရုံးဌာနအသီးသီးမှ အရာရှိ၊ အရာထမ်း၊ ဝန်ထမ်းတွေ အားလုံးကို ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ အစိုးရသစ်ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်တပ်က ဥပဒေမဲ့အာဏာသိမ်းယူမှုအား ရဲဝံ့စွာဖီဆန်ပြီး ဆုံးဖြတ်ချက်ပြတ်သားသူ  ပြည်သူ့ဝန်ထမ်းတွေကို အလေးအနက်ထား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ကြေညာချက်မှာ ရေးသားဖော်ပြပါတယ်။

ဒီကြေညာချက်ကို ဝန်ကြီးချုပ် ဦးလှမိုးအောင်ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာ သိမ်းယူပြီးတဲ့နောက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို လက်ရှိအချိန်အထိ ထိမ်းသိမ်းထားဆဲ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့အထဲက ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့တွေဟာ အခုလို  ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မင်းထက်မုန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013