
အရှေ့အလယ်ပိုင်းဒေသမှာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်တဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာတဝန်း လောင်စာဆီ အကျပ်အတည်းတွေက မြန်မာ့စီးပွားရေးနဲ့ စိုက်ပျိုးရေးအပေါ် ရိုက်ခတ်မှု၊ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ မြန်မာနဲ့ အရှေ့တောင်အာရှဒေသ စီးပွားရေးအထူးပြုလေ့လာနေတဲ့ ဘောဂဗေဒပညာရှင် ဂျရတ်ဘစ်ဆင်းဂျားကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။
(အပြည့်အစုံ)
မေး။ အခု အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ အရမ်းမြန်မြန်ဆန်ဆန် တက်လာနေတာကို သိကြတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းမှာ နိုင်ငံအများအပြားမှာပေါ့လေ၊ ဒါက ငွေလဲနှုန်း မတည်ငြိမ်မှုနဲ့ ဘယ်အတိုင်းအတာအထိ ဆက်စပ်နေသလဲ။ ပြီးတော့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ မူဝါဒတွေအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ “ဟုတ်ကဲ့ ကျနော့်အမြင်အရတော့ ဗဟိုဘဏ်ရဲ့ မူဝါဒတွေဟာ ယေဘုယျအားဖြင့် ပြောရရင် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စီးပွားရေးမူဝါဒဆိုင်ရာ စိန်ခေါ်မှုတွေထဲက တခုလို့ ထင်ပါတယ်။ ငွေလဲနှုန်းအမျိုးမျိုး သတ်မှတ်ထားတဲ့စနစ်၊ နိုင်ငံခြားငွေကို အတင်းအဓမ္မ လဲလှယ်ခိုင်းတာ စတာတွေဟာ ကျနော့်အမြင်မှာတော့ အဆိုးရွားဆုံး စီးပွားရေးမူဝါဒ တချို့ဖြစ်ပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတချို့နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဥပမာ ဆင်းရဲမွဲတေမှု တိုးလာတာမျိုးနဲ့ တိုက်ရိုက်ပတ်သက်နေတာပေါ့။
အခု ရေနံဈေးနှုန်းတွေအကြောင်း ပြောမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတဲ့ သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျကြည့်ရင် မြန်မာနိုင်ငံထဲကို ဝင်လာတဲ့ နိုင်ငံခြားငွေ ပမာဏက အကန့်အသတ်ပဲ ရှိတာပါ။ တကယ်လို့ ရေနံဈေးတက်လို့ အဲဒီနိုင်ငံခြားငွေတွေက ရေနံဖိုးပေးဖို့အတွက် ပိုသုံးလိုက်ရမယ်ဆိုရင် တခြားအရာတွေအတွက် သုံးဖို့ လျော့နည်းသွားပါလိမ့်မယ်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေမှာတော့ ဘယ်ငွေလဲနှုန်းကိုမဆို “ဈေးကွက်ပေါက်ဈေး” လို့ခေါ်ဖို့ တော်တော်ခက်ပါတယ်။ ဗဟိုဘဏ်ရဲ့ တရားဝင် သတ်မှတ်ဈေးကတော့ ဈေးကွက်ပေါက်ဈေး လုံးဝမဟုတ်ပါဘူး။ အဲဒါက စီမံခန့်ခွဲမှုနဲ့ တင်းကျပ်ထားတဲ့ ဈေးနှုန်းပါ။ တခြားသော ငွေလဲနှုန်း အများစုဟာလည်း ဈေးကွက်ပေါက်ဈေး အစစ်အမှန်တွေ မဟုတ်ကြပါဘူး။ အနည်းဆုံးတော့ စစ်ကောင်စီဟာ ရောင်းလိုအားနဲ့ ဝယ်လိုအားကို ထိန်းချုပ်ဖို့ တခုခုလုပ်နေတာပဲ။ အဲဒါကြောင့် သွင်းကုန်တွေကို တင်သွင်းဖို့ ခက်ခဲစေပြီး ရောင်းလိုအားနဲ့ ဝယ်လိုအားကြားက မျှခြေကို ထိခိုက်စေသလို ငွေလဲနှုန်းကိုလည်း ရိုက်ခတ်စေပါတယ်။ ငွေလဲနှုန်းတွေအပေါ်မှာ တခြားသော နည်းလမ်းမျိုးစုံနဲ့ ဖိအားပေး ခြယ်လှယ်နေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဘယ်နှုန်းထားကမှ တကယ့်ဈေးကွက်ပေါက်ဈေးကို ကိုယ်စားပြုတယ်လို့ ကျနော် မယုံကြည်ပါဘူး။ ဒါက နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာပါတယ်။ ဈေးနှုန်းတွေက ဖြည်းဖြည်းချင်းပဲ တက်တာကို မြင်ရနိုင်ပေမဲ့ ပစ္စည်းပြတ်လပ်မှုတွေကတော့ ပိုဆိုးလာနိုင်ပါတယ်။ အခုဆို မြန်မာနိုင်ငံတင်မကဘဲ တခြားနေရာ တော်တော်များများမှာလည်း ပစ္စည်းပြတ်လပ်မှုတွေကို မြင်နေရပါပြီ။ ဒါက ကမ္ဘာလုံးဆိုင်ရာ ရေနံထုတ်လုပ်မှု ကျဆင်းသွားလို့ မဟုတ်ဘဲ သင်္ဘောလမ်းကြောင်းတွေ ပိတ်ဆို့နေတာကြောင့် ဈေးကွက်ထဲကို ရေနံရောက်မလာနိုင်တာနဲ့ ဆက်စပ်နေပါတယ်။ သေချာတာကတော့ ဈေးနှုန်းတွေ မြင့်တက်လာသလို ပစ္စည်းတွေ ရရှိနိုင်မှု နည်းပါးလာတာကိုပါ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါက... အခုမှ အစောပိုင်းပဲ ရှိသေးတယ်။”
မေး။ ဂျရတ်ဘစ်ဆင်းဂျား ပြောသလိုပဲ နိုင်ငံအများအပြားက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစီအမံတွေ စတင်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တော့ စိုက်ပျိုးရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ။
ဖြေ။ “အဓိက စိန်ခေါ်မှုကြီးတခုကတော့ ပစ္စည်းရရှိနိုင်မှုပဲ ဖြစ်ပါလိမ့်မယ်။ အဲဒါက စိုက်ပျိုးရေးကဏ္ဍဆီကို နည်းလမ်းမျိုးစုံနဲ့ ကူးစက်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ရေနံထွက်ကုန်တွေကို အဓိကတင်သွင်းနေရတဲ့ နိုင်ငံပါ။ စိုက်ပျိုးရေးထွက်ကုန်တွေကို ခြံကနေ ဈေးကိုပို့ဖို့ မော်တော်ဆိုင်ကယ်တွေ၊ စက်ကိရိယာတွေမှာ သုံးတဲ့ ဒီဇယ် ဒါမှမဟုတ် ဓာတ်ဆီတို့ပေါ့။ မြန်မာက အဲဒီ ၂ ခုစလုံးကို အဓိက တင်သွင်းနေရတာ။ ဒါကြောင့် ရေရှည်မှာ သယ်ယူပို့ဆောင်ရေး စရိတ်တွေ ပိုကြီးလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ မြို့ပေါ်ကလူတွေအတွက်ကတော့ ခြံကနေ ဈေးကို ကုန်စည်တွေ ပို့ဆောင်ခ ဈေးကြီးလာတဲ့အတွက် ကုန်ဈေးနှုန်း ပိုကြီးပေးရတာမျိုး ဖြစ်လာမယ်။ ဒါက ငွေကြေးဖောင်းပွမှုအပေါ် သေချာပေါက် ရိုက်ခတ်မှုရှိမှာပါ။ တောင်သူတွေရဲ့ ဝင်ငွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဥပမာ တောင်သူတယောက်က သူ့ထွက်ကုန်ကို ရာသီကုန်ရင် ဈေးနှုန်းတခုနဲ့ ရောင်းဖို့ ကြိုတင်ညှိနှိုင်းထားတယ် ဆိုပါစို့။ သူတို့တွေ ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အကျိုးဆက်တွေကတော့ မျိုးစုံရှိနိုင်ပါတယ်။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုကတော့ အကြီးမားဆုံး အန္တရာယ်ပဲလို့ ကျနော်ထင်ပါတယ်။”
မေး။ ဟုတ်ကဲ့။ ဒါဆို မြန်မာပြည်သူတွေ သုံးလို့ရမဲ့ မဟာဗျူဟာမျိုး ရှိမလား။ ဒီဒေသတွင်းက နိုင်ငံတိုင်း ထိခိုက်နေတယ်ဆိုပေမဲ့ မြန်မာနိုင်ငံက လွန်ခဲ့တဲ့ ၅ နှစ်အတွင်း စီးပွားရေး ယိုယွင်းလာခဲ့တာကြောင့် ပိုပြီးတော့တောင် ခံစားရပုံပဲ။
ဖြေ။ “ဟုတ်ပါတယ်။ အဲဒါပါပဲ။ ကြံ့ကြံ့ခံနိုင်စွမ်း (resilience) သိပ်မရှိတော့ဘူး။ ၂၀၁၀ ပြည့်နှစ်တွေတုန်းက အိမ်ထောင်စုတွေနဲ့ လုပ်ငန်းတွေ စုဆောင်းတည်ဆောက်ထားခဲ့တဲ့ အင်အားတွေဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တော်တော်လေး ပြုန်းတီးသွားခဲ့ပြီ။ ဒါကြောင့် တခြားနိုင်ငံတွေလို ကြံ့ကြံ့ခံနိုင်စွမ်း မရှိတော့ဘူး။ မြန်မာနိုင်ငံက သွင်းကုန်အပေါ်မှာလည်း အတော်လေး မှီခိုနေရတာပါ။ အဲဒါကြောင့် ရေနံနဲ့ စက်သုံးဆီကို ကိုယ်တိုင်ထုတ်နိုင်တဲ့ နိုင်ငံတွေထက်စာရင် ပိုပြီး ထိခိုက်လွယ်ပါတယ်။ မြန်မာနိုင်ငံက တကယ့်ကို အန္တရာယ်ရှိတဲ့ အခြေအနေမှာပါ။ အရပ်ဘက် သုံးစွဲမှုတွေကတော့ တော်တော်လေး ထိခိုက်မှာပဲ။ စစ်တပ်အနေနဲ့ စစ်ရေး ဒါမှမဟုတ် မဟာဗျူဟာမြောက် ကိစ္စတွေအတွက် ရေနံလိုအပ်တယ်ဆိုရင် သူတို့ အရင်ယူမှာပဲ။ ဒါဆိုရင် အရပ်ဘက်အတွက်က ပိုနည်းသွားမယ်။ သူတို့က ရေနံတင်မကဘဲ ငွေကြေးကိုပါ လက်ဝယ်ထားထားတာဆိုတော့ သူတို့စိတ်ကြိုက် ခွဲဝေသုံးစွဲကြလိမ့်မယ်။ အဲဒီတော့ အရပ်သားတွေအပေါ် သက်ရောက်မှုက နှစ်ဆပိုဆိုးသွားတာပေါ့။”
မေး။ ဟုတ်ကဲ့။ ဒါဆို ခြုံငုံကြည့်ရင် လာမဲ့ ၆ လကနေ တနှစ်အတွင်းမှာ မြန်မာနိုင်ငံက ဒီဒဏ်တွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်နိုင်မလဲ။
ဖြေ။ “ဒီစစ်ပွဲက ဘယ်တော့ပြီးမလဲ၊ ဘယ်တော့ ပုံမှန်ပြန်ဖြစ်မလဲဆိုတာ မသိနိုင်ဘူးလေ။ မြန်မာနိုင်ငံကတော့ အခြေအနေ တော်တော်ဆိုးနေပြီဆိုတော့။ ဒီပဋိပက္ခ ဘယ်လောက်ကြာမလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကတော့ တကယ့်ကို ကြီးမားပါတယ်။ ရေနံဈေးတက်တဲ့ဒဏ်က ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အစားထိုးကုစားဖို့ နည်းလမ်း သိပ်မရှိလို့ပဲ။ ဒီဇယ်မရှိတဲ့အခါ မော်တော်ယာဉ်တွေကို အစားထိုးပြောင်းသုံးလို့ရတဲ့ တခြားလောင်စာက သိပ်မရှိဘူး။ အဲဒါက လူကို အကျပ်အတည်းထဲ ပို့လိုက်တာပဲ။ မြန်မာနိုင်ငံက ဒီဇယ်အတွက် ဈေးနှုန်းအမြင့်ကြီး ပေးနိုင်တဲ့ အနေအထားမှာလည်း မရှိဘူး။ အဲဒါက တကယ့်ကို ထိခိုက်မှု ရှိစေမှာပါ။ ဘာလို့လဲဆိုတော့ တခြားချမ်းသာတဲ့ နိုင်ငံတွေလို ပြဿနာကို ငွေနဲ့ဖြေရှင်းဖို့ ဘဏ္ဍာရေးအင်အားက မရှိဘူးလေ။ ဒါတွေအားလုံးက အရပ်သားတွေကိုပဲ ပြန်သက်ရောက်လာမှာပါ။ ပိုဆိုးတာက လူတွေက ဒီဇယ်ကို သယ်ယူပို့ဆောင်ရေးတင်မကဘဲ အခြေခံလျှပ်စစ်မီးအတွက် မီးစက်တွေမှာပါ အားကိုးနေရတာပါ။ သဘာဝဓာတ်ငွေ့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးနေတဲ့ တခြားနိုင်ငံတွေထက် ပိုဆိုးသွားနိုင်တာပေါ့။ ဒါကြောင့် အခြေအနေက တော်တော်လေး စိုးရိမ်ရပါတယ်။”
မေး။ ကုန်ဈေးနှုန်းတွေကလည်း တောက်လျှောက်တက်နေတာပဲ။ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေက ဆက်ပြီး တက်နေဦးမှာလား။
ဖြေ။ “ဟုတ်ကဲ့၊ အဲဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဓိကကတော့ အလိုအလျောက် ငွေစက္ကူတွေ ရိုက်ထုတ်နေတာ (money printing) ကြောင့်ပါ။ ပြောရရင် စစ်ကောင်စီဟာ နိုင်ငံတော်ဘတ်ဂျက်အတွက် အခွန်ငွေ အလုံအလောက် မရတဲ့အခါ လိုငွေကို ငွေစက္ကူတွေ ရိုက်ထုတ်ပြီး ဖြည့်ဆည်းနေပါတယ်။ အဲဒီပမာဏက တော်တော်ကြီးပါတယ်။ အာဏာသိမ်းပြီးကတည်းက အနည်းဆုံး ကျပ် ၁၂ ထရီလီယံလောက် ရှိမယ်ထင်တယ်။ အဲဒါတောင် လွန်ခဲ့တဲ့ ၈ လ၊ ၉ လက ကိန်းဂဏန်းပါ။ ဒီတော့ ဈေးကွက်ထဲမှာ အသစ်ထွက်လာတဲ့ ငွေတွေက ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ နောက်ကို လိုက်နေတာကြောင့် ဈေးနှုန်းတွေက တက်နေဦးမှာပါပဲ။”
မေး။ ဟုတ်ကဲ့၊ ကျနော် သိသလောက်တော့ မြန်မာနိုင်ငံမှာ စီးပွားရေးပုံစံက အများကြီး ရှိနေတာပေါ့နော်။ ခင်ဗျား အရင်က ပြောခဲ့သလိုပဲ… ဗဟိုစီးပွားရေးတင် မကဘဲ နယ်စပ်စီးပွားရေးတွေလည်း ရှိနေတာပါ။ ပြီးတော့… ထိုင်းနိုင်ငံက မြန်မာနိုင်ငံထဲကို စက်သုံးဆီတွေ ဆက်ပြီး တင်ပို့ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။ လာအိုကလည်း ပို့နေတယ် ထင်တာပဲ။ ဒါပေမဲ့… နယ်စပ်တလျှောက်မှာ ပြဿနာတချို့ ရှိနေတယ်လို့ သိရတယ်။ ထိုင်းကနေ မြန်မာပြည်ထဲ စက်သုံးဆီလာပို့တဲ့ ကုန်တင်ကားတွေ တားဆီးခံနေရတာမျိုးပေါ့။ အဲဒီအခြေအနေတွေက ဘယ်လို ဆက်ဖြစ်လာမယ်လို့ ခင်ဗျားမြင်ပါသလဲ။ ဒါက စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနေလဲခင်ဗျ။
ဖြေ။ “ဟုတ်ကဲ့။ ဆိုလိုတာက... ကုန်တင်ကားနဲ့ သယ်နိုင်တဲ့ စက်သုံးဆီပမာဏက သင်္ဘောနဲ့ သယ်တာနဲ့ ယှဉ်ရင် အများကြီး နည်းပါတယ်။ ထိုင်းကနေ ရန်ကုန်လို နေရာမျိုးအထိ (ကားနဲ့) ဆီသယ်ဖို့ဆိုတာ အရမ်းကို ကုန်ကျစရိတ်များမဲ့ နည်းလမ်းပါ။ မြဝတီလို နေရာမျိုးအတွက်တော့ (ကားနဲ့သယ်တာက) ပိုပြီး တွက်ခြေကိုက်မှာပေါ့။ ဒါပေမဲ့ စက်သုံးဆီတွေကို ဆီတင်ကားတွေနဲ့ မြန်မာပြည်အလယ်ပိုင်းအထိ သယ်ဖို့ဆိုရင် ကုန်ကျစရိတ်က သိသိသာသာကို ပိုမြင့်သွားပါလိမ့်မယ်။ ဒါကြောင့် သင်္ဘောနဲ့လာတဲ့ ဆီနေရာမှာ အစားထိုးဖို့က တကယ်တော့ မလွယ်ပါဘူး။ ဆိုတော့... သီအိုရီအရ မြန်မာက ထိုင်းတို့ ဘာတို့ဆီက ဝယ်လို့ရတယ် ဆိုပေမဲ့… အဓိက ပမာဏ အများစုကတော့ သင်္ဘောနဲ့ပဲ လာဖို့ လိုအပ်ပါတယ်။ နယ်စပ်စီးပွားရေးတွေ အနေနဲ့ကတော့... အဲဒီနေရာ အများစုမှာ ဒီဇယ်ဂျင်နရေတာတွေကို အဓိက အားကိုးရတဲ့ စက်မှုအခြေခံ အဆောက်အအုံမျိုးတွေ သိပ်မရှိဘူး။ ကုန်တင်ကားနဲ့ ကုန်စည်ပို့ဆောင်နေသူတွေ ရှိမှာပါ။ ဒါပေမဲ့ သူတို့က… ရန်ကုန်လို နေရာမျိုးထက်စာရင် (စက်သုံးဆီပြတ်လပ်မှုကြောင့် သက်ရောက်နိုင်တဲ့) အန္တရာယ် ပိုနည်းနိုင်ပါတယ်။ ရန်ကုန်မှာက စက်ရုံတွေလည်ပတ်ဖို့ ဂျင်နရေတာတွေ လိုသလို ဆိပ်ကမ်းကနေ မြို့ထဲကို ကုန်စည်ပို့ဖို့ ကားတွေလည်း လိုတာကိုး။ ရန်ကုန်က နယ်စပ်ဒေသတွေထက် ပိုပြီး ဖွံ့ဖြိုးတဲ့ စီးပွားရေးပုံစံ ရှိတယ်ဆိုပေမဲ့ အဲဒီအချက်ကပဲ အခုလို ထောက်ပံ့မှု ပြတ်တောက်တဲ့ဒဏ် (Supply Shock) ကို ပိုပြီး ခံစားရစေတာပါ။”
မေး။ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲခင်ဗျ။ မြန်မာ့စီးပွားရေးနဲ့ အခု လက်ရှိအခြေအနေအပေါ် ခင်ဗျား အမြင်လေး သိချင်ပါတယ်။
ဖြေ။ “ဟုတ်ကဲ့... ကျနော် ထင်တာကတော့... ဒါက တကယ့်ကို စစ်အုပ်စုအတွက်ရော၊ နိုင်ငံသူ နိုင်ငံသားတွေအတွက်ပါ အခြေအနေက ပိုပြီး ဆိုးရွားလာနိုင်တဲ့ အလားအလာ ရှိပါတယ်။ ဒါပေမဲ့လည်း ဆိုးကျိုးတချို့ကို လျော့ပါးသွားအောင် လုပ်ပေးနိုင်မဲ့ အချက်တွေတော့ ရှိနိုင်ပါတယ်။ ဥပမာ- ဆီစျေးတက်လာရင် စိုက်ပျိုးရေးထွက်ကုန်တွေကို ပြည်ပပို့ဖို့ တွက်ခြေမကိုက်တော့တာမျိုးပေါ့။ အဲဒီအခါ စိုက်ပျိုးရေးထုတ်ကုန်တွေက မြန်မာပြည်ထဲမှာပဲ ပိုကျန်နေခဲ့ပြီး စားသောက်ကုန်စျေးနှုန်း ဖောင်းပွမှုကို လျော့ကျစေနိုင်ပါတယ်။ အဲဒီလိုမျိုး သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို အသေအချာ ပြောဖို့ကတော့ စောလွန်းပါသေးတယ်။ ဘယ်အတိုင်းအတာအထိ သက်ရောက်မှု ရှိမလဲဆိုတာ ကျနော် ထပ်ပြီး လေ့လာဖို့ လိုပါတယ်။
ဒါပေမဲ့ စီးပွားရေးဆိုတာ ရှုပ်ထွေးပါတယ်။ အကျိုးသက်ရောက်မှုတွေကို လျော့ပါးစေတာမျိုး ဒါမှမဟုတ် ဘယ်သူက အကျိုးအမြတ်ရပြီး ဘယ်သူက နစ်နာမလဲဆိုတာ ပြောင်းလဲသွားနိုင်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံနဲ့ တခြားနေရာတွေမှာ ဖြစ်ခဲ့တဲ့ စက်သုံးဆီစျေးနှုန်း ပြဿနာ သမိုင်းကြောင်းကိုလည်း သတိပြုသင့်ပါတယ်။ ဒါတွေက မငြိမ်မသက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ မြန်မာပြည်မှာ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဆိုတော့... ဒါက စီးပွားရေးသက်ရောက်မှုတင် မဟုတ်ဘဲ ပိုပြီး ကျယ်ပြန့်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒါက တကယ့်ကို ရှုပ်ထွေးပြီး စက်သုံးဆီစျေးနှုန်း တခုတည်းအပေါ်မှာတင် မူတည်နေတာ မဟုတ်ပါဘူး။”
မေး။ ဟုတ်ကဲ့ပါ။ ဂျရတ်ဘစ်ဆင်းဂျားအနေနဲ့ အစီရင်ခံစာတွေ ရေးတာ သိပါတယ်။ မကြာခင် ထွက်လာဖို့ရှိတဲ့ အစီရင်ခံစာမျိုး ရှိပါသလား။
ဖြေ။ “ဟုတ်ကဲ့၊ နောက်လအနည်းငယ်အတွင်း ထွက်လာမဲ့ အစီရင်ခံစာတချို့ ရှိပါတယ်။ တခုကတော့ စီးပွားရေးမူဝါဒနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကြားက ဆက်စပ်မှုကို လေ့လာထားတာပါ။ မြန်မာနိုင်ငံက ပဋိပက္ခဒဏ်တွေ ခံနေရသလို မနှစ်က ငလျင်ကြောင့်လည်း လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်ခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းလို နေရာမျိုးတွေကို ကြည့်ရင် မနှစ်က အကူအညီလိုအပ်နေသူ ၃ ဒသမ ၇ သန်းလောက် ရှိခဲ့တယ်။ ဒီနေရာတွေက ပဋိပက္ခဒဏ်ကို သိသိသာသာ ခံနေရတာ မဟုတ်သလို ငလျင်ဒဏ်လည်း သိပ်မရှိပါဘူး။
အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ "စီးပွားရေးမူဝါဒ" ကြောင့်ပါ။ စီးပွားရေး အပြောင်းအလဲတွေကြောင့် အလုပ်လုပ်ရတာ၊ စပါးစိုက်ရတာ၊ အထည်ချုပ်စက်ရုံမှာ လုပ်ရတာတွေက အကျိုးအမြတ် မရှိသလောက် ဖြစ်သွားလို့ပါ။ ဒါဟာ ယာယီဖြစ်တဲ့ စီးပွားရေးအကျပ်အတည်း ဒါမှမဟုတ် ပြင်ပအကြောင်းတရားတွေကြောင့် ဖြစ်တာမဟုတ်ဘဲ တာရှည်ခံတဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် ဖြစ်တယ်ဆိုတာကို နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။ နိုင်ငံခြားငွေလဲနှုန်း မူဝါဒတွေဆိုရင် အခုဆို ၄ နှစ်နီးပါး ရှိနေပြီ။ ဒီမူဝါဒတွေ ရှိနေသရွေ့ ဒါတွေက ဆက်ဖြစ်နေဦးမှာပဲ။ လူသားချင်းစာနာမှု နည်းလမ်းနဲ့တင် ဒါကို ဖြေရှင်းလို့ မရပါဘူး။ “အကျပ်အတည်း ပြီးသွားရင် အကူအညီ လိုအပ်တာတွေ လျော့သွားမှာပါ” ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒါကြောင့် ကျနော့်ရဲ့ အစီရင်ခံစာက ဒါဟာ စီးပွားရေးမူဝါဒနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ရေရှည်ပြဿနာဖြစ်လို့ မြန်မာ့အခြေအနေမှာ လူသားချင်းစာနာမှု အကူအညီပေးတဲ့အခါ ဒါကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းထားတာပါ။
ဘာလို့လဲဆိုတော့ လိုအပ်ချက်တွေက အရမ်းများနေပြီး အလှူရှင်တွေ ပေးနိုင်တာထက် ပိုနေလို့ပါ။ နောက်တခုကတော့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေ (FATF) နဲ့ FATF ရဲ့ အမည်မည်းစာရင်းကနေ လွတ်အောင် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေအကြောင်းပါ။ နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုတွေ ပြနေတဲ့အကြောင်းပေါ့။ အဲဒီမှာ ကျနော် အဓိက ထောက်ပြထားတာက မြန်မာနိုင်ငံ လုပ်နေတာတွေက ငွေကြေးခဝါချမှုကို တားဆီးဖို့ထက် လူတွေ ငွေပို့တဲ့လမ်းကြောင်းကို ထိန်းချုပ်ဖို့ ပိုဖြစ်နေတာပါ။ ဥပမာ- ဟွန်ဒီတွေကို အကြီးအကျယ် နှိမ်နင်းနေတာမျိုးပေါ့။ ဟွန်ဒီက တရားဝင်ဘောင် အပြင်ဘက်မှာ ရှိနေတာ မှန်ပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ငွေပြန်ပို့တာနဲ့ ကုန်သွယ်ရေး ငွေပေးချေမှုတွေမှာ အများကြီး ပါဝင်နေပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ၂၀၀၈ ခုနှစ်တုန်းက စစ်အစိုးရကိုယ်တိုင် FATF ရဲ့ စစ်ဆေးမှုမှာ ဟွန်ဒီဟာ တရားဝင်တယ်လို့ ပြောခဲ့ဖူးတာပါ။ အခု ဆယ်စုနှစ် ၂ ခုလောက် ကြာတော့မှ မဟုတ်ဘူး၊ ဒါတွေက ငွေကြေးခဝါချမှုတွေ၊ ဘဏ်ကိုပဲ သုံးကြ၊ ဟွန်ဒီမသုံးနဲ့လို့ ပြောလာတာ။ ကျနော်ကောက်ချက်ကတော့ အခုလက်ရှိ ကျင့်သုံးနေတဲ့ ငွေလဲနှုန်းစနစ်နဲ့ ကြည့်ရင် ဟွန်ဒီက ဘဏ်တွေထက် ပိုမဆိုးပါဘူး။ ငွေကြေးခဝါချမှုလို့ အကြောင်းပြနေတာဟာ လူတွေကို နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ စနစ်ထဲရောက်အောင် အတင်းအကျပ် တွန်းပို့ဖို့ ဆင်ခြေပေးနေတာပဲ ဖြစ်ပါတယ်။ နောက်ပြီး အခုမှ စလုပ်နေတဲ့ အစီရင်ခံစာတစောင်လည်း ရှိသေးတယ်။ ဒါကတော့ ကျနော့်ကို ပြဿနာတက်စေမလား မသိဘူး။
အဲဒါကတော့ မြန်မာစစ်တပ်အပေါ် လုပ်ဆောင်နေတဲ့ "စီးပွားရေးစစ်ပွဲ" တွေက ဘာလို့ မျှော်လင့်သလောက် ခရီးမရောက်ရသလဲ ဆိုတာပါ။ အကြောင်းရင်း အများကြီး ရှိပါတယ်။ MEC နဲ့ MEHL တို့ရဲ့ အရွယ်အစားနဲ့ အရေးပါမှုကို မှားယွင်း နားလည်ထားတာတွေ ပါသလို စစ်တပ်က အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့ စီးပွားရေးစနစ်ကို ဘယ်လိုထိန်းချုပ်ထားလဲ ဆိုတာကို သတိမမူမိတာတွေလည်း ပါပါတယ်။ ပြီးတော့ ကုမ္ပဏီတခုချင်းစီကိုပဲ အာရုံစိုက်လွန်းနေတာမျိုးပေါ့။ ဒဏ်ခတ်ပိတ်ဆို့မှု (Sanctions) လုပ်ရင် စစ်တပ်ဆီ ငွေမရောက်တော့ဘူးလို့ ထင်နေကြတာ။
တကယ်တော့ တဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းတခုချင်းကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေက ထိရောက်မှု အကန့်အသတ်ပဲ ရှိပါတယ်။ အဓိက ပြဿနာက လူပုဂ္ဂိုလ်တွေ မဟုတ်ဘဲ "စနစ်" ဖြစ်နေလို့ပါ။ ဆိုတော့ အဲဒီချဉ်းကပ်မှုတွေ ဘာလို့ မအောင်မြင်လဲဆိုတာနဲ့ စစ်တပ်က နိုင်ငံတော်ကို ထိန်းချုပ်ထားပြီး ရယူထားတဲ့ အားသာချက်တွေအကြောင်း လေ့လာနေတာပါ။
ကျနော် ထောက်ပြချင်တာက ၂၀၂၀ တုန်းက Amnesty ရဲ့ အစီရင်ခံစာမှာ MEC နဲ့ MEHL အကြောင်းတွေ တော်တော်များများ မှားနေတာမျိုးပေါ့။ ဒါမျိုးတွေကို ထောက်ပြဖို့လည်း ပါပါတယ်။ ပြီးတော့ UN စနစ်ကလည်း ပိတ်ဆို့မှုတွေအပေါ်မှာပဲ အလေးသာနေပြီး အဓိက အချက်ကို လွဲနေတာမျိုးကိုလည်း ပြောချင်တာပါ။
လှုပ်ရှားတက်ကြွသူတွေကိုလည်း ပြောချင်တာက စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပြုချင်ရင် စီးပွားရေးအကြောင်းကို ပိုပြီး နားလည်ထားဖို့ လိုပါတယ်။ ဒါမှလည်း ခင်ဗျားတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ တကယ်ထိရောက်မယ့် အရာတွေကို အကြံပြုနိုင်မှာပါ။











