
မြန်မာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်ကို ကမ္ဘာ့ဘဏ်က ၂ ရာခိုင်နှုန်းအထိ လျှော့ချလိုက်တယ်လို့ ဇွန် ၁၆ ရက် နောက်ဆုံးထုတ် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် စီးပွားရေးအပေါ် ဖိအားတွေ ဆက်လက်ရှိနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ဟာ လာမယ့် ၂၀၂၆/၂၇ ဘဏ္ဍာနှစ်အတွက် စီးပွားရေးတိုးတက်မှုကို ၂ ရာခိုင်နှုန်းသာ ရှိမယ်လို့ ခန့်မှန်းထားပြီး လောင်စာဆီဈေးနှုန်း မြင့်တက်မှုတွေ မဖြစ်ပေါ်ခင် ခန့်မှန်းထားတဲ့ ၃ ရာခိုင်နှုန်းကနေ လျှော့ချထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာလည်း ၂၀၂၆ ခု ဧပြီမှာ ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဝင်ငွေနည်း ပြည်သူတွေအပေါ် ထိခိုက်မှုတွေ ပိုမိုကြီးမားစေခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ ၂၀၂၅ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ် အစပိုင်းမှာ စီးပွားရေးလုပ်ငန်းအချို့ ပြန်လည်လှုပ်ရှားလာတဲ့ လက္ခဏာတွေ တွေ့ရပေမဲ့ လျှပ်စစ်ဓာတ်အား မလုံလောက်တာ၊ မူဝါဒပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေ ဆက်ရှိနေတာ၊ လောင်စာဆီဈေးမြင့်တက်ပြီး ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှု စရိတ်တွေ တက်လာတာ စတဲ့အချက်တွေကြောင့် လုပ်ငန်းတွေဟာ ဆက်လက်အားနည်း နေပြီး ကြီးမားတဲ့ ဖိအားတွေအောက်မှာ ရှိနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။










