DVB Logo
Home
Lead Story
မြန်မာ့စစ်ပွဲကို အထင်အမြင်လွဲမှားခြင်း 
DVB
·
July 5, 2026
မြန်မာ့စစ်ပွဲကို အထင်အမြင်လွဲမှားခြင်း 
Donate to DVB

ပြီးခဲ့တဲ့နှစ်က မြန်မာ့နွေဦးတော်လှန်ရေးဟာ အောင်ပွဲနဲ့ ဘယ်လောက်တောင် နီးစပ်ခဲ့သလဲ၊ အခုကျတော့ ဘယ်လောက်တောင် အခြေအနေဆိုးသွားသလဲ ဆိုတာကို Gen Z စနိုက်ပါသမားလေးတယောက်ရဲ့ ဇာတ်လမ်းကနေ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ၂၀၂၅ ဧပြီလတုန်းက အနီနာဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတယောက်က ကမ္ဘာကြီးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူ့တို့ လူငယ်တွေဦးဆောင်တဲ့ “နွေဦးတော်လှန်ရေး” ဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အံတုနိုင်တဲ့ပြယုဂ် ဖြစ်ခဲ့ပါတယ်။ သူတို့တပ်ဖွဲ့ ဖလမ်းမြို့ကို သိမ်းနိုင်ခဲ့တုန်းကဆိုရင် ကံတရားက တော်လှန်ရေးဘက်မှာ ရှိနေတယ်လို့တောင် ထင်ခဲ့ရတာပါ။ ဒါပေမဲ့ တနှစ်အကြာမှာ စစ်အာဏာရှင်တပ်တွေက အနီနာရဲ့ ဇာတိမြို့ကို ပြန်လည်ရရှိသွားတာဟာ တော်လှန်ရေးအတွက်တော့ တော်တော်လေးကို ထိုးနှက်ချက် ဖြစ်သွားခဲ့ပါတယ်။

၂၀၂၃ ကနေ ၂၀၂၅ အတွင်းမှာတော့ စစ်အာဏာရှင် ပြုတ်ကျတော့မယ်လို့ လေ့လာသူ တော်တော်များများက ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ အခုလို အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားတဲ့အခါ ဝါရှင်တန်မှာ စစ်အာဏာရှင်ကို အစိုးရအဖြစ် အသိအမှတ်ပြုသင့်၊ မပြုသင့် ဆိုတဲ့ ငြင်းခုံမှုတွေ ပေါ်လာခဲ့ပါတယ်။ မြေရှားသတ္တုလိုမျိုး အကျိုးအမြတ်တွေကို ထောက်ပြပြီး စစ်အာဏာရှင်နဲ့ ဆက်ဆံရေးလုပ်ချင်တဲ့သူတွေရဲ့ စကားကို လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူဝါဒပြန်လည်သုံးသပ်မှုတွေကြားမှာ ထရမ့်ပ်အစိုးရက နားယောင်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ် အဓိကမေးခွန်းကတော့ စစ်မြေပြင်မှာ စစ်တပ်က တကယ်ပဲ နိုင်နေပြီလား၊ နိုင်နေတယ်ဆိုရင်ရော သူတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုတာက မှန်ကန်တဲ့လုပ်ရပ်လား ဆိုတာပါပဲ။

စစ်ပွဲရဲ့အခြေအနေကို သေချာသုံးသပ်ကြည့်ရင် အဖြေက ဒီထက်ပိုပြီး ရှုပ်ထွေးပါတယ်။ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ပွဲဝင်နေပြီး နယ်မြေတော်တော်များများကို ထိန်းချုပ်ထားနိုင်သရွေ့တော့ စစ်အာဏာရှင်ဘက်က အခုလို ပြန်ပြီး အသာစီးရလာတာဟာ အပြီးတိုင် အနိုင်ရသွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။

ဒီဆောင်းပါးမှာ တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက အားနည်းချက် ၃ ခုဖြစ်တဲ့ မဟာမိတ်တွေကြားက သဘောထားကွဲလွဲမှုတွေ၊ လက်နက်ခဲယမ်း ရှားပါးပြတ်လပ်မှုနဲ့ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုဆိုတဲ့ အချက်တွေကနေတဆင့် မြန်မာ့စစ်မြေပြင် အခြေအနေကို ကျနော် သုံးသပ်ပြပါမယ်။ ဒီအားနည်းချက်တွေက ထိခိုက်နစ်နာမှုတွေ ရှိစေပေမဲ့ အပြီးတိုင် ရှုံးနိမ့်သွားစေမဲ့ အရာတွေတော့ မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ နွေဦးတော်လှန်ရေးမှာ ကြံ့ကြံ့ခံနိုင်စွမ်းတွေ အများကြီး ရှိနေသေးလို့ပါ။ စစ်အာဏာရှင်ရဲ့ လတ်တလော အောင်မြင်မှုတွေက သူတို့ မလွဲမသွေ အနိုင်ရတော့မယ်လို့ ကြိုဟောနေတာ မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်အနေနဲ့ တော်လှန်ရေးကို ဆက်ထောက်ခံပြီး စစ်အာဏာရှင်ကို ပိတ်ဆို့အရေးယူတဲ့ လက်ရှိချဉ်းကပ်မှုကိုပဲ ဆက်လက်ကိုင်စွဲထားသင့်ပါတယ်။

အသာစီးရမှုက တော်လှန်ရေးဘက်ကနေ စစ်အာဏာရှင်ဘက်ကို ရောက်သွားခြင်း

၂၀၂၁ ကနေ ၂၀၂၄ အထိကတော့ တော်လှန်ရေးဘက်က အရှိန်အဟုန်ကောင်းခဲ့တယ်။ ဒရုန်းတွေကို ဆန်းဆန်းပြားပြား သုံးလာနိုင်ပြီး စိတ်ဓာတ်တွေ တက်ကြွနေတဲ့အတွက် စိတ်ဓာတ်ကျပြီး အင်အားပြုန်းတီးနေတဲ့ စစ်တပ်ကို အသာစီးရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ရောက်တော့ အဲဒီအရှိန်က ရပ်သွားပြီး စစ်အာဏာရှင်ရဲ့ တပ်သားသစ်စုဆောင်းရေးနဲ့ ဒရုန်းနည်းပညာတွေ ပိုကောင်းလာတာကြောင့် အခြေအနေက ရုတ်တရက် ပြောင်းပြန်ဖြစ်သွားခဲ့တယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေး ပေါ်ပေါက်လာခဲ့ပါတယ်။ PDF တွေ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေ မဟာမိတ်ဖွဲ့ခဲ့ကြပါတယ်။ ၂၀၂၁ ကနေ ၂၀၂၃ အတွင်းမှာ နိုင်ငံရဲ့ တဝက်လောက်ကို သိမ်းနိုင်ခဲ့တယ်။ ၂၀၂၃ နှောင်းပိုင်း တရုတ်နဲ့နီးစပ်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးဘက်က ပိုပြီး အရှိန်ရလာပါတယ်။ တရုတ်ကတောင် ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှု) ကိစ္စတွေကြောင့် စစ်အာဏာရှင်ကို ဒေါသထွက်ပြီး ကျောခိုင်းသွားသလိုမျိုး ဖြစ်သွားခဲ့ပါသေးတယ်။ ၂၀၂၄ ကုန်မှာတော့ စစ်တပ်က စိတ်ဓာတ်ရေးရာအရရော၊ လူအင်အားအရပါ အကျပ်အတည်းဖြစ်ပြီး ပြိုကွဲခါနီးဖြစ်နေပြီလို့တောင် သုံးသပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ၂၀၂၅ မှာ အခြေအနေက ပြောင်းသွားခဲ့ပါတယ်။ စစ်အာဏာရှင်က ခေတ်မီဒရုန်းတွေ ရလာသလို လူသောင်းနဲ့ချီပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့အတွက် လူအင်အား ပြန်ရလာတယ်။ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတွေမှာ အချိန်ကြန့်ကြာနေပြီး လေကြောင်းရန်ကို မကာကွယ်နိုင်တဲ့အချိန်မှာ စစ်အာဏာရှင်က သူတို့ရဲ့ အထူးတပ်တွေကို ထိုးစစ်တွေမှာ ပြန်သုံးလာနိုင်ခဲ့တယ်။ အဓိက အကြောင်းရင်းကတော့ တော်လှန်ရေးဘက်က အားနည်းချက် ၃ ခုကြောင့် ဖြစ်ပါတယ်။

၁။ မဟာမိတ်တွေကြား သဘောထားကွဲလွဲမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးဗျူဟာ မချနိုင်တာ၊ ၂။ လက်နက်ခဲယမ်း ပြတ်လပ်မှု၊ ၃။ တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မဟာမိတ်တွေကို သွေးခွဲမှု တွေပဲ ဖြစ်ပါတယ်။

မဟာမိတ်တွေကြားက သဘောထားကွဲလွဲမှုများ

တော်လှန်ရေးအင်အားစုတွေဟာ အရင်ကနဲ့မတူအောင် စုံလင်ပေမဲ့ မြန်မာနိုင်ငံရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းအရ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ တချို့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဗမာအများစုပါတဲ့ NUG က အာဏာကို ဗဟိုချုပ်ကိုင်ပြီး သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ဖယ်ကြဉ်ထားမှာကို စိုးရိမ်နေကြပါတယ်။ ဗမာအချင်းချင်းကြားမှာလည်း ကွဲလွဲမှုတွေ ရှိနေပါသေးတယ်။ ဒီလို နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ညီညွတ်တဲ့ စစ်ရေးဗျူဟာ မထွက်လာနိုင်သေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တွေက PDF တွေကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးတာတွေ ရှိပေမဲ့ သူတို့က သူတို့နယ်မြေကိုပဲ အဓိကထားပြီး ဗမာအများစုနေတဲ့ ပြည်မပိုင်းကို ဝင်တိုက်လေ့ မရှိပါဘူး။ အဲဒီတော့ NUG က ကတိပေးထားတဲ့ တနိုင်ငံလုံး ထိုးစစ်ဆင်မယ်ဆိုတာ မဖြစ်လာဘဲ ဒေသအလိုက် တကွဲတပြားစီ တိုက်နေကြရပါတယ်။ အရင်ကတော့ ဒီလို ပြောက်ကျားစနစ်က အလုပ်ဖြစ်ပေမဲ့ အခု စစ်အာဏာရှင်က လူအင်အားများလာပြီး ဒေသတခုချင်းစီကို ဖြတ်တောက်ပိတ်ဆို့လာနိုင်တဲ့ အခါမှာတော့ သိပ်အလုပ်မဖြစ်တော့ပါဘူး။

၂၀၂၅ နှစ်လယ်ကစပြီး စစ်အာဏာရှင်ဟာ ခံစစ်ကနေ ထိုးစစ်ကို ပြောင်းလာခဲ့ပါတယ်။ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ရှမ်းမြောက်က ဒေသခံ ကာကွယ်ရေးတပ်တွေဟာ စစ်အာဏာရှင်ရဲ့ ထိုးစစ်ကို မခံနိုင်ကြဘူး။ တနေရာကို စစ်အာဏာရှင်က ဖိတိုက်နေချိန်မှာ တခြားနေရာတွေကနေ ဝင်တိုက်ပေးတာမျိုး မရှိဘူး ဖြစ်နေပါတယ်။ အချုပ်ပြောရရင် တော်လှန်ရေးအင်အားစုတွေဟာ စစ်အာဏာရှင်ကို ညီညီညွတ်ညွတ်နဲ့ စုပေါင်းတိုက်ခိုက်နေတာထက် စာရင် နေရာအနှံ့မှာ သီးခြားစစ်ပွဲငယ်လေးတွေ တကွဲတပြားစီ တိုက်နေကြသလို ဖြစ်နေပါတယ်။

လက်နက်ခဲယမ်း ရှားပါးပြတ်လပ်မှု

ဒုတိယအားနည်းချက်ကတော့ လက်နက်ခဲယမ်းပါ။ တော်လှန်ရေးအင်အားစုတွေမှာ တရုတ်ရဲ့ လွှမ်းမိုးမှုအောက်မှာရှိတဲ့ မှောင်ခိုဈေးကွက်ကလွဲလို့ တခြား ခိုင်မာတဲ့ လက်နက်ထောက်ပံ့ရေး လမ်းကြောင်း မရှိပါဘူး။ ဘေဂျင်းက လက်နက်ထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်တဲ့အခါ တော်လှန်ရေးအင်အားစုတွေ တော်တော်လေး အထိနာသွားခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ လောက်မှာ ‘ဝ’ (UWSA) ကနေတဆင့် ညီနောင်မဟာမိတ်သုံးဖွဲ့၊ အဲဒီကနေတဆင့် PDF တွေဆီကို လက်နက်တွေ ရောက်လာခဲ့ပါတယ်။ ဒီလမ်းကြောင်းကြောင့် PDF တွေ အားကောင်းလာပြီး ၂၀၂၅ ဧပြီမှာ ဖလမ်းမြို့ကို သိမ်းနိုင်တဲ့အထိ ဖြစ်လာတာပါ။ ဒါပေမဲ့ ၂၀၂၅ နှစ်လယ်မှာ ဒီလမ်းကြောင်း ပြတ်တောက်သွားပါတယ်။ တရုတ်က စစ်အာဏာရှင်ကို ပြန်ထောက်ခံလာပြီး ‘ဝ’ (UWSA) ကို လက်နက်မရောင်းဖို့ ဖိအားပေးလာခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၅ အစောပိုင်းလောက်မှာ လက်နက်စီးဆင်းမှု ရပ်သွားပြီး PDF တွေအနေနဲ့ စစ်အာဏာရှင်ရဲ့ ထိုးစစ်ကို ခုခံနိုင်စွမ်း ကျဆင်းသွားပါတယ်။

၂၀၂၆ ဧပြီမှာ ဖလမ်းမြို့ကို စစ်အာဏာရှင်က ပြန်သိမ်းနိုင်ခဲ့တာက သက်သေပါပဲ။ တော်လှန်ရေးတပ်တွေက မြို့ကို တနှစ်နီးပါး ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ စစ်အာဏာရှင်ရဲ့ လေကြောင်းနဲ့ အမြောက်ဒဏ်ကို ၆ လလောက်ခံပြီးတဲ့နောက် ခဲယမ်းပြတ်လပ်သွားလို့ ဆုတ်ခွာပေးခဲ့ရပါတယ်။ ကျေးလက်ဒေသတွေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပေမဲ့ မြို့ပေါ်တွေကို ဆက်ထိန်းထားဖို့ကတော့ တော်တော်လေး ခက်ခဲလာပါတယ်။

တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှု

တရုတ်ရဲ့ စစ်အာဏာရှင်အပေါ် ထောက်ခံမှုက ပြည်တွင်းစစ်မှာ အရေးအကြီးဆုံး အလှည့်အပြောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ တရုတ်က NUG ကို အမေရိကန်နဲ့ အရမ်းနီးစပ်တယ်၊ နိုင်ငံပြိုကွဲမှာကိုလည်း မတားနိုင်ဘူးလို့ ယူဆသွားပြီးနောက်ပိုင်း ၂၀၂၄ ကစပြီး စစ်အာဏာရှင်ကို ပြောင်ပြောင်တင်းတင်း ထောက်ခံလာပါတယ်။ သူတို့စကားနားထောင်မဲ့ ရုပ်သေးအစိုးရတရပ်မျိုး လိုချင်တဲ့ တရုတ်ဟာ တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးတာ၊ လက်နက်လမ်းကြောင်း ပိတ်တာတွေ လုပ်လာပါတယ်။

တရုတ်ဟာ သူ့ဩဇာခံဖြစ်တဲ့ ကိုးကန့်နဲ့ တအာင်း (TNLA) အဖွဲ့တွေကို စီးပွားရေးအရ ပိတ်ဆို့တာ၊ လက်နက်လမ်းကြောင်း ပိတ်တာတွေ လုပ်ပြီး မင်းအောင်လှိုင်ကို မြန်မာ့ခေါင်းဆောင်အဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခဲ့ပါတယ်။ ဒီဖိအားတွေကြောင့် ကိုးကန့်အဖွဲ့ဟာ စစ်အာဏာရှင်နဲ့ အပစ်ရပ်ခဲ့ရသလို တရုတ်-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လားရှိုးမြို့ကိုပါ ပြန်ပေးလိုက်ရပါတယ်။ တအာင်း (TNLA) ကိုလည်း စစ်တပ်က ထိုးစစ်ဆင်နေချိန်မှာ တရုတ်က ဖိအားဆက်ပေးခဲ့လို့ ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းထားတဲ့ နေရာတော်တော်များများကို ပြန်ဆုတ်ပေးလိုက်ရပါတယ်။ ၂၀၂၅ အောက်တိုဘာမှာ တရုတ်ကြားဝင်မှုနဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့ရပါတယ်။

အလွယ်ပြောရရင် တရုတ်ဟာ အပြင်ကနေ ရပ်ကြည့်နေတာမဟုတ်ဘဲ တိုက်ရိုက်ကို ဝင်ပါလာတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ဖိအားကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက နှစ်ဖွဲ့ စစ်ပွဲထဲက ထွက်သွားရတဲ့အခါ တော်လှန်ရေးဘက်မှာ အင်အားတော်တော်လျော့သွားပြီး သူတို့ကို မှီခိုနေရတဲ့ PDF တွေလည်း အခက်တွေ့သွားရပါတယ်။

တော်လှန်ရေးဘက်က အထိနာပေမဲ့ ရှုံးနိမ့်သွားတာ မဟုတ်ပါ

တော်လှန်ရေးဘက်က အထိနာတာ မှန်ပေမဲ့ ဗျူဟာမြောက် ရှုံးနိမ့်သွားတာတော့ မဟုတ်သေးပါဘူး။ နွေဦးတော်လှန်ရေးမှာ ကြံ့ကြံ့ခံနိုင်စွမ်းတွေ အများကြီး ကျန်ပါသေးတယ်။ စစ်အာဏာရှင်တပ်က အသာစီးပြန်ရလာပေမဲ့ ၂၀၂၆ ခုနှစ်အထိ နိုင်ငံရဲ့ သုံးပုံတပုံ ကနေ တဝက်နီးပါးလောက်အထိကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားဆဲ ဖြစ်ပါပြီး တိုက်ပွဲဝင်နိုင်စွမ်းရှိတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို ဖြန့်ကြက်ချထားနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေက မင်းအောင်လှိုင်ရဲ့ ၂၀၂၆ ဧပြီ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ကြပါတယ်။ PDF တွေဟာလည်း ကျေးလက်ပြောက်ကျားစနစ်ကို ပြန်ပြောင်းသုံးပြီး စစ်အာဏာရှင်ရဲ့ ထိုးစစ်တွေကို နှေးကွေးသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်ဘက်မှာလည်း လောင်စာဆီပြတ်လပ်မှု၊ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ လူထုမုန်းတီးတဲ့ တရုတ်ကို အားကိုးနေရမှု စတဲ့ အားနည်းချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် ၂၀၂၆ ဇွန်လ အနေအထားအရ ဘယ်ဘက်ကမှ အပြတ်အသတ် မနိုင်သေးတဲ့ အကျပ်အတည်းကာလတခုကို ရောက်နေတယ်လို့ သုံးသပ်လို့ရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း သူတို့ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။ ၂၀၂၆ မတ်လမှာ NUG နဲ့ အင်အားကြီး တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့ (CNF, KIA, KNU, KNPP) ပေါင်းပြီး "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ" ကို ဖွဲ့စည်းခဲ့တယ်။ ဒါဟာ နိုင်ငံရေးပြဿနာတွေထက် စစ်ရေးဗျူဟာကို အရင်ဦးစားပေးမဲ့ ခြေလှမ်းကောင်းတခုပါ။ အထူးသဖြင့် တရုတ်ဖိအားကြောင့် NUG နဲ့အတူ ပွဲမထွက်ရဲခဲ့တဲ့ KIA ပါဝင်လာတာဟာ ကြီးမားတဲ့ နိုင်ငံရေးခြေလှမ်း ဖြစ်ပါတယ်။ အင်အားအကြီးဆုံး AA ကလည်း NUG နဲ့ ပိုပြီး ပူးပေါင်းလုပ်ဆောင်လာပါတယ်။ တခြား အဖွဲ့ ၁၉ ဖွဲ့ကလည်း "နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့" အဖြစ် စုစည်းပြီး NUG နဲ့ ဆွေးနွေးမှုတွေ လုပ်နေကြပါတယ်။

လက်နက်ပြဿနာနဲ့ ပတ်သက်လို့လည်း ပြောက်ကျားစနစ်ကို ပြန်သုံးတာက အတိုင်းအတာတခုအထိ အလုပ်ဖြစ်နေပါတယ်။ ရှေ့ဆက်ပြီးတော့ စစ်အာဏာရှင်ရဲ့ လက်နက်စက်ရုံတွေကို တိုက်ခိုက်တာတွေ လုပ်လာနိုင်ပါတယ်။ တရုတ်နဲ့ပတ်သက်ရင်လည်း KIA လုပ်ပြခဲ့သလိုမျိုး မြေရှားသတ္တုတွင်းတွေနဲ့ တရုတ်ရဲ့ စီမံကိန်းတွေကို ထိန်းချုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ရေရှည်မှာတော့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တရုတ်ကို ဖျောင်းဖျနေမဲ့အစား မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တရုတ်လက်ကနေ ကာကွယ်မဲ့သူတွေအဖြစ် ပုံဖော်တာက ပိုအကျိုးရှိနိုင်ပါတယ်။

အမေရိကန် ဘာလုပ်သင့်သလဲ

စစ်အာဏာရှင်က အခုလောလောဆယ် အသာစီးရနေပေမဲ့ ပြည်တွင်းစစ်ကတော့ ပြီးဆုံးမဲ့ အရိပ်အယောင် မရှိသေးပါဘူး။ စစ်ပွဲက ရှည်ကြာဦးမှာပါ။ ရေရှည်မှာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ သူတို့ရဲ့ အားနည်းချက် ၃ ခုကို ပြန်လည်ကုစားနိုင်ဖို့ အလားအလာ ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင် နိုင်တော့မယ်ဆိုတဲ့ ယူဆချက်ကြောင့် မူဝါဒတွေ ပြောင်းလဲလိုက်တာက စောလွန်းပါသေးတယ်။

ဒါကြောင့် ထရမ့်ပ်အစိုးရအနေနဲ့ စစ်အာဏာရှင်ကို အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ အသိအမှတ်ပြုလိုက်ရင် သံတမန်ရေးအရ တရားဝင်သွားစေပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကိုပါ လျှော့ချပေးရတဲ့အထိ ဖြစ်သွားနိုင်တာမို့ စစ်အာဏာရှင်အတွက် ဘီလီယံနဲ့ချီတဲ့ ဝင်ငွေတွေ ရသွားနိုင်ပါတယ်။ ဒီလိုလုပ်ရပ်က အရှေ့တောင်အာရှမှာ တရုတ်ရဲ့ဩဇာကို ပိုကြီးထွားစေမဲ့ စစ်အာဏာရှင်ကို အားပေးရာရောက်သလို အားကောင်းနေဆဲဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေကို ကျောခိုင်းလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

ဒီ့အစား အမေရိကန်အစိုးရအနေနဲ့ စစ်အာဏာရှင်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုတဲ့ လက်ရှိမူဝါဒကိုပဲ ဆက်လက်ကျင့်သုံးပြီး တော်လှန်ရေးအင်အားစုတွေနဲ့ သဘောရိုးနဲ့ ဆွေးနွေးလာတဲ့အထိ ဖိအားဆက်ပေးသင့်ပါတယ်။ လက်ရှိ ပိတ်ဆို့အရေးယူမှုတွေက အမေရိကန်အတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ စစ်အာဏာရှင်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်နိုင်ပါတယ်။ အမေရိကန်ရဲ့ အကူအညီတွေက တော်လှန်ရေးကို ချက်ချင်း အနိုင်ရသွားစေဖို့ မဖြစ်နိုင်ပေမဲ့ လက်ရှိအခြေအနေကို ထိန်းထားခြင်းအားဖြင့် စစ်အာဏာရှင်ကို နိုင်ငံတကာမှာ မျက်နှာပန်းမလှဖြစ်အောင်နဲ့ ဝင်ငွေလမ်းကြောင်း ပိတ်သွားအောင်တော့ လုပ်နိုင်ပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေက တိုက်ပွဲဝင်နေဆဲဖြစ်ပြီး နယ်မြေတော်တော်များများကို ထိန်းချုပ်ထားနိုင်သရွေ့တော့ တော်လှန်ရေးကို အထင်သေးပြီး စစ်အာဏာရှင်ကို အနိုင်ရသွားပြီလို့ သတ်မှတ်ကာ သံတမန်ရေးအရ ဆက်ဆံတာဟာ မြန်မာ့ပြည်တွင်းရေး အားပြိုင်မှုကို လုံးဝ အထင်အမြင်လွဲမှားရာ ကျသွားပါလိမ့်မယ်။

လူးကပ်စ် မိုင်ယာ

Ref: War on the Rocks 

( War on the Rocks  ဝက်ဘ်ဆိုက်တွင် မေရီလန်းတက္ကသိုလ်မှ တရုတ်နှင့် အမေရိကန် အစီအစဉ် လက်ထောက်ညွှန်ကြားရေးမှူး Lucas Myers  ရေးသားထားသည့် “ Misreading Myanmar’s War: Why the Junta’s Recent Gains Don’t Mean Imminent Victory” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013