
ဂါဇာစီးတီးမှာ အစ္စရေးကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေဟာ ဟားမတ်စ်စစ်သွေးကြွ တယောက် ကို ဖမ်းဆီးဖို့ စက်တင်ဘာ ၁ ရက်က ဝင်ရောက်စီးနင်းနေတုန်းမှာပဲ ရိပ်မိသွားတာကြောင့် တပ်ပြန်ဆုတ်နိုင်ဖို့ အကူလေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာမှာ အဲဒီလေကြောင်း တိုက်ခိုက်မှု ကြောင့် ကလေး ၂ ယောက်အပါအဝင် အနည်းဆုံး ပါလက်စတိုင်း ၃ ယောက် သေဆုံးခဲ့တယ်လို့ ဂါဇာ တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က အင်္ဂါနေ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ "မကြာခင်ကပဲ ဟားမတ်စ်ထိပ်ပိုင်း အကြမ်းဖက်သမားတယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ခြိမ်းခြောက်မှုတွေကို စောင့်မနေဘဲ ဟားမတ်စ်တွေကို လိုက်လံဖမ်းဆီးတာ၊ တားဆီးတာနဲ့ သူတို့ရဲ့ အကြမ်းဖက် အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးတာဟာ မိမိတို့ရဲ့ မူဝါဒပဲ" လို့ ပြောပါတယ်။
အစ္စရေးလုံခြုံရေးတာဝန်ရှိသူတယောက်ကတော့ ဖမ်းဆီးရမိထားသူဟာ ဟားမတ်စ်ရဲ့ ပြည်ထဲရေး လုံခြုံရေးဌာန အကြီးအကဲဖြစ်တယ်လို့ ပြောပါတယ်။
ကတ်ဇ်ကတော့ ဖမ်းဆီးမှုစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ဒါမှမဟုတ် ဖမ်းဆီးခံရသူ ဟားမတ်စ်စစ်သွေးကြွက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒီဗီဒီယိုရိုက်ကူးခဲ့တဲ့ ရက်စွဲနဲ့ နေရာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ စက်တင်ဘာ ၁ ရက် မတိုင်ခင်က တင်ထားတဲ့ ဒီဗီဒီယိုအဟောင်းတွေကိုတော့ အင်တာနက်ပေါ်မှာ မတွေ့ရပါဘူး။
ဟားမတ်စ်လက်အောက်ခံ ဂါဇာအစိုးရ သတင်းပြန်ကြားရေးရုံး ညွှန်ကြားရေးမှူး အစ္စမိုင်အလ်-သာဝဘ်တာက အစ္စရေးအထူးတပ်ဖွဲ့ဟာ ဂါဇာမြို့မှာ စစ်ဆင်ရေးလုပ်ဖို့ ကြိုးစား နေတုန်း ရိပ်မိသွားခဲ့တာလို့ ပြောပါတယ်။
အစ္စရေးဘက်က ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လူတော်တော် များများ သေဆုံးပြီး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က "အစ္စရေးပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့ ဂါဇာမှာ မကြုံစဖူး ခိုင်မာတဲ့ လုံခြုံရေးဇုန်တခု တည်ဆောက်ထားပါတယ်။ ဂါဇာနယ်မြေရဲ့ ၇၀ ရာခိုင်နှုန်း နီးပါးက ပျက်စီးသွားပြီဖြစ်သလို လူတွေ၊ လိုဏ်ဂူတွေနဲ့ အိမ်ခြေတွေ လည်း မရှိတော့ဘဲ စစ်တပ်ကပဲ ထိန်းချုပ်ထားပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး "ဂါဇာနယ်မြေကို စစ်မဲ့ဇုန်မဖြစ်မချင်း၊ ဟားမတ်စ်တွေ လက်နက်ဖြုတ်သိမ်းပြီး အကြမ်းဖက် လိုဏ်ဂူတွေ အားလုံး မဖျက်ဆီးရသေးမချင်း ဂါဇာကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။
အဲဒီနောက်မှာလည်း စစ်တပ်ဟာ လုံခြုံရေးစည်းတွေအတိုင်း ဆက်ရှိနေမှာဖြစ်ပြီး နယ်စပ်က အစ္စရေးကလေးတယောက်ရဲ့ ဆံခြည်တမျှင် ထိခိုက်တာနဲ့တင် ဂါဇာက ဟားမတ်စ် ခေါင်းဆောင် တွေကို ရှင်းပစ်မယ်လို့လည်း သတိပေး ပြောဆိုထားပါတယ်။
Source:Reuters











