အမေရိကန်နဲ့ ဂျပန်ကို တိုက်ရိုက်မရည်ညွှန်းဘဲ ဗိုလ်ကျစိုးမိုးမှုနဲ့ စစ်ဝါဒ ပြန်အသက်သွင်းရေး ကြိုးပမ်းမှုတွေကို တိုက်ဖျက်ဖို့ မြောက်ကိုရီးယားနဲ့ လက်တွဲသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။
ဇွန် ၈ ရက်မှာ ထုတ်ဝေတဲ့ မြောက်ကိုရီးယား ရိုဒုံးဆင်မွန်း သတင်းစာမှာ သမ္မတ ရှီက ဆောင်းပါး ရေးသားခဲ့တာပါ။
တရုတ်သမ္မတဟာ ဇွန် ၈ ရက်မှာပဲ မြို့တော်ပြုံယမ်းကို ရောက်လာပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်း တရုတ်သမ္မတရဲ့ ပထမဆုံးအကြိမ် မြောက်ကိုရီးယား ခရီးစဉ်လည်း ဖြစ်ပါတယ်။
တရားမျှတတဲ့ ကမ္ဘာ့အခင်းအကျင်းကို ကာကွယ်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုကောင်းလာဖို့ ကဏ္ဍစုံမှာ ပူးပေါင်းမှုတွေ တိုးမြှင့်မယ်လို့ သမ္မတ ရှီက ဆိုပါတယ်။
“ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အန္တရာယ်ပေးမဲ့ ဗိုလ်ကျစိုးမိုးမှု၊ အာဏာရှင်စနစ်နဲ့ စစ်ဝါဒ ပြန်အသက်သွင်းမဲ့ ကြိုးပမ်းမှု၊ ပူးပေါင်းကြံစည်မှု အားလုံးကို ဆန့်ကျင်ရမယ်” လို့လည်း ဆောင်းပါးမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ဇနီးသည် ရီဆိုဂျူး တို့က ရှီနဲ့ ဇနီးသည် ပင်းလိယွမ် တို့ကို လေဆိပ်မှာ ကိုယ်တိုင် လာကြိုခဲ့ကြပါတယ်။
ဒီခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တခြား အဆင့်မြင့်အရာရှိတွေလည်း လိုက်ပါလာပါတယ်။
ခေါင်းဆောင် ၂ ယောက် တွေ့ဆုံချိန်မှာ နျူကလီးယားအရေးနဲ့ အမေရိကန် ဆက်ဆံရေး ကိစ္စတွေကို အဓိကဆွေးနွေးဖို့ ရှိနေပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆက်ဆံရေး ပိုမိုနီးကပ်လာပါတယ်။
ဒါကြောင့် အခုခရီးစဉ်ဟာ မြောက်ကိုရီးယားအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုကို ပြန်လည်ပြသဖို့ ကြိုးပမ်းချက် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။










