
လီဗာပူးလ်နောက်ခံလူ အီဘရာဟီမာ ကိုနတေးက သူ့ရဲ့အသင်းဖော် ဒီယိုဂိုဂျိုတာနဲ့ ဖခင်ဖြစ်သူတို့ ကွယ်လွန်ခဲ့ပြီးနောက် စိတ်ကျဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း ပထမဆုံးအကြိမ် ဖွင့်ဟ လာပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မော်တော်ကား မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပြီး ကိုနာတေးရဲ့ ဖခင်ဖြစ်သူကတော့ ရောဂါဝေဒနာကို ကာလရှည်ခံစားရ ပြီးနောက် ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူ ကိုနာတေးဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အဆိုပါပူဆွေးမှုတွေကြောင့် ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းခဲ့ရပြီး အသင်းအတွက် ၅၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပေမဲ့ အကောင်းဆုံးပုံစံမပြနိုင်ခဲ့ဘဲ လီဗာပူးဟာလည်း အဆင့် ၅ နေရာနဲ့သာ ရာသီပိတ်ခဲ့ရပါတယ်။
အခုနှစ်နွေရာသီမှာ လီဗာပူးကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ကိုနာတေးက ဘောလုံးသမားတွေဟာ ငွေအများကြီးရပေမဲ့ စိတ်ကျဝေဒနာ ခံစားရတတ်ကြောင်း၊ စိတ်ဓာတ်ကျလာပါက အခြေအနေတွေကို ရင်ဖွင့်တိုင်ပင်ကြဖို့ အကြံပြုထားပါတယ်။
လက်ရှိမှာတော့ သူဟာ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ် ခံထားရပါတယ်။
Photo: Reuters










