
ဂါလာတာစာရေးတိုက်စစ်မှူး အိုဆင်မန် ဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး လီဗာပူးနောက်ခံလူ အီဘရာဟီမာကိုနာတေးအပေါ် အွန်လိုင်းကနေ လူမျိုးရေးခွဲခြားစော်ကားမှုတွေ ထွက်ပေါ်နေ ပါတယ်။
ဒီလိုလူမျိုးရေးခွဲခြားစော်ကားမှုတွေကို လီဗာပူးအသင်းက "ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့လုပ်ရပ်" အဖြစ် သတ်မှတ်ကာ အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်မှာ ကိုနာတေးနဲ့ ထိခိုက်မိရာကနေ အိုဆင်မန် လက်ဖျံရိုးကျိုး ဒဏ်ရာရ သွားခဲ့ပြီးနောက် အခုလို စော်ကားမှုတွေ ကြုံတွေ့ခဲ့ရတာပါ။
လီဗာပူးအသင်းက ကိုနာတေးကို အပြည့်အဝဝန်းရံသွားမှာဖြစ်သလို ဒီလုပ်ရပ်ဟာ ဘောလုံး လောကနဲ့ လူ့အဖွဲ့အစည်းမှာ နေရာမရှိသင့်ကြောင်း၊ ဆိုရှယ်မီဒီယာကုမ္ပဏီတွေအနေနဲ့လည်း ဒါကို တားဆီးဖို့ တာဝန်ယူသင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ပရီးမီးယာလိဂ်အဖွဲ့ချုပ်ကလည်း ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေကို ဖော်ထုတ်ကာ အသင်းပွဲကြည့်ခွင့် ပိတ်ပင်တာနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
Photo: Reuters










