DVB Logo
Home
Lead Story
ကာကွယ်ဆေး ထိုးနေပြီ၊ ရနေပြီဆိုလည်း မပေါ့ပါနဲ့ - ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုး
DVB
·
January 31, 2021
ကာကွယ်ဆေး ထိုးနေပြီ၊ ရနေပြီဆိုလည်း မပေါ့ပါနဲ့ - ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုး
Donate to DVB

မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါအခြေအနေ ကာကွယ်ဆေးထိုးနှံခြင်းအတွက် စီစဉ်ဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးနဲ့ တွေ့ဆုံမေးမြန်းချက်တချို့ကို ဖော်ပြလိုက်ရပါတယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါအခြေအနေ (တက်နှုန်း၊ ကျနှုန်း) နဲ့ အလားအလာတွေကို ပြောပေးပါ။

ဖြေ ။ ။ ရန်ကုန်မှာကတော့ ကျတဲ့အနေအထားမှာရှိပါတယ်။ နယ်ပိုင်းကတော့ ယခင်ကထက် စာရင်းတိုးတက်လာတဲ့ တက်နှုန်းအခြေအနေမှာတော့ ရှိပါတယ်။ ကျနော်တို့ ဆေးရုံအနေနဲ့ဆိုရင် ဥပမာ- ဒီဇင်ဘာလောက်က သုံးရာကျော်ရှိမယ်။ positive case တွေ။ အခုအချိန်မှာဆိုရင်တော့ ခုနှစ်ဆယ်၀န်းကျင်ပဲ ရှိတော့မယ်။ အဲဒီလောက်အထိ ကျသွားတာပေါ့နော်။ Fever Clinic တွေဆိုလည်း positive နှုန်းက တော်တော့်ကို ကျသွားပြီးတော့ မရှိသလောက်ဖြစ်သွားတယ်။ ရန်ကုန်မှာတော့ ကျဆင်းပါတယ်။

မေး ။ ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အပိုင်းအစတွေကို ပြောပြပါ။

ဖြေ ။ ။ ပထမလှိုင်းမှာတော့ ထူးထူးခြားခြား မလုပ်ဆောင်ခဲ့ရပါဘူး။ ကျနော်တို့မှာ isolation လို့ ခေါ်တဲ့ ကူးဆက်ရောဂါဆောင် နှစ်ဆောင်ပဲ အသုံးပြုခဲ့ရပါတယ်။ positive case ကလည်း ခုနှစ်ယောက်လောက်ပဲ ရှိပါတယ်။ First Wave မှာ တော်တော်အေးအေးချမ်းချမ်းနဲ့ ပြီးသွားတယ်။ Second Wave ကျတော့ ဩဂုတ်၊ စက်တင်ဘာလလောက်မှာ စ လာတာပေါ့နှော်။ စ လာတဲ့အချိန်ကနေ စပြီးတော့ တဖြည်းဖြည်းနဲ့ တက်လာပါတယ်။ တက်လာတဲ့အတွက် ကျနော်တို့တွေ လူနာအခြေအနေပေါ် မူတည်ပြီးတော့ ကျနော်တို့မှာရှိတဲ့ Facility ကို မြှင့်တင်ရတယ်။ တစ်ချက်က လှိုင်းက ဘယ်လောက်အထိမြင့်သွားလဲဆိုတော့ ကျနော်တို့ ပုံမှန်ရက်မှာ ရှစ်ဆယ်၀န်းကျင်လောက်ရှိနေရင်းကနေ နှစ်ရာကျော်လောက်ကို တစ်ခါတည်း ခုန်တက်သွားတာ။ အဲသလိုနေ့တွေမှာ ကျနော်တို့ တော်တော်ခံရတယ်။ အရေးပေါ်ဌာနရဲ့ အရှေ့ဘက်မှာဆိုရင် လူနာတွေ ၁၂ နာရီလောက်အထိ ငုတ်တုတ်တွေ။ ကျနော်တို့မှာ များတဲ့အခါကျတော့ အသည်းအသန်အမြန်ရှာရတာ၊ ရတဲ့နေရာကနေ အမြန်ဆုံး ပြင်ဆင်ရတယ်။ ပြီးတော့မှ Facility တွေကို ပြန်လုပ်၊ ခုတင်တွေ ဘာတွေနဲ့ အကုန်ထားလို့ရအောင် ပြန်စီစဉ်ပေးရတယ်။ ဒါတော်တော့်ကို ခက်ခက်ခဲခဲနဲ့ လုပ်ခဲ့ရတဲ့ အခြေအနေပါ။

မေး ။ ။ မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ကျော်လွှားနိုင်ပြီလား။ မျိုးကွဲ ဗိုင်းရပ်စ် အခြေအနေတွေကို ပြောပေးပါ။

ဖြေ ။ ။ ဥရောပမှာ ဖြစ်နေတယ်လို့ ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံကိုတော့ အများစု အခုအချိန်အထိ ဟိုကနေရောက်လာတယ်လို့တော့ မရှိဘူး။ Virus အခြေအနေက အမြဲတမ်း မျိုးရိုးဗီဇပြောင်းနေတဲ့ အခြေအနေတွေဆိုတာ ရှိတယ်။ ပိုးအခြေအနေက အချိန်ကြာလာရင် ဒီဘက်က အတက်ထွက်လာတာ ရှိမယ်။ ဟိုဘက်ကလည်း နောက်ထပ်ဆင့်ပွား အတက်ထွက်လာတာ ရှိမယ်။ အတက်တွေပေါ် အပေါ်ကနေ cover ထပ်ပြီး ကာချင်လည်း ကာမယ်။ အဲ့လိုမျိုးပေါ့။ သူ့ရဲ့ပြောင်းလဲတတ်တဲ့ ပတ်၀န်းကျင် အခြေအနေကြောင့် ရှိမယ်။ Virus တစ်ခုအနေနဲ့။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာရှိတဲ့ virus ကလည်း သူ့အတိုင်းနေမှာတော့ မဟုတ်ဘူး။ ပြောင်းလဲလာနိုင်တဲ့ အခြေအနေမျိုးတော့ ရှိတယ်။

မေး ။ ။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စီမံချက် အဆင့်ဆင့်က ဘာတွေဖြစ်မလဲ။

ဖြေ ။ ။ တချို့သောနေရာတွေမှာ ဖွင့်ပွဲတွေလည်း လုပ်ပါတယ်။ နိုင်ငံတော်ရုံးစိုက်ရာ နေပြည်‌တော်မှာလည်း ကာကွယ်ဆေးတွေ စထိုးပြီးတော့ နိုင်ငံတော်ဘက်က အကြီးအကဲတွေ စပြီးထိုးကြပါတယ်။ပထမဆုံးတော့ နိုင်ငံတော် အကြီးအကဲတွေနဲ့ ကျနော်တို့ ကူးဆက်နိုင်ခြေရှိပြီး အန္တရာယ်ရှိတဲ့ ကျန်းမာရေး၀န်ထမ်းတွေကို စ ထိုးပါတယ်။ စထိုးတဲ့ ကာကွယ်ဆေးကတော့ Covid Shield. ဆေးကို ထိုးပေးတာဖြစ်တယ်။ ဒါကို လေးပတ်ခြားတစ်ခါ ပြန်ပြီး ထိုးရမှာဖြစ်ပါတယ်။ ခုအချိန်မှာ အကြီးအကဲတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ထိုးပေးတယ်။ နောက်ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီးတော့ နောက်ထပ် သူ့အဆင့်လိုက် အဆင့်လိုက် ထိုးပေးဖို့တွေ အစီအစဉ်ရှိပါတယ်။

မေး။ ။ တခြားဘာတွေများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ ။ ။ အရေးကြီးဆုံးပြောချင်တာကတော့ ဒီရောဂါကို မပေါ့ပါနဲ့။ ကာကွယ်ဆေး ထိုးနေပြီ၊ ရနေပြီဆိုလည်း မပေါ့ပါနဲ့။ ကာကွယ်ဆေးထိုးပြီးလည်း mask တပ်တာတွေ၊ လက်ဆေးတာတွေ၊ social distancing နေရမှာတွေ ဒါတွေက နေကို နေရမှာ။ Covid Shield က ပျောက်သွားမှာတော့ မဟုတ်ဘူး။ Failed out ဖြစ်သွားမှာတော့ မဟုတ်ဘူး။ ရှိနေမှာပဲ။ သူနဲ့အတူနေပြီးတော့ သူ့ရောဂါ မကူးစက်အောင် ဘယ်လိုနေရမလဲဆိုတာကို သေသေချာချာ နားလည်ပြီးတော့ နေထိုင်ရမှာ ဖြစ်တယ်။ အခုရှိတဲ့ ကာကွယ်ဆေးဟာလည်းပဲ ဘယ်လောက်အာနိသင်ရှိပြီး ဘယ်လောက်ကြာကြာခံမလဲဆိုတာ သေသေချာချာ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်အတွင်းမှာ အမြန်အသုံးပြုဖို့ ခွင့်ပြုပေးရတာ။ ဒီရောဂါရဲ့ ကူးစက်နှုန်းတွေက မြန်ပြီး အသေအပျောက်နှုန်းတွေက များတဲ့အတွက် သေသေချာချာလေး လုပ်ရတဲ့ကာလက အချိန်နည်းနေတာဖြစ်လို့ ဘယ်လောက် Anti-body တွေထွက်ပြီးတော့ ဘယ်လောက်ကြာကြာ ဒီ Anti-body တွေ ခံသလဲ။ ဒီဆေးပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ကြာကြာရှိမလဲဆိုတာ ပြောနိုင်တဲ့ အခြေအနေနည်းမယ်။ နှစ်တွေကြာအောင် စောင့်ဆိုင်းပြီးထုတ်ရတဲ့ ကာကွယ်ဆေးကို တစ်နှစ်နဲ့ထုတ်တာ။ ဒီလိုထုတ်တာဆိုတော့ ဒါအတိအကျကြီး ကာကွယ်ဆေးကို အရမ်းယုံစားပြီးတော့ အရဲမစွန့်သင့်ဘူးလို့ ကျနော် ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013