DVB Logo
Home
Lead Story
ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ
DVB
·
January 31, 2021
ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ
Donate to DVB

ကိုဗစ်ကာကွယ်ဆေး တွေကို အုပ်စုခွဲပြီး စထိုးနေပြီဆိုတော့ မကြာခင် ကိုယ့်အလှည့်ရောက်လာတော့မှာပါ။ ကိုယ့်အလှည့်မဟုတ်တောင် အိမ်က လူကြီးတွေကတော့ ဦးစားပေး လူအုပ်စုမှာ ပါနိုင်တဲ့အတွက် သူတို့အရင်ထိုးရမှာပါ။ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေကလည်း ကြားထားတော့ ကာကွယ်ဆေးထိုးဖို့ ကြောက်နေတာတွေ၊ ထိုးချင်ပေမယ့် စိုးရိမ်နေတာတွေ ရှိမှာပါ။

ကာကွယ်ဆေးထိုးတဲ့အခါ အန္တရာယ်ကင်းအောင်၊ အဆင်ပြေအောင် မထိုးခင်နဲ့ ထိုးပြီးမှာ ဘာတွေ လိုက်နာကြရမလဲဆိုတာ ပြောပြပေးပါ့မယ်။

ကိုဗစ်ကာကွယ်ဆေး မထိုးခင်မှာ

  • ကိုယ်က ကာကွယ်ဆေး ထိုးဖို့ အဆင်ပြေတဲ့သူလားဆိုတာ ကိုယ်ပြနေကျဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

ဆရာဝန်ကို ပြောပြသင့်တာက

– ကိုယ်က လက်ရှိမှာ ကိုဗစ်ရောဂါအတည်ပြုခြင်း ခံထားရသူလား၊ သံသယလူနာလားနဲ့ ရောဂါဖြစ်ပြီး ၁၄ရက် မကျော်သေးဘူးလား။

-လက်ရှိမှာ ကိုဗစ်လက္ခဏာခံစားနေရတာလား (ဖျားခြင်း၊ ရုတ်တရက် အနံ့ပျောက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း)

-နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်လား။

(အမေရိကန် CDCရဲ့ အဆိုအရတော့ Pfizerကာကွယ်ဆေးရော၊ အောက်ဖို့ဒ်ကာကွယ်ဆေးနဲ့ တူတဲ့ Covishieldရော ထိုးပေးနိုင်တယ်ဆိုပေမယ့် Serum instituteရဲ့ ညွှန်ကြားချက်မှာ မပါရှိသေးတဲ့အတွက် ထိုးပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကလေးမွေးပြီးတဲ့အခါ၊ ကလေးနို့ပြတ်သွားတဲ့အခါ ပြန်ထိုးနိုင်ပါတယ်။)

-HIVရောဂါရှိတဲ့သူ၊ ကင်ဆာရောဂါရှိတဲ့သူ၊ ခုခံအားထိန်းဆေးတွေ သောက်နေရတဲ့သူလား။

-တခြားရောဂါအခံတစ်ခုခုရှိနေသလား။

-သွေးမတိတ်ရောဂါ၊ သွေးကျဲဆေးတွေ သောက်နေရသူလား။

-တစ်ခုခုနဲ့ ဓာတ်မတည့်ရောဂါရှိနေသူလား။

-(ဒုတိယတစ်ခေါက် ထိုးမယ့်သူဆိုရင် ပထမအခေါက်က ဆေးထိုးပြီး ခံစားရတဲ့ ပြဿနာတွေကို ပြောပြထားသင့်ပါတယ်။)

ဒီအချက်တွေ ရှိတိုင်း ကာကွယ်ဆေး ထိုးလို့ မရတာတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရောဂါအခြေအနေကို ကြည့်ပြီး လတ်တလောမှာ ဆေးထိုးဖို့ အဆင်မပြေသေးဘူးဆို ခဏဆိုင်းထားနိုင်ပါတယ်။

  • ကာကွယ်ဆေး မထိုးခင်မှာ ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကို ဘယ်လိုဂရုစိုက်ရမလဲ။

မထိုးခင်မှာ ကိုယ်ခံအားကောင်းအောင် အာဟာရရှိတာတွေ စားပါ။ မထိုးခင်ညမှာ အိပ်ရေးဝဝအိပ်ပါ။ ကိုယ်ခံအားကောင်းနေမှ ကာကွယ်ဆေး တုံ့ပြန်နိုင်စွမ်းကောင်းမှာပါ။

ဒါ့ပြင် အရက်ကြိုရှောင်ထားဖို့လည်း တာဝန်ရှိသူတွေက ပြောထားပါတယ်။ ဆေးထိုးမယ့် သူတွေ အနေနဲ့ ပထမအကြိမ် ကာကွယ်ဆေး မထိုးမီ ၂ပတ်၊ ဒုတိယအကြိမ် ကာကွယ်ဆေးမထိုးမီ ၃ပတ်၊ ထိုးပြီး ၁ပတ် စုစုပေါင်း ၆ပတ် အရက်ရှောင်ဖို့ တိုက်တွန်းထားပါတယ်။ အဓိက အရက်အလွန်အကျွံသောက်ထားလို့ ကိုယ်ခံအားကျနေမှာ စိုးရိမ်လို့ပါ။

ကာကွယ်ဆေးထိုးမယ့်ရက်မှာ

-ကာကွယ်ဆေးထိုးတဲ့ စုရပ်မှာ သွားထိုးရဖို့ များပါတယ်။

-အထူးညွှန်ကြားချက်မရှိဘူးဆိုရင် ထိုးမယ့်မနက်မှာ သောက်နေကျဆေးတွေ သောက်သွားပါ။

-ဆေးက လက်မောင်းမှာ ထိုးမှာ ဖြစ်တဲ့အတွက် လက်မောင်းလှန်လို့ လွယ်တဲ့ အင်္ကျီဝတ်သွားပါ။ မတော်တဆ ဆေးဓာတ်မတည့်လို့ ဖြေဆေးထိုးတဲ့သည်ရှိသော် ပေါင်မှာ ထိုးမှာ ဖြစ်တဲ့အတွက် ထူထဲလွန်းတဲ့ အဝတ်အစားတွေ၊ ချွတ်ရခက်တဲ့ အဝတ်အစားတွေ ဝတ်မသွားပါနဲ့။

-ကာကွယ်ဆေးထိုးတဲ့ နေရာကို သွားတဲ့အခါ နှာခေါင်းစည်း တပ်သွားပါ။ လက်သန့်ဆေးရည် ဆောင်သွားပါ။

-ထိုးတဲ့ စုရပ်မှာ လူစုလူဝေးမဖြစ်အောင်  တစ်နေ့ကို အယောက် ၁၀၀ လောက်ပဲ ထိုးပေးမယ်လို့ ပြောပါတယ်။ အပြောင်းအလဲရှိနိုင်ပါတယ်။

-ဆေးမထိုးခင်မှာ ဖောင်ဖြည့်ရပါမယ်။ ဖောင်မှာလည်း အပေါ်ကလို ဆေးထိုးဖို့ သင့်မသင့် မေးခွန်းတွေ ဖြေရပါမယ်။ ပြီးရင် အဖျားတိုင်းတာ၊ သွေးပေါင်ချိန်တာ လုပ်ပါမယ်။ ဒီနှစ်ခုပေါ် မူတည်ပြီး ဆေးလုံးဝမထိုးသင့်တဲ့ သူလား၊ ဆိုင်းငံ့ပြီး နောက်မှ ထိုးရမယ့်သူလား၊ ဂရုစိုက်ပြီး ထိုးပေးရမယ့်သူလား ဆုံးဖြတ်ပါမယ်။

-ဆေးမထိုးခင်မှာ ဆရာဝန်ကို သိချင်တာရှိရင် ကြိုမေးထားပါ။

ကိုဗစ်ကာကွယ်ဆေး ထိုးအပြီးမှာ

-ဆေးထိုးပြီးပြီးချင်း တန်းမပြန်ပါနဲ့။ အနည်းဆုံး ၁၅မိနစ်၊ နာရီဝက်နောက် ဓာတ်မတည့်တာကို စောင့်ကြည့်ပါ။ ဆေးဓာတ်မတည့်တာက ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။

ဆေးထိုးအပြီးမှာ မောတာ၊ ယားတာ၊ မူးတာ ဖြစ်လာရင် အနီးနားက ဆရာဝန်၊ သူနာပြုကို ချက်ချင်းအကြောင်းကြားပါ။

-တခြားသော ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ ထိုးတဲ့နေရာမှာ နာတာ၊ အောင့်တာ၊ ဖျားတာတွေ ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာဝန်ကို ကြိုမေးထားပါ။

-ကာကွယ်ဆေးထိုးကတ်ကို ပြန်ယူလာပါ။ ဘယ်နေ့မှာ နောက်တစ်ကြိမ်ထပ်ထိုးရမလဲဆိုတာကို မေးမြန်းပါ။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီး အိမ်ပြန်ရောက်ရင်

-အိမ်ပြန်ရောက်ရင် ပုံမှန်အတိုင်းပဲ နေနိုင်ပါတယ်။ အိမ်ပြန်ရောက်ပြီးမှ  မောတာ၊ ယားတာ၊ မူးတာဖြစ်လာရင်လည်း နီးစပ်ရာဆေးခန်းကို အမြန်သွားပါ။

-ဆေးထိုးတဲ့ နေရာက နာရင် ရေခဲဝတ်ကပ်ပေးပါ။ အောင့်နေရင် လက်ကို အနားပေးထားပါ။ သိပ်မသုံးပါနဲ့။ တစ်ရက် နှစ်ရက်နေရင် သက်သာသွားပါလိမ့်မယ်။ ဆေးထိုးပြီး ဖျားရင် ပါရာစီတမော သောက်နိုင်ပါတယ်။

-အရေးကြီးတဲ့အချက်က ကာကွယ်ဆေး ထိုးပြီးပြီးချင်း ခုခံအားအပြည့်မရသေးတဲ့အတွက် အရင်လို အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေဖို့ လိုပါတယ်။ ကာကွယ်ဆေး ၂ခေါက်လုံး ပြည့်ပြီး ၁၄ရက်နေမှ ခုခံအားရမှာ ဖြစ်ပါတယ်။ အကြိမ်ပြည့်ထိုးပြီးသည့်တိုင် ကပ်ရောဂါကို မြန်မြန်ထိန်းချုပ်နိုင်ဖို့ နှာခေါင်းစည်းတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေတဲ့ စည်းကမ်းချက်တွေကိုလည်း ဆက်လိုက်နာသွားရဦးမှာပါ။

ရေးသားသူ Dr. Htet Htet Zaw Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013