
မြန်မာနိုင်ငံပိုင်နက် ရခိုင်ပြည်နယ် အာရက္ခရေပိုင်နက်အတွင်းမှာ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၁၇ ရက်က နတ်မြစ်ဝနဲ့ မီတာ ၈၅၀ ခန့်အကွာမှာ ခိုးဝင် ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက် စီးလာတဲ့ ငါးဖမ်းဘုတ်တစီးကို အာရက္ခတပ်တော် (AA) ကမ်းခြေစောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ မောင်တောဒေသခံတယောက်က ပြောပါတယ်။
“သူတို့က အမြဲတမ်း စည်းကျော်ပြီး ခိုးဖမ်းတယ်။ အာရက္ခ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်ရင် ထွက်ပြေးတယ်။ အဲဒီ ပြေးသွားတဲ့အထဲက ကျူးကျော်ငါးဖမ်းစက်လှေနဲ့ လူတွေကို ဖမ်းမိခဲ့တယ်။ ဘယ်လောက်ဖမ်းဖမ်း သူတို့က ဂရုမစိုက်ကြဘူး။ နေ့စဉ်လိုလို ငါးလာခိုးဖမ်းနေတာ။”
ရခိုင်ရေပိုင်နက်အတွင်းမှာ ရည်ရွယ်ချက်ရှိရှိ တရားမဝင် ငါးခိုးဖမ်းသူတွေကို အာရက္ခ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က အချိန်ပြည့် စောင့်ကြည့် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိသူတွေကိုလည်း ဥပဒေနဲ့အညီ တရားစီရင်ပြီး ထိရောက်ပြတ်သားစွာ အပြစ်ပေး အရေးယူနေတယ်လို့ AA နဲ့ နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။
“ဖမ်းမိရင်တော့ တပ်တော်ဘက်ကလည်း တရားဥပဒေနဲ့အညီ အရေးယူထားတယ်။ ပြီးတော့ သူတို့နိုင်ငံက တာဝန်ရှိတဲ့ လူတွေဆီကို နှစ်ဖက် လွှဲပြောင်းပေးတာတွေ ရှိတယ်။”
အရင်ကလည်း အာရက္ခရေပိုင်နက်ကို ကျူးကျော်ပြီး ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို AA ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး အရေးယူတာတွေ မကြာခဏ ပြုလုပ်ခဲ့ပေမဲ့ ငါးခိုးဖမ်းတဲ့သူတွေ လျော့မသွားဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းလို့ ဥပဒေနဲ့အညီ အရေးယူ ပြစ်ဒဏ်ချမှတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတွေထဲက ၇၃ ယောက်ကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ အာရက္ခတပ်တော် (AA) က ပြန်လည် လွှဲပြောင်းပေးအပ်လိုက်ပါတယ်။










